ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ရခိုင်မှာ မဲဆွယ်စည်းရုံးရေး ခက်ခဲ

ရခိုင်အမျိုးသားပါတီ ဌာနချုပ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကူးစက်မှု မြန်ဆန်နေချိန် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ စည်းကမ်းထုတ်ပြန်ချက်တွေအပြင် ဒေသတွင်း စည်းကမ်းကန့်သတ်ချက်တွေကြောင့် ရခိုင်ပြည်နယ်တွင်း မဲဆွယ်စည်းရုံးရေး အခက်အခဲတွေ တွေ့နေရတယ်လို့ ဒေသခံ ကိုယ်စားလှယ်လောင်းတွေထံက သိရပါတယ်။

မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်တဲ့အခါမှာ Stay at Home ထုတ်ပြန်ထားတဲ့နေရာတွေမှာ လှည့်လည်မဲဆွယ်စည်းရုံးတာတွေ၊ လူစုလူဝေးတရားဟောတာတွေမလုပ်ကြဖို့ကို တားမြစ်ထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးနိုင်မယ့်ရက်ကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ခွင့်ပြုထားတာပါ။

ဒါပေမယ့် ရခိုင်ပြည်နယ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနဲ့ ကြုံတွေ့နေရတဲ့ဒေသတစ်ခု ဖြစ်တာကြောင့် ကန့်သတ်မှုတွေရှိနေတဲ့အတွက် မဲဆွယ်စည်းရုံးရေးကိစ္စတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုစားလှယ်လောင်း ဦးအောင်မြကျော်က ပြောပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာပါတဲ့ အချက်အလက်ကတော့ ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ မဲဆွယ်စည်းရုံးရေးကို အများကြီးထိခိုက်နိုင်တဲ့ အတိုင်းအတာကိုတွေ့ရပါတယ်။

အဓိကကတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လက်ကမ်းစာစောင်တွေတောင် ဝေခွင့်မရဘူးဆိုတော့ မဲဆွယ်စည်းရုံးရေးအပိုင်းမှာ အခက်အခဲအများကြီး တွေ့ရပါမယ်။"လို့ ဦးအောင်မြကျော်က ပြောပါတယ်။

အခုအခါ မဲဆွယ်စည်းရုံးရေးကာလ စတင်ပြီ ဖြစ်ပေမယ့် ရခိုင် မြို့နယ်တွေအားလုံးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားတာကြောင့် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတာကို မတွေ့ရသေးဘဲ ငြိမ်သက်နေတာကို တွေ့ရပါတယ်။

ကပ်ရောဂါကြောင့် လူစုလူဝေးလုပ်တာတွေ၊ စည်းရုံးရေးတရားဟောတာတွေ၊ တစ်နေရာနဲ့တစ်နေရာသွားလာတာတွေမှာ ကန့်သတ်ချက်တွေရှိနေတဲ့အတွက် မဲဆွယ်စည်းရုံးရေးတွေကို အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေကိုပဲ အဓိက အသုံးပြု စည်းရုံးရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ဆင်းရဲနွမ်းပါးသူတွေ၊ လက်လုပ်လက်စားတွေများပြားတဲ့ဒေသ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးဟောပြောမှုတွေကို သိရှိဖို့ ငွေကုန်ကြေးကျခံပြီး အွန်လိုင်းအသုံးပြုနိုင်သူတွေ နည်းပါးတာကြောင့် အွန်လိုင်းက စည်းရုံးရေးက ထိရောက်မှု မရှိနိုင်ဘူးလို့ ဦးအောင်မြကျော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

အွန်လိုင်းအသုံးပြု မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်ဟာ ရခိုင်လူထုရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ သက်ရောက်စေပြီး ၇၀ ရာခိုင်နှုန်းလောက်ကိုတော့ စည်းရုံးနိုင်မှာ မဟုတ်ဘူးလို့ ကိုယ်စားလှယ်လောင်းတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

"ကျွန်တော်တို့ ရခိုင်တစ်ပြည်နယ်လုံးဟာ Stay at Home ဖြစ်နေတဲ့အတွက် လုံးဝ မဲမဆွယ်ပါနဲ့လို့ ပြောလိုက်သလို ဖြစ်သွားတဲ့အတွက်ကြောင့် တော်တော်များများကို မဲဆွယ်စည်းရုံးဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။

ဘာမှလုပ်လို့မရတဲ့အခြေအနေဖြစ်နေတယ်။ လူချင်းတွေ့ပြီးတော့ မဲဆွယ်တာနဲ့ အများကြီးကွာတာပေါ့။ အွန်လိုင်းအသုံးပြုပြီးလုပ်မယ်ဆိုရင်လည်း ၅၀ ရာခိုင်နှုန်းအောက်ကိုပဲ စည်းရုံးနိုင်မှာဖြစ်ပါတယ်"လို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်စိုးက သုံးသပ်ပြောကြားပါတယ်။

ဦးနိုင်စိုးဟာ စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီပေါင်း အနည်းဆုံး ၈ ခုခန့်ရှိနေပြီး ပါတီအားလုံးကတော့ မဲဆန္ဒနယ်မြေအစုံမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ မဟုတ်ပါဘူး။

ရခိုင်အမျိုးသားပါတီ ANP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီသုံးခုကတော့ အင်အားကြီးပါတီတွေ ဖြစ်ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အခါမှာ မဲဆန္ဒရှင်ပြည်သူတွေဆီကို တိုက်ရိုက်သွားရောက်ထိတွေ့ပြီး စည်းရုံးဟောပြောနိုင်မှ မဲဆန္ဒရှင်တွေကို ကိုယ်စားလှယ်လောင်းတွေက စည်းရုံးနိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၁ က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်သာနို့က ပြောပါတယ်။

ကိုဗစ်ကြောင့် ကျန်းမာရေးဌာနနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် မဲဆွယ်စည်းရုံးရမှာ အခက်အခဲဖြစ်နေသလို ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ လုပ်ကိုင်ရတဲ့အပိုင်းတွေမှာလည်း အင်အားမရှိသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ Stay at home နဲ့ ညမထွက်ရအမိန့်တို့ကို ထုတ်ပြန်ထားတဲ့အတွက် မဲဆွယ်စည်းရုံးမှုကိစ္စတွေ အခက်အခဲရှိနေပြီး အွန်လိုင်းအသုံးပြု စည်းရုံးမှုလုပ်ငန်းစဉ်ဟာလည်း အွန်လိုင်းအသုံးပြုဖို့ ငွေကြေးကုန်ကျမခံနိုင်သူတွေရှိသလို အများစုကတော့ အွန်လိုင်းအသုံးပြုမှု နည်းပညာအခက်အခဲတွေလည်း ရှိနေပါတယ်။

အင်တာနက် အသုံးပြုမှုမှာလည်း ရခိုင်မြောက်ပိုင်း အင်တာနက် အပြည့်အဝအသုံးပြုခွင့်မရရှိတဲ့ ပြဿနာရှိနေပြီး ဒါဟာ တစ်ပါတီတည်းကိစ္စမဟုတ်ဘဲ ပါတီအားလုံးရဲ့အခက်အခဲဖြစ်တဲ့အတွက် အင်တာနက်လိုင်းတွေကို 4G ကွန်ရက် အပြည့်အဝဖွင့်ပေးဖို့ကို ရခိုင်အမျိုးသားပါတီ ANP ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြကျော်က ပြောပါတယ်။