တရုတ်ရဲ့ ပထမဆုံး ပြန်အသုံးပြုနိုင်တဲ့ အာကာသယာဥ် လျှို့ဝှက်စမ်းသပ် ပျံသန်း

Long March 2F ဒုံးပျံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Long March 2F ဒုံးပျံ

တရုတ်က သူတို့ လျှို့ဝှက် စမ်းသပ်တဲ့ အာကာသယာဥ် ပျံသန်းမှု အောင်မြင်တယ်လို့ ပြောလိုက်တဲ့အတွက် အဲဒါက ဘာယာဥ်လဲဆိုတာနဲ့ အာကာသထဲ ဘာတွေ လုပ်ခဲ့သလဲဆိုတာ ပညာရှင်တွေ စဥ်းစားသုံးသပ်နေကြပါတယ်။

အဲဒီ အာကာသယာဥ်ကို Long March 2F ဒုံးပျံမှာ တပ်ဆင် လွှတ်တင်တာ ဖြစ်ပြီး တရုတ်မြောက်ပိုင်း ကျို့ချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ စက်တင်ဘာ ၄ ရက် မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပတ်လမ်းထဲမှာ နှစ်ရက် နေခဲ့ပြီးနောက် ကမ္ဘာကို ချောချောမောမော ပြန်ရောက်လာပါတယ်။

"ဒီအောင်မြင်တဲ့ ပျံသန်းမှုက နိုင်ငံရဲ့ အရေးကြီးတဲ့၊ ပြန်အသုံးပြုနိုင်တဲ့ အာကာသယာဥ် လေ့လာမှုအတွက် အောင်မြင်မှု မှတ်တမ်းတင်လိုက်တာပါ။ အဲဒါကနေ အာကာသ စူးစမ်းရှာဖွေရေးအတွက် အဆင်ပြေပြေ၊ စရိတ်သက်သက်သာသာနဲ့ အသွားအပြန် ခရီးတွေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်" လို့ တရုတ် အစိုးရပိုင် ရှင်ဟွာသတင်း အေဂျင်စီက စက်တင်ဘာ ၆ ရက် သတင်းတစ်ခုမှာ ပြောထားပါတယ်။

ဒါပေမဲ့ လတ်တလော တရုတ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် သိထားကြတဲ့ အာကာသ အစီအစဥ်တွေ နဲ့မတူတာက ဒီယာဥ်အကြောင်း အသေးစိတ် ဘာမှ ထွက်ပေါ်မလာတာနဲ့ ဒီယာဥ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ မြင်ကွင်းတွေ မထုတ်ပြန်တာ ဖြစ်ပါတယ်။

လျှို့ဝှက်ယာဥ်ပျံ

တရုတ် အာဏာပိုင်တွေက ဒီစူးစမ်းလေ့လာမှု ရက်တို ခရီးစဥ်အကြောင်းနဲ့ ဘယ်နည်းပညာတွေကို စမ်းသပ်ခဲ့တယ်ဆိုတာ နှုတ်လုံလုံ ထားနေကြပါတယ်။

ဒါ့အပြင် စတင်လွှတ်တင်ချိန်နဲ့ ပြန်ဆင်းလာချိန် အတိအကျတွေကိုလည်း ထုတ်မပြောပါဘူး။ နိုင်ငံ အနောက်မြောက်ပိုင်းက ထက်လာမာကန် သဲကန္တာရ ထဲမှာ ပြန်ဆင်းသက်ခဲ့တယ်လို့ ယူဆနိုင်ပေမဲ့ ဘယ်နေရာမှာ အတိအကျ ဆင်းသက်ခဲ့တယ် ဆိုတာကိုလည်း ထုတ်မပြောပါဘူး။

"ဒီလွှတ်တင်မှုမှာ ပထမဆုံးစမ်းသပ်မှုတွေ အများကြီး ပါပါတယ်။ အာကာသယာဥ်က အသစ် ဖြစ်တယ်။ လွှတ်တင်တဲ့ နည်းကလည်း အရင်နဲ့ မတူဘူး။ ဒါကြောင့် အထူး လုံခြုံဖို့ လိုတယ်" လို့ South China Morning Post (SCMP) သတင်းစာကို တရုတ်စစ်ဘက် သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

အွန်လိုင်းမှာ ပျံ့နေတဲ့ တာဝန်ရှိသူတစ်ယောက်ရဲ့ မှတ်တမ်းမှာ ဂြိုဟ်တုလွှတ်တင်စခန်းကို လာတဲ့ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ အဲဒီလွှတ်တင်မှုကို ရိုက်ကူးတာတွေ၊ အွန်လိုင်းမှာ ဆွေးနွေးတာတွေ မလုပ်ကြဖို့ သတိပေးထားတယ်လို့ SCMP သတင်းအရ သိရပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တရားဝင် ကြိုကြေညာထားတာ မရှိဘဲ လွှတ်တင်လိုက်တဲ့ ဒီအာကာသယာဥ် လွှတ်တင်မှုက အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်က ဒီနည်းပညာကို ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲမှာ စမ်းသပ်လုပ်ကိုင်နေခဲ့တာပါ။ ပြီးခဲ့တဲ့ သုံးနှစ်တုန်းကလည်း ၂၀၂၀ ပြည့်နှစ်မှာ အာကာသယာဥ် တစ်စင်း လွှတ်တင်မယ်လို့ ပြောထားပါတယ်။ အဲဒီယာဥ်က အာကာသထဲမှာ လေယာဥ်ပျံလို ပျံသန်းပြီး ပြန်အသုံးပြုနိုင်တဲ့ ယာဥ်ဖြစ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ပြန်အသုံးပြုနိုင်တဲ့ အာကာသယာဥ်ဆိုတဲ့ နာမည်အတိုင်း ဒီယာဥ်က အာကာသထဲကို အကြိမ်ကြိမ် သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တင်ရတဲ့ အထွေထွေစရိတ် ပိုသက်သာလာဖို့ ရှိပါတယ်။

အရင်က တစ်ကြိမ်ပဲ သုံးနိုင်တဲ့ အာကာသယာဥ်တစ်စင်းဟာ ဒေါ်လာသန်းဆယ်ဂဏန်းချီ ကုန်ကျပြီး တစ်ကြိမ် ပျံသန်းပြီးတာနဲ့ ပြန်သုံးမရသလောက် ဖြစ်သွားပါတယ်။

အခု စမ်းသပ်ခဲ့တဲ့ ယာဥ်ဟာ အမြင့် ၃၅၀ ကီလိုမီတာ ( မိုင် ၂၀၀ ကျော်) ဝန်းကျင် ကို ရောက်ခဲ့ပြီး အဲဒါဟာ တရုတ်ရဲ့ အရင် လူလိုက်ပါတဲ့ ပျံသန်းမှုတွေလို ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီယာဥ်ဟာ မြေပြင်ကို ပြန်မလာခင် ကမ္ဘာပတ်လမ်းထဲကို အမျိုးအမည်မသိ ပစ္စည်းတစ်ခု ချထားခဲ့ပါသေးတယ်။

ဒီအစီအစဥ်က ယာဥ်ရဲ့ စက်စွမ်းအား၊ အပူချိန်၊ တည်ငြိမ်မှု စတဲ့ စနစ်တွေကို စမ်းသပ်ဖို့နဲ့ ကမ္ဘာမြေထဲ ပြန်ဝင်လာတာနဲ့ ချောချောမွေ့မွေ့ ဆင်းသက်နိုင်တာတွေကို စမ်းသပ်ဖို့ ဖြစ်နိုင်တယ်လို့ ဟားဗတ် စမစ်ဆိုးနီးယန်း စင်တာက ရူပနက္ခတဗေဒ ဆိုင်ရာ ပညာရှင် ဂျော်နသန် မက်ဒေါင်ဝယ်က ပြောပါတယ်။

ဒီစမ်းသပ်မှု ပြီးပြီဆိုရင် ဒီယာဥ်မျိုးဟာ ဂြိုဟ်တုတွေကို လွှတ်တင်တာနဲ့ ပြုပြင်တာတွေအတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာမြေကို စူးစမ်းလေ့လာတာ၊ အနာဂတ် တရုတ် အာကာသစခန်းအတွက် ကမ္ဘာပတ်လမ်းထဲကို အာကာသယာဥ်မှူးတွေနဲ့ ကုန်ပစ္စည်းတွေ အသွားအပြန် သယ်ပို့ပေးတာတွေ အတွက် သုံးနိုင်မှာပါ။

အမေရိကန်ရဲ့ X-37 အာကာသယာဥ်ပျံနဲ့ နှိုင်းယှဥ်ချက်

အခု တရုတ်လွှတ်တင်တဲ့ ယာဥ်ရဲ့ အရွယ်အစားနဲ့ ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါပေမဲ့ အမေရိကန် လေတပ်က ထိန်းချုပ်မောင်းနှင်တဲ့ ကမ္ဘာပတ်လမ်းသွား X-37B ယာဥ်လို လူမလိုက်ပါတဲ့ ယာဥ်မျိုးဖြစ်မယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းနေကြပါတယ်။

အခု အစီအစဥ်ဟာ လေ့လာ စမ်းသပ်ဆဲ ရှင်းလုံ ခေါ် နတ်နဂါး အာကာသယာဥ် စီမံကိန်းနဲ့ ပတ်သက်နေနိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ပြန်အသုံးပြုနိုင်တဲ့ ဒုတိယမြောက် အာကာသယာဥ် ဖြစ်တဲ့ ထန်းယွင် ခေါ် တိမ်ပျံ ကိုလည်း စမ်းသပ်နေပါတယ်။

တကယ်လို့ အခု လွှတ်တင်တာဟာ လေယာဥ်လို ပျံသန်းနိုင်တဲ့ အာကာသယာဥ် အဖြစ် အတည်ပြုနိုင်မယ်ဆိုရင် တရုတ်ဟာ အမေရိကန်နဲ့ အရင် ဆိုဗီယက် ပြည်ထောင်စုပြီးရင် ကမ္ဘာပတ်လမ်းထဲကို အဲဒီလို ယာဥ်မျိုး အောင်အောင်မြင်မြင် လွှတ်တင်နိုင်တဲ့ တတိယမြောက် နိုင်ငံ ဖြစ်လာမှာပါ။

ဓာတ်ပုံ ရင်းမြစ်, USAF

ဓာတ်ပုံ ပုံစာ,

X-37B

ဥရောပအာကာသအေဂျင်စီကလည်း သူတို့ရဲ့ ကိုယ်ပိုင် စပေ့စ်ရိုက်ဒါ လို့ခေါ်တဲ့ ပြန်အသုံးပြုနိုင်တဲ့ ကမ္ဘာပတ်လမ်းသွား ယာဥ်ကို လေ့လာစမ်းသပ်နေပါတယ်။

အိန္ဒိယကတော့ အာကာသလွန်းပျံယာဥ်လို ယာဥ်ကို လေ့လာတည်ဆောက်နေတယ်လို့ ဆိုပါတယ်။

အာကာသလွန်းပျံယာဥ် အငယ်စားနဲ့တူတဲ့ X-37B ဟာ စတင် လွှတ်တင်ခဲ့တဲ့ ၂၀၀၆ နောက်ပိုင်း ခြောက်ကြိမ်မြောက်ခရီးအဖြစ် အခုမေလတုန်းက ပျံသန်းခဲ့ပါတယ်။

X-37B ရဲ့ ခရီးစဥ်တွေအကြောင်းကိုလည်း သိပ်မသိရပါဘူး။ ဒီယာဥ်ဟာ လျှို့ဝှက်ထောက်လှမ်းတာတွေနဲ့ အာကာသလက်နက်တွေ စမ်းသပ်တာမျိုးတွေအတွက် သုံးဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ပေါ်ထွက်နေပါတယ်။

အလားတူပဲ အများပြည်သူ မသိရတဲ့အတွက် တရုတ်ရဲ့ အာကာသယာဥ်ကလည်း အဲဒီလို စစ်ရေးကိစ္စတွေမှာ သုံးဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းတာတွေ ထွက်လာပါတယ်။

"လျှို့ဝှက်ထားတယ်ဆိုတာ သေချာတာကတော့ အဲဒါက စစ်ရေး စီမံကိန်းဖြစ်လို့ပဲ"လို့ အဲဒီ စီမံကိန်းကို သေချာ စောင့်ကြည့်နေတဲ့ မက်ဒေါင်ဝယ်က ပြောပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ အရပ်ဘက် အာကာသ အစီအစဥ်တွေနဲ့ စစ်ဘက် အာကာသ အစီအစဥ်တွေ ကွဲကွဲပြားပြား မရှိလှတာကလည်း တရုတ်အစိုးရရဲ့ အာကာသ ရည်မှန်းချက်တွေကို သံသယတွေ တိုးလာစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

စစ်ဘက် အာကာသ စီမံကိန်းနဲ့ ဆက်စပ်နိုင်ခြေရှိ

"ကြည့်ရတာ အခုစမ်းသပ်မှုက စစ်ရေး စမ်းသပ်မှု တစ်ခုခု ဖြစ်နိုင်ပါတယ်။ ဂြိုဟ်တု ပစ္စည်း အသစ်တစ်ခုခု ဖြစ်ဖြစ် လျှို့ဝှက်ထောက်လှမ်းရေး နည်းပညာတွေ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်" လို့ လက်စတာ တက္ကသိုလ်က အာကာသမူဝါဒရေးရာ ပညာရှင် ဘလက်ဒန် ဘိုဝင်က ပြောပါတယ်။

"နောက်ပိုင်းမှာ အခုလို ပျံသန်းမှုအကြိမ် တရုတ်က ဘယ်လောက် လုပ်တယ်ဆိုတာ စောင့်ကြည့်ပြီး အဲဒါတွေက X-37B နဲ့ တူနိုင်မလားဆိုတာ သိနိုင်မယ်" လို့ ဘီဘီစီကို သူက ပြောပါတယ်။

ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို X-37B လို နာရီဝက်အတွင်း တရုတ်အနေနဲ့ ရောက်နိုင်စွမ်း ရှိသင့်တယ်လို့ လေ့လာသုံးသပ်သူတွေကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်က ပြောပါတယ်။

တရုတ်ရဲ့ အာကာသ ရည်မှန်းချက် မြင့်လာ

ဒီအစီအစဥ်ကို အင်္ဂါဂြိုဟ်သွား ထျင်းဝန်-၁ ခရီးစဥ် လွှတ်တင်အပြီး သီတင်းပတ်တွေ အကြာမှာ လွှတ်တင်ခဲ့တာပါ။ ဒါကြောင့် ဒီအစီအစဥ်ဟာ ဘယ်လို ရည်ရွယ်ချက်ရှိပါစေ သူ့ရဲ့ ပြန်အသုံးပြုနိုင်တဲ့ အာကာသယာဥ်စနစ်ကတော့ တရုတ် အာကာသ စီမံကိန်းအတွက် နောက်ထပ် မှတ်တိုင်ဖြစ်သွားပါပြီ။

တရုတ်ဟာ အာကာသ စူးစမ်းရေးလုပ်ငန်းတွေအတွက် ငွေတွေ အမြောက်အမြား ပုံအော သုံးနေတာပါ။ ပြီးခဲ့တဲ့ နှစ်မှာလည်း လရဲ့ ဝေးတဲ့ဘက်အခြမ်းကို လူမပါတဲ့စူးစမ်းရေးယာဥ် လွှတ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကလည်း သူ့နိုင်ငံရဲ့ အာကာသ စူးစမ်းမှုတွေအတွက် အစွမ်းကုန် အားပေးနေပါတယ်။

"အာကာသ အိပ်မက် "ဟာ တရုတ်ရဲ့ "နိုင်ငံအားသစ်လောင်းရေး " လမ်းကြောင်းက ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ တရုတ် အစိုးရမီဒီယာတွေက အမြဲလို ပုံဖော် နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အခုနှစ် ဇူလိုင်လထဲမှာ လွှတ်တင်ခဲ့တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး ထျင်းဝန်-၁ ယာဥ်

ဒီနှစ်အစောပိုင်းမှာလည်း အမေရိကန်ရဲ့ ဂျီပီအက်စ် စနစ်နဲ့ ယှဥ်ပြိုင်မယ့် ဘေဒိုး တည်နေရာပြစနစ်အတွက် ဂြိုဟ်တုကွန်ရက်ကို တည်ဆောက်ပြီးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ဟာ အာကာသယာဥ်မှူးတွေကို လပေါ်နဲ့ အင်္ဂါဂြိုဟ်အထိပါ စေလွှတ်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

"တကယ်လို့ ဒါက လေယာဥ်လိုပျံနိုင်တဲ့ အာကာသယာဥ် ဖြစ်ပြီး SpaceX ရဲ့ Dragon အာကာသယာဥ်လို ပြန်သုံးနိုင်တဲ့ ထိပ်ဖူးပုံမဟုတ်ဘူးဆိုရင် ဒီလို အတောင်ပါယာဥ် လေထုထဲ ပြန်ဝင်လာဖို့က တကယ်ခက်ခဲလို့ အဲဒါက တရုတ်ရဲ့ အာကာသနည်းပညာ ရှေ့ကို အများကြီး ရောက်တာ ပြနေတာပဲ"လို့ မက်ဒေါင်ဝယ်က ပြောပါတယ်။

"တရုတ်က အာကာသအရေးမှာ အများကြီး နောက်ကျကျန်နေပါတယ်။ ဒါပေမဲ့ သူတို့ အာကာသစီမံကိန်းတွေကို ဘက်ပေါင်းစုံ အရှိန်မြှင့်လုပ်နေလို့ အခု မြန်မြန်ဆန်ဆန် မီလာပါပြီ။ အာကာသယာဥ်လွှတ်တင်မှုက ဒါကို ထင်ဟပ်တာတွေထဲက တစ်ခုပဲ ဖြစ်တယ်လို့" ဆိုပါတယ်။

"အာကာသယာဥ်လွှတ်တင်မှုဟာ အာကာသနည်းပညာသုံးပြီး စစ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ဂုဏ်သိက္ခာအတွက် အာကာသစိုးမိုးရေးကို တရုတ်က ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် နားလည်နေပြီဆိုတာထဲက တစ်ခုပဲဖြစ်တယ်"လို့ ဘလက်ဒန်ဘိုဝင်က ဖြည့်ပြောပါတယ်။