ထိုင်းဘုရင်စနစ်ကို စိန်ခေါ်ရဲတဲ့ ထိုင်းကျောင်းသူ

အချက် ၁၀ ချက်ပါတဲ့ ကြေညာစာတမ်းတစောင်ကို ပါနက်ဆရာ သြဂုတ်လတုန်းက ဖတ်ပြခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, BBC News Thai

ဓာတ်ပုံ ပုံစာ,

အချက် ၁၀ ချက်ပါတဲ့ ကြေညာစာတမ်းတစောင်ကို ပါနက်ဆရာ သြဂုတ်လတုန်းက ဖတ်ပြခဲ့စဉ်

"ကျွန်မရင်ထဲမှာ ကြောက်စိတ်တွေ ကိန်းအောင်း နေခဲ့တယ်။ အကြောက်လွန်မှုရဲ့ အကျိုးဆက်တွေပေါ့" လို့ ပါနက်ဆရာ စီသိတိယ ဝက်တန်နာခူးက ဖွင့်ဟပါတယ်။

ထိုင်းနိုင်ငံမှာ အသက် ၂၁ အရွယ် ကျောင်းသူလေးတဦးဟာ သြဂုတ်လတုန်းက စင်မြင့်တခုပေါ်ကို ကြောက်ကြောက်လန့်လန့်နဲ့ တက်ခဲ့ပြီး ထိုင်းဘုရင်စနစ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့ပါတယ်။

ထောက်ခံအားပေးနေကြတဲ့ ထိုင်းနိုင်ငံ ထိပ်တန်းတက္ကသိုလ်တခုရဲ့ ကျောင်းသားတွေ ရှေ့မှောက်မှာ သူဟာ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုရင်း အခုနောက်ပိုင်း လူသိများ ကျော်ကြားလာပြီ ဖြစ်တဲ့ ကြေညာစာတမ်းပါ အချက် ၁၀ ချက်ကို ဖတ်ပြခဲ့ပါတယ်။

ဘုရင်စနစ်ကို အလေးထားတဲ့ ထိုင်းမှာ ဒါဟာ အံအားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ထိုင်းပြည်သူတွေဟာ မွေးဖွားလာချိန်ကတည်းက ဘုရင်စနစ်ကို ကြည်ညိုလေးစားဖို့နဲ့ ချစ်မြတ်နိုးဖို့ သင်ကြားပေးခံခဲ့ရသလို ဒါနဲ့ပတ်သက်လို့ ဖွင့်ဟပြောဆိုမှုရဲ့ အကျိုးဆက်တွေကိုလည်း ကြောက်ကြဖို့ ဆုံးမသွန်သင်ခံခဲ့ရပါတယ်။

ဘဝက အရင်နဲ့ မတူတော့ဘူး

ထိုင်းနိုင်ငံဟာ ဘုရင်စနစ်ကို ဝေဖန်လို့မရအောင် တင်းကြပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး တားမြစ်ထားတဲ နိုင်ငံ အနည်းငယ်ထဲက တနိုင်ငံပါ။

ဘုရင်၊ မိဖုရား၊ ထီးနန်းအရိုက်အရာကို ဆက်ခံမယ့်သူနဲ့ ထီးနန်းကို ယာယီအုပ်စိုးသူတွေကို ဝေဖန်ရင် ၁၅ နှစ်အထိ ထောင်ကျနိုင်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လတွေမှာတော့ ဒီမိုကရေစီအရေး တောင်းဆိုကြတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတွင်းမှာ ပေါ်ပေါက်လာခဲ့သလို အဲဒီဆန္ဒပြပွဲတွေမှာ ပါနက်ဆရာ လို ကျောင်းသား ကျောင်းသူတွေက အခရာ ကျခဲ့ပါတယ်။

"ဘဝက အရင်လို မဟုတ်တော့ဘူး" လို့ ဘီဘီစီ ထိုင်းဘာသာဌာနကို နောက်ပိုင်းမှာ သူ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့ လတွေအတွင်း ဒီမိုကရေစီလိုလားတဲ့ တောင်းဆိုဆန္ဒပြပွဲတွေ ထိုင်းမှာ ပေါ်မှာ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဘန်ကောက်မြို့ မှာ ပေါ်ပေါက်ခဲတဲ့ ဆန္ဒပြပွဲအကြီးကြီးတခုမှာ ကြေညာစာတမ်းတစောင် သူ မဖတ်ခင် နာရီပိုင်းအလိုမှ အဲဒါကို ပါနက်ဆရာထံ ယူလာပြပါတယ်။

အဲဒီကြေညာစာတမ်းမှာ ရွေးကောက်ခံ အဖွဲ့အစည်းတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ဘုရင်စနစ် ပေါ်ပေါက်ရေး၊ တော်ဝင်အသုံးစရိတ်ကို လျော့ချဖို့နဲ့ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုတွေကို ရှောင်ကြဉ်ဖို့ တောင်းဆိုထားပါတယ်။

ဒီအချက်တွေဟာ ထိုင်းပြည်သူ အများစုကို အံ့အားသင့်စေခဲ့ပါတယ်။

"ကျွန်မဆီကို အဲဒီကြေညာစာတမ်း ယူလာပြတယ်။ ဖတ်ချင်လားလို့လည်း မေးတယ်။ ဒီအချက်တွေက အင်မတန် ပြင်းထန်တယ်လို့ လူတိုင်းက ထင်သလို ကျွန်မလည်း အဲလိုပဲ တွေးမိပါတယ်။ ဒီစာတမ်းကို ဖတ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။"

"အတန်းဖော် ကျောင်းသားကျောင်းသူတွေကလည်း ကျွန်မကို ထောက်ခံအားပေးကြတယ်။ ဒီနေရာမှာ မှန်ကန်တဲ့ လုပ်ဆောင်မှု တခု လုပ်လာနိုင်လေမလားဆိုပြီး အားနဲ့မာန်နဲ့ အကျယ်ကြီး ဖတ်ဖို့ကိုလည်း သူတို့က ပြောကြတယ်" လို့ ပါနက်ဆရာက ဆိုပါတယ်။

"အမှန်ပါပဲ၊ ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေကြတာပါ။ ဒီနောက် ခဏပြန်ထိုင်ပါတယ်။ စင်ပေါ်မတက်ခင် စီးကရက်တလိပ် ဖွာလိုက်ပြီး ခေါင်းထဲကနေ အားလုံးကို ထုတ်ပစ်လိုက်ပါတယ်။"

"လူသားတိုင်း ချင်းချင်းနီတဲ့ သွေးတွေ ရှိကြတယ်၊ ကျွန်မတို့လည်း အတူတူပါပဲ၊ ဘာမှ မကွာခြားဘူး" လို့က သူက စင်မြင့်ထက်ကနေ လူထုပရိသတ်ကို ပြောခဲ့ပါတယ်။

"ဒီကမ္ဘာမှာ ဘယ်သူမှ သွေးအပြာရောင်နဲ့ မွေးဖွားမလာကြဘူး။ တချို့သူတွေက တခြားလူတွေထက် ကံ ပိုကောင်းကြတယ်။ ဒါပေမဲ့ ဘယ်သူမှ အားလုံးထက် ပိုပြီး မြင့်မြတ်စွာ မွေးဖွားလာတာ မဟုတ်ပါဘူး။"

ပါနက်ဆရာရဲ့ ပြောဆိုချက်ဟာ လူထုကြား အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပါတယ်။

နိုင်ငံရေး လူမှုရေး ပြုပြင်ပြောင်းလဲချင်သူတွေက ချီးကျူးထောပနာ ပြုကြပေမယ့် ဘုရင်စနစ်ကို ထောက်ခံတဲ့ သတင်းမီဒီယာတွေက ရှုတ်ချခဲ့ကြပါတယ်။

ကိုယ့်ရဲ့ မိခင်နိုင်ငံကို မုန်းတာက ရောဂါတမျိုးပဲ

ဆန္ဒပြပွဲပြီးတဲ့နောက်ပိုင်း ရက်တွေမှာ ဘုရင်စနစ်ကို ထောက်ခံသူတွေက ပါနက်ဆရာကို ဖေ့ဘွတ်ခ် စာမျက်နှာတွေပေါ်ကနေ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ဘုရင်စနစ်မပါတဲ့ နိုင်ငံတည်ထောင်လိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ခြယ်လှယ်တာ သူ ခံနေရပြီလို့ တချို့က စွပ်စွဲပါတယ်။

ပါနက်ဆရာ ကတော့ ဒါကို ငြင်းပါတယ်။

လက်ရှိအချိန်ထိ စစ်တပ်က ကြိုးကိုင် ချယ်လှယ်နေဆဲဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီး အပီရတ် ခုန်ဆွန်ပုံ ကတော့ ဆန္ဒပြသမားတွေဟာ "chung chart" လို့ခေါ်တဲ့ "နိုင်ငံမုန်းတီးရေး" အယူဝါဒ တခု စွဲကပ်နေတယ်။ ဒါဟာ ကပ်ရောဂါဆိုးကြီးထက် ပိုဆိုးတယ် လို့ ပြောပါတယ်။

"ကိုယ့်ရဲ့ မိခင်နိုင်ငံကို မုန်းတီးတာဟာ ကုမရတဲ့ ရောဂါတမျိုးပဲ" လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြပွဲတွေကို ဘုရင်စနစ်ထောက်ခံသူတွေက ပြစ်တင်

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုရဲ့ အဆင့်အတန်းနဲ့ ပတ်သက်လို့ ကလေးဘဝကတည်းက သူ မေးခွန်းထုတ်ခဲ့ဖူးတာကို မှတ်မိနေသေးတဲ့အကြောင်း ပါနက်ဆရာက ဖွင့်ဟပါတယ်။

ပူလောင်အိုက်စပ်နေတဲ့ နေ့တနေ့မှာ ထိုင်းအာဏာပိုင်တဦး အိမ်ရှေ့ ရောက်လာပြီး သူ့မိသားစုကို အိမ်အပြင်ထွက်ခိုင်း၊ ထိုင်းတော်ဝင် ယာဉ်တန်းကို စောင့်ကြိုဖို့အတွက် ပလပ်ဖောင်းပေါ်မှာ ထိုင်နေဖို့ ညွှန်ကြားခဲ့ပါတယ်။

"မော်တော်ယာဉ်တန်း ဖြတ်သွားတာကို မြင်ရဖို့အတွက် နေပူထဲမှာ တနာရီခွဲလောက် ဘာလို့ ထွက်နေရမှာလဲ။ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမဲ့ ယာဉ်တန်းကို စောင့်တဲ့ လူအုပ်ကြီးဆီကိုတော့ ကျွန်မ မသွားခဲ့ဘူး။"

ညီအစ်မ သုံးယောက်မှာ အငယ်ဆုံးဖြစ်တဲ့ ပါနက်ဆရာဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားမှုရှိကြောင်း ပြခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘဝမှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့အတူ နိုင်ငံရေးအကြောင်း ဆွေးနွေးရတာဟာ အတိတ်ကို ပြန်လွမ်းရတဲ့ အမှတ်တရတွေထဲက တခု ဖြစ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာတော့ သူတို့အိမ်မှာ အဲဒီတုန်းက နိုင်ငံရေး စိတ်ဝင်စားလိုက်စားခဲ့တဲ့ သူက သူတို့ ဖခင် တစ်ယောက်ပဲရှိပြီး သူက အာဏာသိမ်းမှုအကြောင်း ပိုသိအောင် လုပ်ဖို့ သူ့သမီးကို အားပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြသမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ဝန်ကြီးချုပ် ငြင်းဆို

ဒါပေမဲ့ ပါနက်ဆရာဟာ အရှက်အကြောက်ကြီးစွာ ကြီးပြင်းလာခဲ့သလို ကျောင်းမှာလည်း အနိုင်ကျင့်ခံခဲ့ရပါတယ်။ ပညာရေး နှီးနှောဖလှယ်ရေး အစီအစဉ်တခုနဲ့ အမေရိကန်မှာ ပါနက်ဆရာ ငါးလကြာ ပညာသင်ကြားခဲ့တဲ့အချိန်မှာတော့ ဒီအစီအစဉ်ဟာ သူ့ကို အပြောင်းအလဲကြီး ပြောင်းလဲစေခဲ့ပါတယ်။

"ဖွင့်ဟပြောဆိုဖို့ ဝန်မလေးတဲ့၊ တခုခု လုပ်ဖို့ လက်မတွန့်တော့တဲ့ သူတဦးအဖြစ် ကျွန်မ အိမ်ကို ပြန်လာခဲ့တယ်"

နာမည်ကြီး တာမာစ တက္ကသိုလ် မှာ သူတက်ရောက်ပြီးနောက်ပိုင်း နိုင်ငံရေးမှာ ပိုပြီး တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကတော့ ကျောင်းသား သမဂ္ဂနိုင်ငံရေးပါတီ ဖြစ်တဲ့ "Dome Revolution" ပါတီ ဝင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ Future Forward နိုင်ငံရေးပါတီ ဖျက်သိမ်းခံခဲ့ရပြီးတဲ့နောက် ပထမဆုံး လမ်းမတွေထက်မှာ ပေါ်ပေါက်လာခဲ့တဲ့ ဒီမိုကရေစီအရေး လိုလားတဲ့ ဆန္ဒပြပွဲတွေကိုလည်း သူ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

လူငယ်မဲဆန္ဒရှင်တွေကြား လူကြိုက်များ ရေပန်းစားခဲ့တဲ့ Future Forward နိုင်ငံရေးပါတီဟာ သူ့ပါတီခေါင်းဆောင်ဆီကနေ တရားမဝင်ချေးငွေတွေ လက်ခံရယူခဲ့တဲ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးတခုက အငြင်းပွားဖွယ် အမိန့်ချခဲ့ပြီးတဲ့နောက် အဲဒီနိုင်ငံရေးပါတီ ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၉ ရွေးကောက်ပွဲတွေမှာ ဒီပါတီဟာ အခြေအနေ အတော် ကောင်းခဲ့ပါတယ်။

ဒါကြောင့် ပါတီ ဖျက်သိမ်းခံခဲ့ရတာဟာ နိုင်ငံရေးလွှမ်းမိုးမှုတွေကို ဖယ်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ ဒီပါတီကို ထောက်ခံသူတွေကို ရှုမြင်ကြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင် ပူးပေါင်းဖို့အတွက် လူငယ်တွေကို စေ့ဆော်ခဲ့တာ ဒီကိစ္စတွေကြောင့်ချည်းတော့ မဟုတ်ပါဘူး။

၂၀၁၆ ခုနှစ်မှာ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တဲ့ ဘုရင် မဟာ ဝချီရာလောင်ကွန်းကို လူထုကြား အတော်လေး တွေ့ရခဲသလို ဘုရင်ဟာ နိုင်ငံရပ်ခြားမှာပဲ အများဆုံး အချိန်ကုန်ဆုံးနေသူ တယောက်လည်း ဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေပြီးတဲ့နောက်ပိုင်း ပြည်ပမှာပဲ နေနေတဲ့အတွက်ကြောင့် ထိုင်းပြည်သူတချို့က လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံမှာ အကျင့်ပျက်ချစားမှု အဂတိလိုက်စားမှုတွေ အများကြီး ရှိပါတယ်။

၂၀၁၂ ခုနှစ်မှာ ရဲအရာရှိတဦးကို သေစေနိုင်သည်အထိ ကားနဲ့တိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျွဲရိုင်းအားဖြည့်အချိုရည် ကုမ္ပဏီကို လွှဲပြောင်းတာဝန်ယူမယ့် သူတဦးအပေါ် စွဲဆိုထားတဲ့ ရာဇတ်ပြစ်မှုတွေကို ရုပ်သိမ်းပေးလိုက်တဲ့ကိစ္စကလည်း အငြင်းပွားစရာ အဖြစ်ဆုံး ကိစ္စတခု ဖြစ်ပါတယ်။

ထိုင်းအစိုးရကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားသလို၊ ဝေဖန်ထောက်ပြမှုတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်လို့ ပြောနေပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေအနေနဲ့ကလည်း ဥပဒေဘောင်အတွင်းကနေ တောင်းဆိုဆန္ဒပြကြဖို့ လိုပြီး အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်တာမျိုး လုပ်လို့ မရဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Panusaya Sithijirawattanakul

ဓာတ်ပုံ ပုံစာ,

ဘုရင်စနစ်ရဲ့ အခန်းကဏ္ဍအကြောင်း ပါနက်ဆရာ မေးခွန်းထုတ်

ဒါပေမဲ့ ဆန္ဒပြ ကျောင်းသားတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်ကြပါတယ်။

၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင် ကန့်ကွက်ပြီး ထိုင်းဘုရင်စနစ်ကို ဝေဖန်ခဲ့ကြပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ကိုးယောက်ထက် မနည်း ပျောက်ဆုံးသွားခဲ့ပါတယ်။

သူတို့တွေထဲက နှစ်ဦးရဲ့ အလောင်းတွေကို မြစ်ကမ်းနံဘေးတွေမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။

ဒီကြေညာစာတမ်းကို သူဖတ်ပြခဲ့တဲ့ ည နောက်ပိုင်း သူ့လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက နေ့ရော ညပါ မချန် တက္ကသိုလ် ပရိဝုဏ်ထဲမှာကော သူ့ရဲ့ အိပ်ဆောင်မှာပါ စောင့်ကြည့်နေခဲ့တယ်လို့ ပါနက်ဆရာက ပြောပါတယ်။

"သာမန်အရပ်ဝတ် အဝတ်စားတွေ ဝတ်စားထားပေမယ့် သူတို့က ရဲတွေဆိုတာ ကျွန်မ သိတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ဆံပင်ကေ တပုံစံတည်း ညှပ်ထားကြပြီး လူမြင်ကွင်းမှာ ကျွန်မကို ဓာတ်ပုံ အမြဲရိုက်ကြတယ်။"

ဓာတ်ပုံ ရင်းမြစ်, BBC News Thai

ဓာတ်ပုံ ပုံစာ,

နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ပါနက်ဆရာ ပြော

သူ အခုထိတော့ အဖမ်းမခံရသေးပါဘူး။ ဒါပေမဲ့ အာဏာပိုင်တွေကို ဘယ်တော့မှ လက်မြှောက်အရှုံးပေးမှာ မဟုတ်ဘူးလို့ ပါနက်ဆရာက ကဆိုပါတယ်။

ဘုရင်စနစ်ကို ဝေဖန်လို့မရအောင် တားမြစ်ထားတဲ့ ဥပဒေတွေနဲ့လည်း သူ တရားစွဲဆိုခံရတာ မရှိသေးပါဘူး။ ထိုင်းတော်ဝင်နန်းတော်ရဲ့ ပန်ကြားချက်အရ ဒီဥပဒေတွေ ကျင့်သုံးမှုတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ နည်းလာခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ကွန်ပျူတာ စနစ်တခုထဲကို သတင်းတုသတင်းမှားတွေ ဖြန့်ဝေမှုနဲ့ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ကာကွယ်ရေး ဥပဒေတွေကို ချိုးဖောက်မှု စတဲ့ စွဲချက်တွေနဲ့ ရဲက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပြစ်မှုတခုတည်းနဲ့တောင် အများဆုံး ထောင် ၇ နှစ်ထိ ကျခံရနိုင်ပါတယ်။

"လူမှုအသိုင်းအဝန်းကြား လက်မခံတဲ့ အရာတွေကို လုပ်ဆောင်နေတယ်၊ ဘောင်ကျော်တယ်" လို့ စွပ်စွဲခံနေရတဲ့ တခြား ကျောင်းသားတွေလိုပဲ ပါနက်ဆရာလည်း အိမ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မိခင်ဖြစ်သူဆိုရင် သူ့ဆုံးဖြတ်ချက်အပေါ် ထိတ်လန့်ကြောက်ရွံ့နေပြီး ဆန္ဒပြပွဲတွေမသွားဖို့ သူ့ကို တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက် ငါးရက်အကြာမှာတော့ သူတို့ တယောက်နဲ့တယောက် စကားမပြောကြတော့ပါဘူး။

"အမေက စိုးရိမ်နေတာ သိပ်သိသာတယ်။ ဒါပေမဲ့ ကျွန်မ သူ့နားရှိနေချိန်ဆိုရင် စိုးရိမ်ပူပန်တဲ့အကြောင်း မပြသလို အရင်လိုလည်း မဆက်ဆံဘူး။ ဒါပေမဲ့ အစ်မနဲ့ အတူရှိနေပြီဆိုရင်တော့ သူတခါတလေ ငိုတယ်" လို့ ပါနက်ဆရာက ဖွင့်ဟပါတယ်။

နောက်ပိုင်းမှာတော့ သူ့အမေက သူလုပ်ချင်တာကို လုပ်ခွင့်ပေးခဲ့ပါတယ်။

သူ့စိတ်ထဲ လုပ်ဖို့လိုအပ်တာ မှန်သမျှ လုပ်နိုင်ပြီလို့လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဘုရင်စနစ်အကြောင်း ထုတ်ဖော်ပြောဆိုတာတွေ ရှောင်ကြဉ်ဖို့ကိုတော့ သတိပေးခဲ့ပါတယ်။

အခုတော့ ပါနက်ဆရာဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဆန္ဒပြပွဲ ကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်။

ထောင်နန်းစံရဖို့အတွက် စိတ်ပိုင်းဆိုင်ရာအရ သူ ပြင်ဆင်ထားပါတယ်။

ဒီဆန္ဒပြပွဲမှာ ဘုရင်စနစ်၊ စစ်တပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပညာရေး စတာတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသွားကြမှာပါ။

"ဒါတွေကို အပျော်အပျက် လုပ်နေတာ မဟုတ်ဘူးဆိုတာ အမေ နားလည်ဖို့လိုမယ်လို့ ကျွန်မ ထင်တယ်။ ဒါက အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ လုပ်ကို လုပ်ရမှာပါ။ ဒါကို တာဝန်တခုလို့လည်း ကျွန်မတို့က ယူဆတယ်။ အမေလည်း ဒါကို နားလည်ရပါမယ်။ကျွန်မအတွက် သူ ဂုဏ်ယူစေချင်ပါတယ်။ "