'အမေရိကန်ကို ရွှေ့ပြောင်းဝင်လာတဲ့ အမျိုးသမီးတွေရဲ့ သားအိမ်တွေကို ခွဲစိတ်ထုတ်နေတယ်' လို့ သူနာပြုက စွပ်စွဲ

သူနာပြုနဲ့ ထိန်းသိမ်းခံ ရွှေ့ပြောင်းဝင်ရောက်သူတွေက ဒီအမှုကို ပြည်ထောင်စုအစိုးရဆီကို တိုင်ထား
ဓာတ်ပုံ ပုံစာ,

သူနာပြုနဲ့ ထိန်းသိမ်းခံ ရွှေ့ပြောင်းဝင်ရောက်သူတွေက ဒီအမှုကို ပြည်ထောင်စုအစိုးရဆီကို တိုင်ထား

အမေရိကန်မှာ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ထိန်းသိမ်းထားရှိတဲ့ စခန်းတခုအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပစ်ပယ်ခံထားရကြောင်း အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့တွေက စွပ်စွဲပြီး အရေးယူဆောင်ရွက်ပေးဖို့ ဖက်ဒရယ်ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။

ဂျော်ဂျီယာပြည်နယ် အာဝင် ကောင်တီ မှာရှိတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းက ကြီးကြပ်လုပ်ကိုင်တဲ့ ထိန်းသိမ်းရေးစခန်း တခုအတွင်းမှာ ကြုံနေရတဲ့ ပြုမူမှုတွေ၊ အခြေအနေကို သူတို့က ရှုတ်ချထားပါတယ်။

ဖြစ်နေတာတွေကို ဖော်ထုတ်ဖွင့်ချလိုက်တဲ့ သူနာပြု ဆရာမ ဒွဲန်း ဝုတဲန်း ရဲ့ စွပ်စွဲတိုင်တန်းချက်တွေကို အခြေပြုပြီး အခုလို အစိုးရဆီ ပန်ကြားထားတာပါ။

ဒီသူနာပြုဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန - Immigration and Customs Enforcement (ICE) က ရွှေ့ပြောင်းဝင်ရောက်သူတွေကို ထိန်းသိမ်းထားရာစခန်းမှာ အလုပ်လုပ်တဲ့သူပါ။

စခန်းထဲမှာရှိတဲ့ စပိန်စကားပြော အမျိုးသမီးတွေဆီကနေ သားအိမ်တွေ ခွဲစိတ်ထုတ်ယူထားတာ အတော်များများတွေ့ရတဲ့အတွက် ဒါဟာ စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း သူ့ရဲ့ တိုင်တန်းချက် ထဲမှာ အဓိက အကြောင်းအရာတခုအဖြစ် ထည့်သွင်းထားပါတယ်။

ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေက သူတို့ဘာကြောင့် သားအိမ်ထုတ်ပစ်ဖို့ လိုအပ်သလဲဆိုတာကို သူတို့ကိုယ်တိုင် အပြည့်အဝ နားမလည်တဲ့အကြောင်း သူ့ကို ပြောပြကြတယ်လို့ သူနာပြုဆရာမက ပြောပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဖြစ်နေတဲ့ကာလမှာ ကိုဗစ်ရောဂါ လက္ခဏာတွေရှိတဲ့ ထိန်းသိမ်းခံရသူတွေ ဆေးစစ်ဖို့ အရေး ငြင်းပယ်ခံရတာ၊ သူတို့ရဲ့ ကျန်းမာရေး မှတ်တမ်းတွေကို အမှန်မဟုတ်ဘဲ လိမ်ညာရေးမှတ်ထားကြောင်းလည်း အဲဒီ စွပ်စွဲချက်တွေမှာ ပါဝင်ပါတယ်။

Project South အန်ဂျီအိုအဖွဲ့အစည်းအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၄ ခုတို့က ထိန်းသိမ်းခံ ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ မစ္စ ဝုတဲန်းတို့ကိုယ်စား တိုင်တန်းခဲ့ကြတာပါ။

လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) က တနင်္လာနေ့က ထုတ်ပြန်တဲ့ကြေညာချက်တခုမှာ သူတို့ဌာနအနေနဲ့ ဒီ စွပ်စွဲချက်တွေအပေါ် လေးလေးနက်နက် သဘောထားကာ လုပ်ဆောင်နေတယ်လို့ ဆိုသလို ထိန်းသိမ်းရေးစခန်းထဲမှာ ရှိတဲ့သူအားလုံးရဲ့ ဘေးကင်းလုံခြုံစိတ်ချရရေးနဲ့ ကောင်းကျိုးချမ်းသာရှိစေရေးအတွက် သူတို့ ခိုင်ခိုင်မာမာလုပ်ဆောင်တဲ့ အကြောင်းလည်း ရေးထားပါတယ်။

ဘီဘီစီ အနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)နဲ့ အာဝင်ကောင်တီ ထိန်းသိမ်းရေး စခန်းကို စီမံခန့်ခွဲနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီ LaSalle Corrections ကို ဆက်သွယ်ပြီး မှတ်ချက်ပေးဖို့ တောင်းခဲ့ပေမယ့် ဘာမှ (အခုသတင်းရေးချိန်အထိ) မရသေးပါဘူး။

တိုင်ကြားချက်တွေမှာ ဘာတွေ စွပ်စွဲထားလဲ

"ထိန်းသိမ်းခံထားရသူတွေနဲ့ မစ္စ ဝုတဲန်း တို့ ပြောပြတဲ့ စိတ်ထိခိုက်စရာ အချက်တွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု မပေးဘဲ တမင်သက်သက်ပစ်ထားတာတွေ၊ ဘေးကင်းစိတ်ချရမှု မရှိတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဖို့ အတွက် လုံလောက်တဲ့ အကာအကွယ်မရှိတာတွေ စတဲ့ ကိစ္စတွေ" ကို စွပ်စွဲထားကြောင်း Project South အဖွဲ့က ပြောပါတယ်။

ထိန်းသိမ်းရေး စခန်းမှာ "သားအိမ်ခွဲစိတ်ဖြတ်တောက်နေတဲ့ နှုန်းက" မစ္စ ဝုတဲန်းနဲ့ တခြား သူနာပြုတွေအဖို့ အချက်ပေး ခေါင်းလောင်းထိုးရတဲ့ကိန်းကို ဆိုက်နေတယ်လို့ အဲဒီ တိုင်တန်းချက်ထဲမှာ ရေးထားပါတယ်။

သူနာပြုဆရာမ ဝုတဲန်းက ဆရာဝန် တယောက်နဲ့ပတ်သက်ပြီး "သူနဲ့တွေ့သမျှ လူတွေကို သားအိမ် ခွဲစိတ်ထုတ်တာ လုပ်တယ်" လို့ ဆိုပါတယ်။ အဲဒီ ဆရာဝန်ကပဲ အသက်ငယ်ငယ် အမျိုးသမီးတယောက်ရဲ့ မျိုးဥအိမ်ကို မှားယွင်းဖယ်ထုတ်လိုက်တယ်လို့ ပြောပါတယ်။

"ကျွန်မတို့ အချင်းချင်း ပြောကြတယ်။ ဒုက္ခပါပဲ။ အဲဒီ ဆရာဝန်က လူတိုင်းရဲ့ သားအိမ်တွေထုတ်ပစ်နေတယ်၊ အဲဒီသူက သားအိမ်စုဆောင်းသူပဲ" လို့ မစ္စ ဝုတဲန်းက တိုင်တန်းချက်ထဲမှာ ပြောထားပါတယ်။

Project South အဖွဲ့က မေးမြန်းခဲ့တဲ့ ထိန်းသိမ်းခံတယောက်ကလည်း ဒီနေရာက "စမ်းသပ်တာတွေလုပ်နေတဲ့ အကျဉ်းစခန်းပဲ"၊ "ကျွန်မတို့ ခန္ဓာကိုယ်တွေကို သူတို့က စမ်းသပ်မှု လုပ်နေကြသလိုပဲ" လို့ ပြောပါတယ်။

ထိန်းသိမ်းခံရွှေ့ပြောင်းဝင်ရောက်သူတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောင်းခံရင်လည်း အကြာကြီးစောင့်ရပြီးမှ စောင့်ရှောက်မှုရတာတွေ၊ သူတို့တောင်းခံလွှာတွေကို ဖျက်ဆီးပစ်တာတွေရှိကြောင်းနဲ့ စခန်းတွင်း ညစ်ပတ်ပြီး မသန့်ရှင်းတာတွေကိုလည်း တိုင်ခဲ့ကြပါတယ်။