ယိုရှိဟိဒဲ ဆုဂကို ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ညာလက်ရုံးဖြစ်ခဲ့သူ ယိုရှိဟိဒဲ ဆုဂ ဝန်ကြီးချုပ်ဖြစ်လာ
ဓာတ်ပုံ ပုံစာ,

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ညာလက်ရုံးဖြစ်ခဲ့သူ ယိုရှိဟိဒဲ ဆုဂ ဝန်ကြီးချုပ်ဖြစ်လာ

အံ့ဩစရာ ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့ ရှင်ဇို အာဘေးရဲ့နေရာကို ဆက်ခံဖို့အတွက် ဝန်ကြီးချုပ်အသစ်အဖြစ် ယိုရှိဟိဒဲ ဆုဂကို ဂျပန်လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းတုန်းက အာဏာရပါတီ ခေါင်းဆောင်သစ်အဖြစ် ပါတီကရွေးချယ်ခံရတဲ့သူ မစ္စတာ ဆုဂဟာ အခု ဝန်ကြီးချုပ်တာဝန်ပေးအပ်ခံရပါပြီ။ သူက ရှင်ဇို အာဘေး အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းခဲ့သူပါ။

မစ္စတာ အာဘေးနဲ့ နီးကပ်တဲ့မဟာမိတ်ဖြစ်ခဲ့တဲ့အတွက် သူဟာ ဝန်ကြီးချုပ်ဟောင်းရဲ့ ပေါ်လစီ မူဝါဒတွေကို ဆက်လက်ကိုင်စွဲသွားမယ်လို့ မှန်းဆကြပါတယ်။

ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရှင်ဇို အာဘေး တစ်ယောက် သူ ရာထူးကနေ နုတ်ထွက်ကြောင်း အရင်လက ကြေညာခဲ့ပါတယ်။

ဗီဒီယို ပုံစာ,

ဂျပန်၀န်ကြီးချုပ် ရှင်ဇိုအာဘေး ကျန်းမာရေးကြောင့် ရာထူးက နုတ်ထွက်

ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၁၆ ရက်) အစောပိုင်းတုန်းက မစ္စတာ အာဘေးဟာ သူ့အစိုးရအဖွဲ့ နောက်ဆုံး အကြိမ်အစည်းအဝေးကို ကျင်းပခဲ့ပြီးတဲ့နောက် သူ အာဏာရစဉ် ၈ နှစ်နီးပါး ကာလအတွင်းမှာ ရခဲ့တဲ့ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် သူ ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဂျပန် ဒိုင်ယက် အောက်လွှတ်တော်မှာ ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ အမတ်တွေ မဲပေးတဲ့အခါ မဲပေါင်း ၄၆၂ မဲ မှာ မစ္စတာ ဆုဂက ၃၁၄ မဲရပြီး အေးအေးဆေးဆေး အနိုင်ရသွားပါတယ်။

ညွန့်ပေါင်းအစိုးရကို ဦးဆောင်ထားတဲ့ သူ့ရဲ့ ရှေးရိုးစွဲ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ - Liberal Democratic Party (LDP) က အောက်လွှတ်တော်မှာ အမတ် အများစုရှိတာကြောင့် သူ အနိုင်ရမယ်ဆိုတာကို အများက မှန်းဆပြီးသားပါ။

နောက်ပိုင်းမှာတော့ သူ့ရဲ့ အစိုးရအဖွဲ့ကို အင်ပါယာ နန်းတော်မှာ ဂျပန် ဘုရင်က အခမ်းအနားနဲ့ အတည်ပြုခန့်အပ်ပါလိမ့်မယ်။

စိန်ခေါ်မှုတွေက ရှေ့မှာတန်းစီနေ

ဝါရင့် နိုင်ငံရေးသမားလည်းဖြစ်၊ အစိုးရအဖွဲ့မှာ ရေရှည် တာဝန်ယူခဲ့သူလည်းဖြစ်တဲ့ သူဟာ ကမ္ဘာ့ တတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံ အခက်အခဲတွေကြုံနေချိန်မှာ ဦးဆောင်သွားရမှာပါ။

တခြားနိုင်ငံအများအပြားလိုပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးမားဆုံးစီးပွားရေး ထိုးဆင်းမှုတွေကို ဂျပန်နိုင်ငံလည်း ကြုံနေရတာပါ။ ဒါ့အပြင် အရင်နှစ်တွေ များစွာမှာ ဂျပန်ဟာ တန့်နေတဲ့ စီးပွားရေးကို ရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံက အသက် ၆၅ နှစ်ထက်ကြီးနေကြသူတွေဖြစ်ပြီး အသက်ကြီးသူတွေများတဲ့ လူမှုအသိုင်းအဝိုင်း အခြေအနေကို ဂျပန်နိုင်ငံက တွေ့ကြုံနေရတာလည်းဖြစ်ပါတယ်။

မစ္စတာ ဆုဂဟာ အရင်က ဝန်ကြီးချုပ်ပြီးရင် အကြီးဆုံးရာထူးဖြစ်တဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်လာခဲ့တဲ့သူပါ။

အာဘေး နော်မစ် (Abenomics) လို့ တင်စားကြတဲ့ ရှင်ဇို အာဘေးရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ် အပါအဝင် အရင်အစိုးရ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက် သယ်ပိုးသွားမယ်လို့ သူ အရင်ကတည်းက ကတိပြုပြီးသားပါ။

ဓာတ်ပုံ ပုံစာ,

ယိုရှိဟိဒဲ ဆုဂက ဘယ်လို လူပါလဲ

စတော် ဘယ်ရီစိုက် တောင်သူမိဘတွေက မွေးဖွားလာတဲ့သူမို့ သူ့ ဘဝနောက်ကြောင်းဟာ ဂျပန် နိုင်ငံရေး ခေါင်းဆောင် အသိုင်းအဝိုင်းက လူတွေနဲ့မတူဘဲ ထောင်လွှားမှုကင်းတဲ့ အောက်ခြေလူမှုအသိုင်းအဝိုင်းကလာခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားပါ။

အသက် ၇၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သူဟာ နိုင်ငံရေး စင်မြင့်ပေါ်ကို တဖြည်းဖြည်းချင်း ရောက်လာခဲ့သူပါ။ နိုင်ငံရေးမှာ သူပထမဆုံး လုပ်ခဲ့တဲ့အလုပ်က LDP အမတ် တစ်ယောက်ရဲ့ အတွင်းရေးမှူး အလုပ်ပါ။ မြို့ကောင်စီရွေးကောက်ပွဲတွေက တစ်ဆင့် သူ့နိုင်ငံရေး ခြေလှမ်းလှမ်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ဒိုင်ယက် လွှတ်တော်အမတ် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၂၀၀၅ ခုနှစ် ဂျုနီချီရို ကိုအိဇုမီ အစိုးရမှာ ဝန်ကြီးတစ်ယောက်ဖြစ်လာကာ နောက်ပိုင်းမှာတော့ အာဘေး အစိုးရအဖွဲ့မှာ ဩဇာရှိ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မစ္စတာ အာဘေးရဲ့ ညာလက်ရုံးဖြစ်တဲ့သူဟာ လက်တွေ့ဆန်ပြီး စွမ်းဆောင်မှုကောင်းသူ အဖြစ် ဂုဏ်သတင်းထွက်ခဲ့သလို ရာထူးကနေ ထွက်တော့မယ့် ဝန်ကြီးချုပ်က သူ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ထောက်ခံပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူရဲ့ အထင်ရှားဆုံး လူသိများတဲ့အဖြစ်တွေထဲက တစ်ခုကတော့ ၂၀၁၉ ခုနှစ်အတွင်း ထီးနန်းစွန့်သွားတဲ့ အင်ပါယာ အာကီဟီတိုက သူ့အရိုက်အရာကို သားဖြစ်သူ နာရုဟီတိုကို လွှဲပြောင်းပေးစဉ်ကပါ။ အဲဒီအချိန်က မစ္စတာ ဆုဂဟာ ဂျပန်နိုင်ငံသားတွေနဲ့ ကမ္ဘာအနှံ့ကပြည်သူတွေဆီကို အင်ပါယာ နာရုဟီတိုရဲ့ ရိုင်ဝါ ကာလ (Reiwa era) ရောက်လာပြီဆိုတာကို ကြေညာရသူပါ။

ဂျပန်မှာ နောက်နှစ်ကြရင် ရွေးကောက်ပွဲရှိပြီး မစ္စတာ ဆုဂဟာ ဒီကြားကာလ အစိုးရ သက်တမ်းအတွက်ပဲ တာဝန်ပေးခံရမယ့်သူလို့ စောင့်ကြည့်လေ့လာသူ အများအပြားက ခန့်မှန်းကြပါတယ်။

နောက်နှစ် ရွေးကောက်ပွဲအတွက် လူရွေးကြရင်တော့ နာမည်သိပ်မကျော်ပဲ ခပ်လျှိုလျှိုနေတတ်တဲ့ ဒီ ဝါရင့်နိုင်ငံရေးသမားဟာ LDP အတွက် ပထမ ဦးစားပေးရွေးမယ့် အထဲ မပါနိုင်ဘူးလို့ သူတို့က ဆိုပါတယ်။