ကိုဗစ်ပိုးကို Test Kit သုံး စစ်တာက ဘာတွေ အကျိုးဖြစ်လာမလဲ

ဓာတ်ပုံ ရင်းမြစ်, MOHS
ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိကို မိနစ် အနည်းငယ် အတွင်း စစ်ဆေးသိရှိနိုင်မဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု Rapid Antigen Test Kit တွေကို မြန်မာပြည်မှာ စတင် အသုံးပြုနေပါပြီ။
ကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ RT - PCR (Reverse Transcription Polymerase Chain Reaction) စက်ကြီးတွေနဲ့ စစ်ဆေးတာက တစ်နေ့ကို လူ ၅၅၀၀ ဝန်းကျင် သာစစ်ဆေးနိုင်နေရာက အခုလို အလျင်အမြန် စမ်းသပ်နိုင်မယ့် ပစ္စည်းတွေနဲ့ ပိုးစစ်ရာမှာ လူတွေ ဘယ်လောက်တိုးစစ်နိုင်ပြီး ဘယ်လို အားသာချက်တွေ ရှိလာမလဲ။ အားနည်းချက်တွေကကော ဘာတွေပါလဲ။
ဘီဘီစီက အမေးတွေကို မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းရဲ့ ဖြေကြားချက်တွေအပေါ် အခြေခံပြီး ကောက်နုတ်တင်ပြလိုက်ပါတယ်။
ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း
အချိန်ကုန်သက်သာ၊ အန္တရာယ်ပိုနည်း
RT - PCR (Reverse Transcription Polymerase Chain Reaction) စက်ကြီးတွေနဲ့ စစ်ဆေးတာက ကာယကံရှင်ဆီက အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာတွေ ရောက်လာတဲ့ အချိန်က စပြီး ရေတွက်ရင် စစ်ဆေးရတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးက ၃ နာရီ ကနေ ၅ နာရီအထိ ကြာမြင့်တတ်ပါတယ်။
Rapid Antigen Test Kit နဲ့ စစ်ဆေးရာမှာ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာတွေနဲ့ ပဲ စစ်ဆေးရတာဖြစ်ပေမဲ့ စစ်ဆေးတဲ့ လုပ်ငန်းစဉ် က ၁၅ မိနစ် ကနေ မိနစ် ၃၀ လောက်ပဲ အချိန်ယူရတာပါ။
(အဲဒီ စစ်ဆေးတဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံး သက်ဆိုင်ရာ ဓာတ်ခွဲခန်းထဲမှာ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းက PPE Level 3 ဝတ်စုံပြည့်နဲ့ ရှိနေရတာမို့ အချိန်ရှည်ကြာကြီး တောက်လျှောက်လုပ်ကိုင်ရတာထက်စာရင် တိုတောင်းတဲ့ လုပ်ငန်းစဉ်ကြောင့် စစ်ဆေးမှု တစ်ခုနဲ့ တစ်ခု အကြား သက်တောင့်သက်တာဖြစ်အောင် ခဏနားလို့ ရနိုင်တဲ့ အကျိုးရှိပါတယ်)
RT - PCR နည်းနဲ့ စစ်မယ်ဆိုရင် အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့မှာ ပါလာတဲ့ ဗိုင်းရပ်စ်ကို မသေအောင် ဓာတ်ခွဲစမ်းသပ်ရည်တွေနဲ့ ထားရတဲ့အတွက် ဒါတွေကို ကိုင်တွယ်ဆောင်ရွက်ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အဖို့ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကကြီးပါတယ်။
Rapid Antigen Test Kit နည်းမှာတော့ လုပ်ငန်းစဉ်အတွင်း ဗိုင်းရပ်စ်ကို သေသွားအောင် လုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ အတွက် ကူးစက်ခံရမဲ့ အန္တရာယ်ပိုနည်းပါတယ် လို့ ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ဆိုပါတယ်။
မြန်မြန်သိ၊ မြန်မြန်ကွင်းဆက်ဖြတ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရပြီလို့ သံသယရှိတဲ့အတွက် စောင်ကြည့်နေရတဲ့ သံသယလူနာတွေ (Patients under Investigation - PUI) ဆီက ဓာတ်ခွဲခန်း တို့ဖတ် နမူနာတွေ ယူပြီး စစ်ဆေးရတဲ့အခါ RT - PCR နည်းနဲ့ စစ်ဆေးရင် အချိန်ယူတဲ့အတွက် (အဆိုပါသူက တကယ်ပိုးရှိနေပြီ ဆိုရင်) အဲဒီ အချိန် ၅ နာရီလောက် အတွင်း သူ့ဆီကနေ တခြားသူကို ကူးသွားနိုင်ပါတယ်။ Rapid Antigen Test Kit နည်းကတော့ အချိန်တိုတဲ့အတွက် ဒါမျိုးတွေ မဖြစ်အောင် တားနိုင်ပါတယ်။
RT - PCR နည်းနဲ့ စမ်းသပ်စစ်ဆေးနိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေ သင်တန်းယူရမှာဖြစ်သလို အချိန်လည်းပေးရပါတယ်။ Rapid Antigen Test Kit စမ်းသပ်နည်းကတော့ ပိုလွယ်ကူတဲ့ အတွက် ကျန်းမာရေးဝန်ထမ်း အရေအတွက် အများအပြားကို အချိန်တိုအတွင်း သင်တန်းပေးနိုင်ပါတယ်။
အခုအချိန်မှာ RT - PCR နည်းနဲ့ အလွန်ဆုံး တစ်နေ့ကို ၅၀၀၀ ကျော်လောက် သာ စစ်ဆေးပေးနိုင်တယ်ဆိုပေမဲ့ Rapid Antigen Test Kit နဲ့ စစ်ဆေးတာ အဆင်ပြေလာရင်၊ ဒီနည်းနဲ့ စစ်ဆေးပေးနိုင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ပိုများလာရင် အခု ဒီ ပမာဏထက် ၂ ဆ၊ ၃ ဆ ကို မကြာခင် လုပ်ပေးနိုင်ဖွယ်ရှိပါတယ်။
ရန်ကုန်က ဆေးရုံကြီး ၉ ခုမှာ Rapid Antigen Test Kit တွေနဲ့ စမ်းသပ်တာတွေ စလုပ်ပေးနေတာဆိုပေမဲ့ တခြားမြို့တွေက ဆေးရုံတွေမှာလည်း ဒီနည်းနဲ့ စစ်ဆေးသွားမှာတွေ ဖြစ်လာမှာပါ။
ဗိုင်းရပ်စ်ပိုးရှိသူတွေကို မြန်မြန်တွေ့လာရမှာဖြစ်တဲ့ အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်နိုင်ပြီး ပိုးကူးစက်တဲ့ ကွင်းဆက်ကို မြန်မြန်ဖြတ်တောက် နိုင်မယ့် အခွင့်အလမ်း ပိုများလာမှာလို့ ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ပြောပါတယ်။
စမ်းသပ်အဖြေ တိကျမှု
Rapid Antigen Test Kit နည်းနဲ့ စစ်တာက ၅၈% ကနေ ၈၅% အထိ မှန်ကန်တိကျမှု ရှိပါတယ် လို့ ဒေါက်တာ ဇော်သန်းထွန်းက ပြောပါတယ်။
စက်ကြီးသုံးပြီး RT - PCR နည်းနဲ့ ဗိုင်းရပ်စ်ပိုး ရှာဖွေတဲ့ အခါ ဓာတ်ခွဲခန်း တို့ဖတ် နမူနာထဲမှာ ဗိုင်းရပ်စ်ပိုး အနည်းငယ်ပါရင်လည်း ရှာဖွေတွေ့ နိုင်ပေမဲ့ Rapid Antigen Test Kit နည်းမှာတော့ တို့ဖတ် နမူနာထဲမှာ ပိုးများများ ပါလာမှ ရှာတွေ့ရတဲ့ အခွင့်အရေး ပိုများပါတယ်။
ဒါကြောင့်မို့ Rapid Antigen Test Kit နည်းနဲ့ စစ်မယ်ဆိုရင် လူနာရဲ့ အာခေါင်နဲ့ နှာခေါင်းနောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အများဆုံး ရှိနေနိုင်တဲ့ အချိန်ကာလလို့ သတ်မှတ်ထားတဲ့ ရောဂါလက္ခဏာစပြပြီးတဲ့ရက် နောက်ပိုင်း ၃ ရက် ကနေ ၆ ရက်ကြားမှာ ဓာတ်ခွဲခန်း တို့ဖတ်ယူတာ အကောင်းဆုံးလို့ သိရပါတယ်။
ရောဂါလက္ခဏာ စတင်မပြခင် ၁ ရက် ဒါမှမဟုတ် ၂ ရက် ကာလမှာလည်း အာခေါင်နဲ့ နှာခေါင်းနောက်ဘက်မှာ ဗိုင်းရပ်စ်တွေ အများအပြားရှိတတ်တယ်လို့လဲ ဒေါက်တာ ဇော်သန်းထွန်းက ပြောပါတယ်။
ဒါပေမဲ့ ရောဂါ လက္ခဏာပြပြီး ၇ ရက် ၈ ရက် ကြာသွားပြီးတဲ့အချိန်မှာ ဒီနည်းနဲ့ ပိုးရှိ မရှိ သိရဖို့ ခက်တတ်ပါတယ်။
ဒါကြောင့် အဖြေမှန်ကို သိန်နိုင်ရေးအတွက် ကိုယ့် ရောဂါလက္ခဏာ ရာဇဝင်ကို ကျန်းမာရေး ဝန်ထမ်းတွေကို သေသေချာချာ ပြောပြဖို့ လိုအပ်တယ်လို့လဲ သူက ဆိုပါတယ်။
ကိုယ်တိုင် စမ်းသပ်စစ်ဆေးနိုင်မလား
Rapid Antigen Test Kit နဲ့ ကိုယ်တိုင်စမ်းသပ်ဖို့ ဒေါက်တာ ဇော်သန်းထွန်းက အားမပေးပါဘူး။
ဓာတ်ခွဲခန်းနမူနာ တို့ဖတ်ယူပုံ၊ အဲဒါကို ကိုင်တွယ်ပုံ၊ Test Kit ကို အသုံးပြုပုံ စတာတွေ အတွက် ကျွမ်းကျင်အောင် လေ့ကျင့် သင်တန်းယူရတာဖြစ်သလို၊ (အရပ်သားတွေက) ကိုယ်တိုင်လုပ်ကြရင် ပိုးကူးစက်သွားနိုင်တဲ့ အန္တရာယ်များတဲ့ အတွက် သင်တန်းယူထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဆီသွားပြီး စစ်ဆေးမှုခံယူတာက အကောင်းဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။