လူသတ်မှုတွေ ကျုးလွန်ခဲ့ကြောင်း 'တွစ်တာ လူသတ်သမား' ဝန်ခံ

Takahiro Shiraishi

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၁၇ ခုနှစ်မှာ မစ္စတာ ရှီရာရှီကို ဖမ်းဆီးခဲ့စဉ်

တွစ်တာလူမှုကွန်ရက်ပေါ်ကနေ အဆက်အသွယ်လုပ်ပြီး လူ ၉ ဦးကို သတ်ဖြတ်ခဲ့တဲ့အကြောင်း ဂျပန်အမျိုးသားတဦးက ဖြောင့်ချက်ပေးခဲ့ပါတယ်။

ဒီအမှုဟာ ဂျပန်တနိုင်ငံလုံးကို အံ့အားသင့်စေခဲ့တဲ့ အမှုလည်းဖြစ်ပါတယ်။

"တွစ်တာ လူသတ်သမား" လို့လည်း ခေါ်ဝေါ်ကြတဲ့ တာကီဟီရို ရှီရာရှီရဲ့ အခန်းထဲမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ သူ အဖမ်းခံခဲ့ရပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ အချက်တွေအားလုံး "မှန်ကန်တယ်" လို့ ဗုဒ္ဓဟူးနေ့တုန်းက တရားရုံးတခုမှာ သူ ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ သေဆုံးသွားသူတွေဟာ သူတို့ကို သတ်ဖို့ သဘောတူခဲ့ပုံရတဲ့အတွက် သူ့အပေါ် ချမှတ်မယ့်ပြစ်မှုတွေကို လျှော့ပေါ့ပေးသင့်တယ်လို့ သူ့ရဲ့ ရှေ့နေတွေက စောဒက တက်နေကြပါတယ်။

လူသတ်မှုအဖြစ် စီရင်ချက် ချခဲ့ရင် မစ္စတာ ရှီရာရှီဟာ သေဒဏ် အပေးခံရမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ကြိုးမိန့်ပေးပြီး သေဒဏ်စီရင်လေ့ရှိပါတယ်။

ဒီအမှု တရားရုံး စစ်ဆေးချက်ကို လူအများအပြားက စိတ်ဝင်တစား ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့က ပထမဆုံး ကြားနာ စစ်ဆေးပွဲကို ကြည့်ရှု့ဖို့အတွက် အများပြည်သူ လာရောက်နားထိုင်နိုင်တဲ့ တရားရုံး ထိုင်ခုံ ၁၃ ခုံမှာ လူအယောက် ၆၀၀ ကျော် တန်းစီစောင့်နေကြတယ်လို့ NHK သတင်းဌာနက ရေးသားထားပါတယ်။

ဘာဖြစ်ခဲ့တာလဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သံသယ တရားခံ မစ္စတာ ရှီရာရှီဟာ "ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားနေတဲ့ အမျိုးသမီးတွေကို ဆက်သွယ်ဖို့ "၂၀၁၇ ခုနှစ် မတ်လထဲမှာ တွစ်တာအကောင့်တခု ဖွင့်ခဲ့တယ်လို့ တရားရုံး ရှေ့နေတွေက ပြောပါတယ်။

သူသတ်ခဲ့တဲ့ လူတွေထဲက ၈ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပြီး တဦးဆိုရင် အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

သူသတ်ခဲ့တဲ့ထဲမှာ အမျိုးသား ၁ ဦးပဲ ပါ ပါတယ်။

အသက် ၂၀ အရွယ် အဲဒီ အမျိုးသားဟာ သူ့ကောင်မလေး ဘယ်ရောက်နေလဲဆိုတာနဲ့ ပတ်သက်လို့ မစ္စတာ ရှီရာရှီနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးတဲ့နောက် အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဂျပန် သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

အသက် ၂၉ နှစ်အရွယ် မစ္စတာ ရှီရာရှီဟာ လောကမှာ အသက်ဆက်မရှင်ချင်ရင် သူ ကူညီနိုင်တယ်လို့ ပြောပြီး အဲဒီလူတွေကို စည်းရုံးသိမ်းသွင်းခဲ့ပုံရတယ်လို့ ယူဆရပါတယ်။

တချို့လူတွေကိုတော့ မင်းတို့ရဲ့ ဘေးမှာ ငါလည်း ငါ့ကိုယ်ငါ သတ်သေမှာပါလို့ ပြောခဲ့ပုံ ရပါတယ်။

"ထိခိုက်နာကျင်ခံစားနေရတဲ့ သူတွေကို ကူညီချင်ပါတယ်။ ကျွန်တော့်ဆီ အချိန်မရွေး မက်ဆေ့ပို့ကြပါ" လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

သူ သတ်ခဲ့တဲ့ထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ လူငယ်အမျိုးသမီးတဦး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ်အတွင်း အခုလို လူအများပြားကို သတ်ခဲ့တယ်ဆိုတဲ့အကြောင်း ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးက ဇာမာမြို့က မစ္စတာ ရှီရာရှီရဲ့ အခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့တဲ့အချိန်မှာတော့ သူ့အခန်းထဲမှာ ဖြတ်တောက်ထားတဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သူ့ရှေ့နေတွေက ဘာပြောလဲ

မစ္စတာ ရှီရာရှိဟာ သူတို့ကို သတ်ပေးဖို့ အဲဒီလူတွေ ကိုယ်တိုင်က သဘောတူခဲ့တယ်၊ ဒါကြောင့် "နှစ်ဦးသဘောတူ ခွင့်ပြုချက်နဲ့ ကျုးလွန်တဲ့ လူသတ်မှု" အဖြစ် ပြစ်မှုတွေကို လျှော့ချပေးသင့်တယ်လို့ သူရဲ့ ရှေ့နေတွေက ပြောနေပါတယ်။

ဒီပြစ်မှုကတော့ ထောင်ဒဏ် ၆ လကနေ ၇ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာ ရှီရာရှီဟာ သူ့ရှေ့နေတွေနဲ့ သဘောထားကွဲလွဲမှု ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

သေဆုံးသွားသူတွေရဲ့ ခွင့်ပြုချက်မပါဘဲ ဒီလူတွေကို သတ်ခဲ့တယ်လို့ နေ့စဉ်ထုတ် ဂျပန် သတင်းစာတစောင်ဖြစ်တဲ့ မီနီဂျီ ရှင်ဘွန်းကို သူ ပြောခဲ့ပါတယ်။

"သေဆုံးသွားသူတွေရဲ့ ခေါင်းနောက်မှာ ဒဏ်ရာဒဏ်ချက်တွေ ရှိပါတယ်။ ဒါဟာ သူတို့ဆီက ဘာသဘောတူညီမှ မရဘဲ ကျုးလွန်ခဲ့တာ ဖြစ်သလို သူတို့ခုခံလို့ မရအောင် အဲဒီလို လုပ်ခဲ့တာပါ" လို့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေတဲ့ အဲဒီသတင်းစာမှာ သူပြောထားပါတယ်။

ဒီသတ်ဖြတ်မှုတွေကြောင့် ဘာသက်ရောက်မှုတွေ ရှိခဲ့လဲ

ဒီလူသတ်မှုတွေဟာ ဂျပန်တနိုင်ငံလုံးကို အံအားသင့်စေခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ အဲဒီလူသတ်မှုတွေ ပေါ်ထွက်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာနဲ့ ပတ်သက်လို့ ဝက်ဆိုဒ်တွေပေါ်မှာ ဆွေးနွေးသင့်မသင့် ငြင်းခုန်မှုတွေ ရှိလာပါတယ်။

ဒီလူသတ်မှုတွေကြောင့် တွစ်တာကလည်း အပြောင်းအလဲတခု လုပ်ခဲ့ရပါတယ်။

တွစ်တာ အသုံးပြုသူတွေကိုလည်း "ကိုယ်ကိုယ့်ကိုယ် အဆုံးစီရင်တာ၊ ထိခိုက်နာကျင်အောင်လုပ်တာတွေကို တွန်းအားပေး အားပေးအားမြှောက် မလုပ်သင့်ဘူး" ဆိုတာ သတ်မှတ်ပြဌာန်းဖို့ တွစ်တာကလည်း သူ့ရဲ့ စည်းမျဉ်းဥပဒေတွေကို ပြင်ဆင်ခဲ့ပါတယ်။

ဒီအမှုဟာ "အင်မတန်" ဝမ်းနည်းဖို့ ကောင်းတယ်လို့ တွစ်တာ အမှုဆောင် အရာရှိချုပ် ဂျက်ခ် ဒေါ်ဆီက အဲဒီအချိန်တုန်းက ပြောခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာနဲ့ ပတ်သက်လို့ ကာကွယ်တားဆီးရေး အစီအမံတွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က ချမှတ်ခဲ့ပြီးနောက်ပိုင်း သေဆုံးသူ အရေအတွက် လျော့ကျလာတယ်ဆိုပေမယ့် စက်မှုဖွံဖြိုးပြီး နိုင်ငံတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အများဆုံး နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နေခဲ့တာ အတော်လေး ကြာခဲ့ပြီ ဖြစ်ပါတယ်။