ကိုရိုနာဗိုင်းရပ်စ်- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ခံတစ်ဦး မကျန်းမာလာလို့ စမ်းသပ်မှု ခဏရပ်

သုတေသနလုပ်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ယူကေက ကိုဗစ် ကာကွယ်ဆေး စမ်းသပ်ခံတစ်ဦးမှာ ပြင်းထန်တဲ့ တန်ပြန်သက်ရောက်မှုလို့ ယူဆရတဲ့ တုံ့ပြန်မှု တွေ့ရတဲ့အတွက် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စ်ထရာ ဇန်နကာ ကုမ္ပဏီတို့ ပူးပေါင်း စမ်းသပ်နေတဲ့ အဲဒီ ကာကွယ်ဆေးရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။

စမ်းသပ်ခံရသူမှာ အကြောင်းထင်ထင်ရှားရှားမရှိဘဲ မသက်မသာ ဖြစ်လာတဲ့ အခြေအနေကြောင့် ပုံမှန် လုပ်ငန်းစဥ် တစ်ခုအတိုင်း ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ AstraZeneca အက်စ်ထရာ ဇန်နကာ ကုမ္ပဏီက ပြောပါတယ်။

ကာကွယ်ဆေး စမ်းသပ်မှုတွေရဲ့ ရလဒ်ကို တစ်ကမ္ဘာလုံးက သေချာစောင့်ကြည့်နေကြပါတယ်။

တစ်ကမ္ဘာလုံးမှာ ထုတ်လုပ်နေကြတဲ့ ကာကွယ်ဆေး အရေအတွက် ဆယ်ဂဏန်းကျော်ထဲမှာ ဒီကာကွယ်ဆေးဟာ တော်တော် အလားအလာကောင်းတဲ့ ဆေးအဖြစ် မြင်ထားကြပါတယ်။

စမ်းသပ်မှု ပထမအဆင့်နဲ့ ဒုတိယအဆင့် အောင်မြင်မှုတွေအရ ဒီကာကွယ်ဆေးဟာ စျေးကွက်ထဲကို ပထမဆုံးရောက်လာမယ့် ဆေးတွေထဲက တစ်ခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက် ကြီးကြီးထားခဲ့ကြပါတယ်။

ဒီဆေးကို တတိယအဆင့် စမ်းသပ်မှု အဖြစ် အခု သီတင်းပတ်တွေ အတွင်း စခဲ့ပြီး ပါဝင်စမ်းသပ်ခံသူ လူ သုံးသောင်းကျော် ပါဝင်ပါတယ်။ အဲဒီ စမ်းသပ်ခံသူတွေထဲမှာ အမေရိကန်၊ ယူကေ၊ ဘရာဇီးနဲ့ တောင်အာဖရိကက လူတွေ ပါဝင်ပါတယ်။တတိယအဆင့် စမ်းသပ်မှုတွေဟာ အများအားဖြင့် လူထောင်ပေါင်းများစွာပါပြီး နှစ်တွေတော်တော်ကြာ လုပ်ရလေ့ ရှိပါတယ်။

ယူကေက ပါဝင်စမ်းသပ်ခံသူ တစ်ဦးမှာ အာရုံကြောမကြီး ရောင်ရမ်းမှုကို တွေ့ရပြီး အဲဒါက ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဖြစ်နိုင်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

ဒါပေမဲ့ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးပါဘဲ ဒီတုံ့ပြန်မှု ဖြစ်လာတာဟာ ကာကွယ်ဆေးနဲ့ ဆက်စပ်မှု ရှိမရှိ သီးသန့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

စမ်းသပ်မှု ပြန်စချိန် မသိနိုင်သေး

သုံသပ်ချက် - ဖားဂပ်စ် ဝေါ့ရှ်၊ ဘီဘီစီ ဆေးပညာ ကဏ္ဍ အယ်ဒီတာ

ရုတ်တရက် ကြည့်မယ်ဆိုရင် အခုလို ကာကွယ်ဆေး စမ်းသပ်မှု ရပ်ထားလိုက်တာ စိုးရိမ်စရာလို့ မြင်ကောင်း မြင်နိုင်ပါတယ်။ သာမန်ကာကွယ်ဆေးတစ်ခု မဟုတ်ဘဲ တစ်ကမ္ဘာလုံးက အများအပြား စောင့်ကြည့်နေတဲ့ ကာကွယ်ဆေး စမ်းသပ်မှုကို အစမ်းသပ်ခံသူမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခုကြောင့် ရပ်ထားလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို ရပ်ထားလိုက်ရတာတွေ မဖြစ်ခဲ့ဖူးတာတော့ မဟုတ်ပါဘူး။

တကယ်တော့ အခုလို ရပ်ထားလိုက်တာက ပုံမှန် လုပ်ထုံးလုပ်နည်းအရ ရပ်ထားလိုက်တာလို့ အောက်စဖို့ဒ် အဖွဲ့က ပြောပါတယ်။

စေတနာ့ဝန်ထမ်းပါဝင်အစမ်းသပ်ခံသူတစ်ယောက် ဆေးရုံတင်ကုသရပြီး သူမကျန်းမမာ ဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း ချက်ချင်းဖော်ထုတ်နိုင်မယ့်ပုံမရသေးရင် လေ့လာစမ်းသပ်မှုကို ရပ်ထားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အများပြည်သူတွေရဲ့ ယုံကြည်စိတ်ချရမှု ရလိုတယ်လို့ ဆေးထုတ်လုပ်သူတွေပြော

တကယ်ဆိုရင် အခုရပ်ထားရတာက အောက်စဖို့ဒ်-အက်စ်ထရာဇန်နကာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ဧပြီလ ပထမဆုံး စစမ်းသပ်ချိန်ကဆိုရင် ဒုတိယအကြိမ် ဖြစ်ပါတယ်။

"ပမာဏကြီးကြီးမားမား စမ်းသပ်မှုတွေမှာ မကျန်းမမာ ဖြစ်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒါကို သီးခြား သေချာ ပြန်သုံးသပ်ရမယ်" လို့ အောက်စဖို့ဒ် တက္ကသိုလ်က ပြောခွင့်ရသူ တစ်ဦးက ပြောပါတယ်။

ဒီကာကွယ်ဆေး စမ်းသပ်မှု ပြန်စမယ့်ရက်ကို ယူကေ ဆေးနဲ့ကျန်းမာရေး ကြီးကြပ်ရေးဌာနက ဆုံးဖြတ်မှာ ဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့ ရက်ပိုင်းပဲ ကြာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မတိုင်သေးခင် နိုင်ငံတကာမှာ စမ်းသပ်နေတဲ့ နေရာတွေဖြစ်တဲ့ ယူကေ၊ ဘရာဇီး၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှာ ရပ်ထားရမှာပါ။

ပါဝင်စမ်းသပ်ခံသူတွေရဲ့ လုံခြုံစိတ်ချရရေးကို အလေးထားတယ်ဆိုတာနဲ့ သူတို့ လေ့လာ စမ်းသပ်မှုတွေဟာ စံနှုန်းအမြင့်ဆုံးထားတယ်ဆိုတာကို အခုလို ရပ်ဆိုင်းထားတာက ပြနေတယ်လို့ အောက်စဖို့ဒ် သုတေသနအဖွဲ့က ပြောပါတယ်။

ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ ရံဖန်ရံခါ ရပ်ထားရတာတွေ ရှိတတ်တယ်လို့ လန်ဒန်အခြေစိုက် Wellcome Trust သုတေသနအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး ပညာရှင် ဆာ ဂျရမီ ဖာရာက ပြောပါတယ်။

ကာကွယ်ဆေးစမ်းသပ်ခံသူတွေမှာ တွေ့ရတဲ့ ဆေးအပေါ်ဘယ်လို ပြင်းထန်တဲ့ တုံ့ပြန်မှုကိုမဆို အလေးထား ဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။

"အချက်အလက်တွေအားလုံးကို ပွင့်လင်းမြင်သာ ဝေမျှဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီကာကွယ်ဆေးတွေက လုံးဝ စိတ်ချရပြီး အကာအကွယ်ပေးတယ်ဆိုတာကို အများပြည်သူက လုံးဝ စိတ်ချယုံကြည်နေဖို့နဲ့ နောက်ဆုံးမှာတော့ ကပ်ရောဂါကို အဆုံးသတ်နိုင်ဖို့ပါ" လို့ သူက ပြောပါတယ်။

ကာကွယ်ဆေးရှာတာ ဘယ်အဆင့်ရောက်နေပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရွေးကောက်ပွဲအမီ ကာကွယ်ဆေး ရနိုင်တယ်လို့ အမေရိကန် သမ္မတ ထရမ့် ပြော

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

နိုဝင်ဘာ ၃ ရက် အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် ကာကွယ်ဆေး ရချင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို သူရဲ့ ပြောကြားချက်တွေကြောင့် နိုင်ငံရေးကို ကာကွယ်ဆေးရဲ့ စိတ်ချရမှုထက် ဦးစားပေးမှာကို စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပါတယ်။

ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ အဖွဲ့အစည်း ကိုးဖွဲ့က ကာကွယ်ဆေး ရှာဖွေရာမှာ သိပ္ပံနဲ့ လူသားကျင့်ဝတ် စံမှုန်းတွေကို ထိန်းသိမ်းမယ့် အကြောင်း အများပြည်သူကို အာမခံတဲ့ အနေနဲ့ "သမိုင်းတင် ကတိကဝတ်" ကို အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အက်စ်ထရာဇန်နကာဟာ အဲဒီကတိကဝတ်မှာ ပါဝင်လက်မှတ်ထိုးတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ကာကွယ်ဆေးကို လေ့လာစမ်းသပ်မှု အဆင့်သုံးဆင့်လုံးလုပ်ပြီး စည်းကမ်းနည်းလမ်းတကျ အတည်ပြုချက် ရပြီးမှ အသုံးပြုဖို့ လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။

အဲဒီမှာ ဆေးဝါးထုတ်လုပ်ရေး အင်အားကြီး လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Johnson & Johnson၊ BioNTech၊ GlaxoSmithKline၊ Pfizer၊ Merck၊ Moderna၊ Sanofi နဲ့ Novavax တို့လည်း ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

"ကာကွယ်ဆေးထိုးမယ့် သူတစ်ယောက်ချင်းစီအတွက် လုံခြုံစိတ်ချရမှုနဲ့ အဲဒီလူတွေရဲ့ အကျိုးက ထိပ်တန်း ဦးစားပေး ဖြစ်အောင် အမြဲလုပ်မယ်" လို့ အဲဒီလုပ်ငန်းကြီးတွေက ကတိပြုကြပါတယ်။

ကာကွယ်ဆေး စမ်းသပ်ခံသူ ၁၈၀ လောက် ကမ္ဘာတစ်ဝန်းမှာ ရှိနေပြီး အခုထိတော့ တစ်ယောက်မှ လေ့လာစမ်းသပ်ခံမှု မပြီးဆုံးသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ကာကွယ်ဆေး စိတ်ချရမှုအတွက် စမ်းသပ်ဖို့က အချိန်ယူရတာ ဖြစ်တဲ့အတွက် ဆေးအာနိသင်ရဖို့နဲ့ စိတ်ချရမှု လမ်းညွှန်တွေ ဒီနှစ်ထဲမှာ အတည်ပြုပေးနိုင်ဖို့ မမျှော်လင့်ထားဘူးလို့ WHO က ပြောပါတယ်။

နိုင်ငံတကာဆေးဝါးထုတ်လုပ်သူများအဖွဲ့ချုပ်ရဲ့ ညွှန်ကြားရေးမှူးချုပ် သောမတ်စ်ကီကလည်း အဲဒီလို သဘောထား ရှိပါတယ်။ အဲဒီအဖွဲ့ချုပ်က ကာကွယ်ဆေး ကတိပြုခဲ့တဲ့ လုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ အဖွဲ့ပါ။

ဒီလို အခြေအနေတွေကြားမှာပဲ တရုတ်နဲ့ ရုရှားတို့ကတော့ ပြည်တွင်းထုတ် ကာကွယ်ဆေးတွေကို အဓိက လုပ်ငန်းခွင်တွေက ဝန်ထမ်းတွေကို စထိုးပေးနေပါပြီ။ အဲဒီဆေးတွေအကုန်လုံးဟာ လူသားနဲ့ စမ်းသပ်နေဆဲအဆင့်လို့ WHO မှာ စာရင်းသွင်းခံထားရတဲ့ ဆေးတွေ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တတိယအဆင့် စမ်းသပ်မှုတွေ မပြီးသေးခင် အတည်ပြုပေးကောင်း အတည်ပြုနိုင်တဲ့သဘောပြောထားပါတယ်။

နိုဝင်ဘာ ၁ ရက် မှာ ကာကွယ်ဆေး ဖြန့်ချိနိုင်ဖို့အတွက် ပြည်နယ်တွေအနေနဲ့လိုအပ်ချက်တချို့ကို လျှော့ပေးရေး စဥ်းစားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် ရောဂါ ထိန်းချုပ် ဟန့်တားရေး ဌာနက တိုက်တွန်းထားတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။

သမ္မတ ရွေးကောက်ပွဲက နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်ခင် ကာကွယ်ဆေး ရနိုင်တယ်လို့ သမ္မတ ထရမ့်က အရိပ်အမြွက် ပြောထားပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေရဲ့ အကြံပြုချက်တွေကို နားထောင်ဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဥ်တွေအတိုင်း မစ္စတာ ထရမ့် လုပ်မလား ဆိုတာကို သူ့ရဲ့ ပြိုင်ဘက် ဒီမိုကရက် ဂျိုးဘိုင်ဒန်က သံသယရှိပုံ ပြထားပါတယ်။