အမေရိကန် ရွေးကောက်ပွဲ - ရုပ်သံ စကားစစ်ထိုးပွဲမှာ မပါတော့ဘူးလို့ ထရမ့်ပြော

ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့ ပထအအကြိမ် စကားစစ်ထိုးပွဲမှာတုန်းက အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ ကြားဖြတ်ပြောတာတွေ လုပ်ခဲ့ကြပါတယ်။

အမေရိကန် ရွေးကောက်ပွဲအတွက် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ တစ်နေရာစီကနေ ရုပ်သံက လုပ်မယ့် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့ကို သမ္မတ ထရမ့်က ငြင်းဆိုလိုက်ပါတယ်။

မိုင်ယာမီမှာ အောက်တိုဘာ ၁၅ ရက်မှာ လုပ်မယ့် စကားစစ်ထိုးပွဲကို ထရမ့်နဲ့ ဘိုင်ဒန်တို့ မျက်နှာချင်းဆိုင်မဟုတ်ဘဲ အဝေးတစ်နေရာစီကနေ စကားစစ်ထိုးကြဖို့ ပွဲကြီးကြပ်ရေးကော်မရှင်က ဆုံးဖြတ်ခဲ့အပြီးမှာ သူက အခုလို ပြောတာပါ။

မစ္စတာ ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ့ပြီး နောက် အဲဒီလို ဆုံးဖြတ်ခဲ့တာပါ။

သူ့ဆရာဝန်ကတော့ ထရမ့်ကို ဆေးရုံမှာ ကုသပေးပြီးနောက် ဆင်းလာခဲ့ပြီ အခုဘာရောဂါ လက္ခဏာမှ ရှိမနေဘူးလို့ ပြောပါတယ်။

အခုလို အဝေးကနေ စကားစစ်ထိုးစေတာဟာ သူ့ပြိုင်ဘက်ကို အကာအကွယ်ပေးဖို့ လုပ်တာပဲလို့ မစ္စတာ ထရမ့်က ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ ဘိုင်ဒန်ရဲ့ မဲဆွယ်အဖွဲ့ကတော့ သူတို့ သမ္မတလောင်းက စကားစစ်ထိုးပွဲမှာ ပါမယ်လို့ ပြောပါတယ်။

သမ္မတ ထရမ့်က "တစ်ယောက်တည်း ထိုင်ပြီး စကားစစ်ထိုးရမှာမျိုးမှာ အချိန်မဖြုန်းဘူး။ ကွန်ပျူတာနောက်မှာထိုင်နေရမှာ ဟာသပဲ။ သူတို့က ဖြတ်ကြ၊တောက်ကြဦးမှာ။ အဲဒီလို အွန်လိုင်းကလုပ်မယ့် စကားစစ်ထိုးပွဲ မလုပ်ဘူး" လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အိမ်ဖြူဝန်ထမ်းတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရှိခဲ့

ပြီးခဲ့တဲ့ ပထအအကြိမ် စကားစစ်ထိုးပွဲမှာတုန်းက အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ ကြားဖြတ်ပြောတာတွေ လုပ်ခဲ့ကြပါတယ်။

အဲဒီ စကားစစ်ထိုးပွဲကို "ဖရိုဖရဲ"နဲ့ "ရုပ်ဆိုး" တယ်ဆိုတဲ့ စကားလုံးတွေနဲ့ အမေရိကန် မီဒီယာတွေက ပုံဖော်ခဲ့ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ မိုက်ပန့်စ်နဲ့ ကာမလာ ဟားရစ်တို့ ဒုသမ္မတလောင်း နှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲကတော့ အများကြီး ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့ပါတယ်။

သမ္မတလောင်းတွေရဲ့ နောက်တစ်ကြိမ် စကားစစ်ထိုးပွဲကို မိုင်ယာမီမှာ လုပ်ဖို့ စီစဥ်ထားခဲ့တာပါ။ အဲဒီမှာ ဒေသခံတွေက သမ္မတလောင်းတွေကို မေးခွန်းတွေ မေးနိုင်မယ့် အစီအစဥ်လည်း ပါပါတယ်။

ဒါပေမဲ့ စကားစစ်ထိုးပွဲ ကြီးကြပ်ရေး ကော်မရှင်ကတော့ သမ္မတလောင်းတွေက အဝေး တစ်နေရာစီကနေ ပြော၊ တက်ရောက်သူတွေနဲ့ ပွဲကို ထိန်းသိမ်းကြီးကြပ်သူတို့က မိုင်ယာမီကနေ တက်ရောက်ကြရမယ်လို့ ဆိုပါတယ်။

ဒီလိုဆုံးဖြတ်တာဟာ ပါဝင်သူအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရေးကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒီတစ်ကြိမ် စကားစစ်ထိုးပွဲ ကြီးကြပ်သူက C-SPAN က နိုင်ငံရေး အယ်ဒီတာ စတိဗ် စကာလီ ဖြစ်ပါတယ်။ သူက ဘယ်တုန်းကမှ ထရမ့် ဘက်မှာမရှိသူလို့ ကြာသပတေးနေ့မှာ မစ္စတာ ထရမ့်က ပြောပါတယ်။

အရင်ကတော့ မစ္စတာ ဘိုင်ဒန်နဲ့ စင်ပေါ်မှာ စကားစစ်ထိုးဖို့ မျှော်လင့်နေတယ်လို့ မစ္စတာ ထရမ့်က ပြောထားပြီး မစ္စတာ ဘိုင်ဒန်ကလည်း ဆေးပညာရှင် တွေက စင်ပေါ်မှာ စကားစစ်ထိုးဖို့ ခွင့်ပြုမယ်ဆိုရင် ထရမ့်နဲ့ စင်တစ်ခုတည်းမှာ အတူ ပြောမယ်လို့ တနင်္လာနေ့မှာ ပြောထားပါတယ်။