အမေရိကန် ရွေးကောက်ပွဲ ၁၁ ရက် အလိုမှာလုပ်တဲ့ နောက်ဆုံး စကားစစ်ထိုးပွဲ

ထရမ့် (ဘယ်) နဲ့ ဘိုင်ဒန် (ညာ) တန်နက်ဆီမှာ နောက်ဆုံးအကြိမ် စကားစစ်ထိုး
ဓာတ်ပုံ ပုံစာ,

ထရမ့် (ဘယ်) နဲ့ ဘိုင်ဒန် (ညာ) တန်နက်ဆီမှာ နောက်ဆုံးအကြိမ် စကားစစ်ထိုး

ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်တဲ့ နောက်ဆုံးစကားစစ်ထိုးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတနေရာအတွက် စိန်ခေါ်သူ ဂျိုးဘိုင်ဒန်တို့ ကိုဗစ်အရေး ကိုင်တွယ်ပုံတွေ၊ လူမျိုးရေးခွဲခြားတာတွေ စတာတွေနဲ့ ပတ်သက်လို့ အပြင်းအထန် ငြင်းခုံခဲ့ကြသလို၊ အဂတိလိုက်စားတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ကမ္ဘာ့ကပ်ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ပတ်သက်လို့ မစ္စတာ ဘိုင်ဒန် လော့ခ်ဒေါင်းတွေ ထပ်မလုပ်ဘူးလို့ မဆိုနိုင်ကြောင်း ပြောပေမဲ့ မစ္စတာ ထရမ့်ကတော့ အမေရိကန်ကို ပြန်ဖွင့်ရမယ် ဆိုတာကို ထပ်လောင်း ပြောခဲ့ပါတယ်။

အချက်အလက်အထောက်အထား မပြနိုင်ပေမဲ့ မစ္စတာ ထရမ့်က မစ္စတာ ဘိုင်ဒန်ဟာ သူ့သားဖြစ်သူရဲ့ စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတွေကနေ သူ့ကိုယ်ပိုင်အမြတ်အစွန်းတွေရနေတယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ် မစ္စတာ ဘိုင်ဒန်ကတော့ မစ္စတာ ထရမ့်ရဲ့ အခွန်ပေးဆောင်တာတွေက ရှင်းလင်းမြင်သာမှုမရှိတာကို ထောက်ပြပြောခဲ့ပါတယ်။

ရွေးကောက်ပွဲက ၁၁ ရက်ပဲ လိုတော့တော့အချိန်မှာ လူထုစစ်တမ်းတွေထဲ မစ္စတာ ဘိုင်ဒန်က ရှေ့က အတော်ပြေးနေပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲဆိုတာ လူထုမဲပိုရတာက ရွေးကောက်ပွဲနိုင်ပြီလို့ မဆိုနိုင်သလို အခုလည်း အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေမှာ လူကြိုက်များတဲ့အခြေအနေက တစ်ယောက်နဲ့ တစ်ယောက် မကွာလှပါဘူး။

ကပ်ရောဂါကြောင့် ကြိုတင်မဲပေးသူတွေများပြီး မဲဆန္ဒရှင် ၄၇ သန်းကျော်က သူတို့မဲတွေကို ထည့်ပြီးသွားကြပါပြီ။

ဗီဒီယို ပုံစာ,

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ ဘာထူးခြားသလဲ

ဒီအရေအတွက်ဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲအရေအတွက်ထက် များပါတယ်။ အမေရိကန်မှာ မဲပေးခွင့်ရှိတဲ့လူပေါင်း သန်း ၂၃၀ လောက်ရှိပါတယ်။

စကားစစ်ထိုးပွဲမှာ လေသံ တွေကဘယ်လိုရှိခဲ့လဲ

ဒီတစ်ခေါက် စကားစစ်ထိုးပွဲကတော့ အရင်တစ်ခေါက်ထက် အဖုအထစ်တွေ နည်းပြီး အနှစ်အသားပါတဲ့စကားတွေပြောတာ ပိုတွေ့ခဲ့ရပါတယ်။ စက်တင်ဘာ ၂၉ ရက်က လုပ်ခဲ့တဲ့ပွဲမှာ စော်ကားပြောဆိုတာတွေ၊ နာမည်ပျက်အောင် တံဆိပ်ကပ် အပုပ်ချတာတွေ စတာတွေက ပိုများခဲ့တယ်လို့ အများကမြင်ခဲ့ကြပါတယ်။

အရင်တစ်ခေါက်ကဖြစ်ခဲ့တာတွေကို အခြေခံပြီးတော့ တစ်ယောက်စကားမဆုံးခင် ဖြတ်ဖြတ်ပြောတာတွေ မများရအောင် ဒီတစ်ခေါက်မှာတော့ တစ်ယောက် စကားပြောနေချိန်မှာ တခြား တစ်ယောက်ရဲ့ မိုက်ကရိုဖုန်းကို ပိတ်ထားပါတယ်။

ဒါပေမဲ့ တန်နက်ဆီပြည်နယ်ကိုသွားပြီး NBC က လုပ်တဲ့ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသမှုမှာ သမ္မတလောင်း ၂ ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ အတော်များများလုပ်ကြတာ ကို တွေ့ခဲ့ရပြီး သူတို့ တစ်ယောက်နဲ့ တစ်ယောက် မလိုလားကြတာက အတော်သိသာပါတယ်။

ငြင်းခုံပြီးကြလို့ အဆုံးသတ်ခါနီးချိန် တဦးချင်းစီက နိုင်ငံအတွက် လုပ်ပေးမယ့်အရာတွေ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ပြောတဲ့အခါမှာလည်း အတော့်ကို ကွဲပြားခြားနားတဲ့ အမြင်တွေကိုတွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေးကို ကိုယ်တွယ်မဲ့ နည်းလမ်းက အစ ရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်ရေးအလယ် ရုပ်ကြွင်းလောင်စာသုံး စွမ်းအင်စက်ရုံတွေ ပိတ်မပိတ် ကိစ္စတွေ အဆုံး ကွဲပြားတာကို တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အရေး

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှု ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ သမ္မတလောင်း ၂ ယောက်အကြား ကွဲပြားမှုက အထင်အရှားပါ။

သိပ္ပံပညာရှင်တွေက လော့ခ်ဒေါင်းတွေထပ်လုပ်ဖို့ အကြံပေးရင်ထောက်ခံမလားဆိုတဲ့ အမေးကို မစ္စတာ ဘိုင်ဒန်က လော့ခ်ဒေါင်းတွေကို စဉ်းစားချက်ကနေ ဖယ်ထုတ်မထားဘူးလို့ ဖြေပါတယ်။

ဒါပေမဲ့ မစ္စတာ ထရမ့်ကတော့ ဒီရောဂါရပေမဲ့ အများစုလူတွေ ပြန်နာလန်ထူလာတာကြောင့် လော့ခ်ဒေါင်းလုပ်မယ်ဆိုရင် စီးပွားရေးကို ထပ်ထိခိုက်မဲ့အတွက် လော့ခ်ဒေါင်းလုပ်တာဟာ မှားတယ်လို့ ဆိုပါတယ်။

"ဒီနိုင်ငံက အလွန်ကြီးမားတဲ့ စီးပွားရေးရှိပြီး လူဦးရေ အများကြီးရှိတဲ့ နိုင်ငံပါ" လို့ သမ္မတ ထရမ့်က ပြောပါတယ်။ "လူတွေက အလုပ်တွေပြုတ်ကုန်ပြီ၊ ကိုယ့်ကိုယ်ကို သတ်သေနေကြတယ်၊ သူတို့ စိတ်ကျရောဂါတွေ ဖြစ်နေတာ၊ အရက်စွဲ၊ ဆေးစွဲဖြစ်နေတာ ဒါတွေ အရင်တုန်းက ဒီလောက်အထိ ဖြစ်ခဲ့တာ မဟုတ်ဘူး။"

မစ္စတာ ထရမ့်က ဗိုင်းရပ်စ်က "ရှုံးတော့မှာ" လို့ ဆိုပြီး ကာကွယ်ဆေးက ဒီနှစ်ကုန်ဆို အဆင်သင့်ဖြစ်ပြီလို့ ပြောပါတယ်။ မစ္စတာ ဘိုင်ဒန်ကတော့ နိုင်ငံဟာ "အမှောင်ဖုံးမဲ့ ဆောင်းတွင်း" ကို ဦးတည်သွားနေတာလို့ သတိပေးပါတယ်။

မစ္စတာ ထရမ့်က "ကျွန်တော်တို့ ဒီဟာ (ဗိုင်းရပ်စ်)နဲ့ အတူဘယ်လိုနေထိုင်ရမလဲဆိုတာ လေ့လာသင်ယူနေတာ" လို့ ပြောတဲ့အခါ မစ္စတာ ဘိုင်ဒန်က "ဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ သေကြေနေရတာ" လို့ တုံ့ပြန်ပါတယ်။

မစ္စတာ ဘိုင်ဒန်က အမေရိကန်ပြည်သူ ၂၂၀, ၀၀၀ ကျော် သေဆုံးခဲ့ရတာဟာ မစ္စတာ ထရမ့် ကမ္ဘာ့ကပ်ကို ကိုယ်တွယ်ခဲ့ပုံရဲ့ ဆိုးကျိုးဆက်တွေလို့ ဆိုကာ အပြစ်ပုံပါတယ်။

သူက "ဒီလောက်များတဲ့လူတွေ သေဆုံးခဲ့ရတာမှာ တာဝန်ရှိတဲ့သူက အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ အဖြစ် ဆက်မရှိသင့်ဘူး" လို့ ပြောပါတယ်။

လူမျိုးရေးခွဲခြားမှု

လူမျိုးရေးခွဲခြားတာတွေနဲ့ပတ်သက်ပြီး အပြန်အလှန်ပြောကြတဲ့အထဲမှာ မစ္စတာ ထရမ့်က "သူက ဒီခန်းမထဲမှာ လူမျိုးရေးခွဲခြားတဲ့စိတ် အနည်းဆုံးရှိတဲ့သူ" လို့ ဆိုပါတယ်။

၁၉၉၄ ရာဇဝတ်မှု ဥပဒေ အကြောင်း သူက ထုတ်ပြောပြီး မစ္စတာ ဘိုင်ဒန်ဟာ အဲဒီဥပဒေ မူကြမ်းရေးဆွဲရာမှာ ကူညီခဲ့တဲ့သူလို့ ဆိုပါတယ်။ ဒီဥပဒေနဲ့ အာဖရိကနွယ်ဖွား အမေရိကန်အတော်များများ ထောင်ထဲရောက်နေတာမို့ လူမည်းတွေရဲ့ အသက်ကလည်း တန်ဖိုးရှိတယ် (Black Lives Matter) လှုပ်ရှားမှုက ဒီဥပဒေကို ဝေဖန်နေတာပါ။

ဒါပေမဲ့ မစ္စတာ ဘိုင်ဒန်က မစ္စတာ ထရမ့်ဟာ "ခေတ်သစ်သမိုင်းမှာ လူမျိုးရေးခွဲခြားစိတ်အများဆုံး အမေရိကန် သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်၊ လူမျိုးရေးအမုန်း မီးပွားတိုင်းကို ဓာတ်ဆီလောင်းပေးနေတဲ့သူ" လို့ ပြောပါတယ်။

အဂတိလိုက်စားမှုတွေအကြောင်း

မစ္စတာ ဘိုင်ဒန်ရဲ့ သားဖြစ်သူ ဟန်တာရဲ့ အီးမေးလ်တွေကိုအကြောင်းကို မစ္စတာ ထရမ့်က ပြောခဲ့ပါတယ်၊ အဲဒီ အီးမေးလ်တွေက ပေါက်ထွက်လာတာလို့ ဆိုကြပြီး ဟန်တာ တရုတ်မှာ စီးပွားရေးသဘောတူညီချက်တွေ လုပ်ထားတာတွေကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မစ္စတာ ဘိုင်ဒန်ကတော့ သူ ဒုတိယ သမ္မတ တာဝန်ယူစဉ်က အဲဒီ စီးပွားရေးဆိုင်ရာကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ပုံစံမျိုး မစ္စတာ ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ ဘာမှ အခြေအမြစ်မရှိဘူးလို့ ဆိုကာ ငြင်းဆိုပါတယ်။

မစ္စတာ ထရမ့်က "ဒါတွေနဲ့ ပတ်သက်လို့ ခင်ဗျားအနေနဲ့ အမေရိကန်ပြည်သူတွေကို ရှင်းပြဖို့တာဝန်ရှိတယ်လို့ ထင်တယ်" လို့ ပြောပါတယ်။

ဟန်တာ ဘိုင်ဒန် ယူကရိန်းနဲ့ တရုတ်မှာ ဘာတွေလုပ်နေလဲ လို့လည်း အမေးထုတ်ခဲ့ပါတယ်။

မစ္စတာ ဘိုင်ဒန်က "ဘယ်နိုင်ငံကနေမှ တပြားတချပ် ဘယ်တုန်းကမှ မယူခဲ့ဘူး" လို့ပြောပါတယ်။

နောက်တော့ ဒုတိယသမ္မတဟောင်းဟာ နယူးရော့ခ်တိုင်းမ် သတင်းစာက သတင်းတခုကို ကိုးကားပြီး မစ္စတာ ထရမ့် အခွန်တွေ ကိစ္စကို ပြောပါတယ်။ အဲဒီသတင်းထဲမှာ မစ္စတာထရမ့်ဟာ တရုတ်နိုင်ငံမှာ ဘဏ့်အကောင့် တစ်ခုဖွင့်ထားတယ်၊ ၂၀၁၃ - ၁၅ ခုနှစ်တွေအတွင်း တရုတ်နိုင်ငံကို အခွန် ၁၈၈, ၅၆၁ ဒေါ်လာဆောင်ခဲ့တယ်၊ အမေရိကန်ကို သူပေးတဲ့အခွန်ကို ကြည့်ရင် ၂၀၁၆ - ၁၇ နှစ်တွေမှာ ဒေါ်လာ ၇၅၀ ရှိတယ်ဆိုတာကို ရေးထားပါတယ်။ မစ္စတာ ဘိုင်ဒန်က အဲဒါတွေကို နှိုင်းယှဉ်ပြောသွားပါတယ်။

မစ္စတာထရမ့်ကတော့ "ကျွန်တော့်မှာ ဘဏ့်အကောင့်တွေ အတော်များများရှိပါလိမ့်မယ်၊ ဒါတွေအားလုံးက စာရင်းရှိပါတယ်၊ နေရာတိုင်းမှာလည်းတွေ့နိုင်ပါတယ်" လို့ ဆိုရင်း "ကျွန်တော်က စီးပွားရေးသမား လုပ်ခဲ့တာလေ၊ စီးပွားရေးလုပ်ခဲ့တာ" လို့ ချေပပါတယ်။

ရာသီဥတုအရေးနဲ့လဲ အချေအတင်

မစ္စတာ ဘိုင်ဒန်က ရာသီဥတုပြောင်းလဲလာတဲ့အရေးဟာ "လူသားအားလုံးအတွက် ကြီးမားလှတဲ့ ခြိမ်းခြောက်မှု" လို့ ဆိုပြီး မစ္စတာ ထရမ့်ကို သဘာဝပတ်ဝန်းကျင်ညစ်ညမ်းအောင်လုပ်နေတဲ့သူတွေအပေါ် ကန့်သတ်တာတွေ လျှော့ချပေးတဲ့အတွက် တိုက်ခိုက်ပြောဆိုပါတယ်။

"သဘာဝပတ်ဝန်းကျင် သန့်ရှင်းအောင်လုပ်ဖို့အတွက် ကျွန်တော်တို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ၄ နှစ်လုံးလုံး ဒီလူက ဖျက်ပစ်လာခဲ့တာ၊ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ကျ ဘေးတွေ့မှာ အသေအချာပဲ" လို့ သူက ပြောပါတယ်။

ပဲရစ် ရာသီဥတု သဘောတူညီချက် ကနေ ထွက်လိုက်တဲ့ သူ့ ဆုံးဖြတ်ချက်ကို မစ္စတာ ထရမ့်က ကာကွယ်ပြောခဲ့ပြီး သူ့အနေနဲ့ " သန်းပေါင်း ဆယ် ဂဏန်းနဲ့ ချီရှိနေတဲ့ အလုပ်တွေကို စွန့်လွှတ်လို့မရဘူး၊ ထောင်ပေါင်းများစွာသော ကုမ္ပဏီတွေကို အဆုံးရှုံးခံလို့ မရဘူး" လို့ဆိုပါတယ်။

လောင်စာ မူဝါဒနဲ့ ပတ်သက်ပြီး ၂ ယောက် ထိပ်တိုက်တွေ့ကြကာ မစ္စတာ ထရမ့်က သူ့နေရာကို စိန်ခေါ်တဲ့သူကို "ခင်ဗျားက ရေနံလုပ်ငန်းတွေကို ပိတ်ပစ်မှာလား" လို့ အမေးထုတ်ပါတယ်။

"ကျွန်တော် ရေနံထုတ်လုပ်ငန်းတွေကို အသွင်ပြောင်းမယ် ဆိုတာ အသေအချာပဲ"၊ "ဘာလို့လဲဆိုတော့ ရေနံတွေက သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ညစ်ညမ်းနေတာ" လို့ ပြောပါတယ်။

သူက ရေနံကုမ္ပဏီအကြီးစားတွေကို အချိန်ကာလတစ်ခုခုမှာ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်သွားအောင် လုပ်ရမယ်၊ အမေရိကန်ဟာ ကာဗွန်လုံးဝ မထုတ်လွှင့်တဲ့နိုင်ငံဖြစ်အောင် ရည်မှန်းကာ လျှောက်လှမ်းသွားရမယ်လို့ ပြောပါတယ်။

"ရေနံထုတ်လုပ်ငန်းတွေကို ဖျက်ဆီးပစ်မယ်လို့ သူပြောနေတာပဲ" လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

ဗီဒီယို ပုံစာ,

ထရမ့်နဲ့ ဘိုင်ဒဲန် ပထမဆုံးအကြိမ် စကားစစ်ထိုး

ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး

အမေရိကန်တောင်ဘက် နယ်စပ်တွေက ဝင်လာတဲ့ ပြည်ဝင်ခွင့်အထောက်အထားမရှိသူ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေးနဲ့ ပတ်သက်လို့ ပြောကြရာမှာတော့ ကလေးတွေကို မိဘတွေနဲ့ ခွဲထားခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာထရမ့်ရဲ့ ပေါ်လစီကို အမေးထုတ်တဲ့အခါ ၂ ယောက်သား ထပ်ငြင်းခုံပြန်ပါတယ်။

'ဘယ်သူက ထိန်းသိမ်းရေးစခန်းတွေ ဆောက်ခဲ့တာလဲ ဂျိုး' လို့ မစ္စတာ ထရမ့်က ခွန်းတုံ့ပြန်ပါတယ်။

သမ္မတအိုဘားမားလက်ထက်မှာလည်း ဒီရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ကလေးတွေကို ထိန်းသိမ်းထားခဲ့တယ်ဆိုတာ မစ္စတာ ထရမ့်က ထောက်ပြတာပါ။

ဒါပေမဲ့ ဒုသမ္မတဟောင်းက ထရမ့်အစိုးရဟာ မိဘတွေနဲ့ သားသမီးတွေကို ခွဲထားခဲ့တယ်၊ ဒါက ရာဇဝတ်မှုပဲလို့ ပြောပါတယ်။

တခြား ထူးထူးခြားခြားရှိခဲ့တာတွေ

ကိုယ်စားလှယ်လောင်း ၂ ယောက်လုံးက သူတို့ တာဝန်ယူထားကြစဉ်ကာလတွေအတွင်း ကတိပေးခဲ့တာတွေကို ပြည့်မီအောင် လုပ်မပေးနိုင်ခဲ့ဘူးလို့ အပြန်အလှန် စွပ်စွဲကြပါတယ်။

မစ္စတာ အိုဘားမား အစိုးရ လက်ထက်တုန်းက လုပ်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီတဲ့ ကုန်ကျစားရိတ်အတွင်းမှာ ရဖို့ အာမခံတဲ့ ဥပဒေ (Affordable Care Act) ကို မစ္စတာ ထရမ့်က သူ့ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်နဲ့ အစားထိုးမယ်လို့ ပြောခဲ့ပြီး ဖြစ်မလာတဲ့အပေါ် မစ္စတာ ဘိုင်ဒန်က သူ့ပြိုင်ဘက်ကို မေးခွန်းထုတ်ပါတယ်။ လုပ်ပြမယ်လို့ ပြောနေတာကြာပြီး "သူ ဘာအစီအစဉ်မှ ထုတ်ပြမလာန်နိုင်ဘူး" လို့ ဆိုပါတယ်။

သမ္မတထရမ့်ကတော့ မစ္စတာ ဘိုင်ဒန် တာဝန်ယူထားတဲ့အချိန်မှာ တာဝန်ယူပြီးလုပ်ထားတာ ဘာမှမရှိတာကို ပြန် ထောက်ခဲ့ပါတယ်။

"ခင်ဗျားက ဘာလုပ်မယ်၊ ဘာမယ် ဒါတွေပဲပြောနေတာပဲ။ ဒါပေမဲ့အရင်တုန်းက ခင်ဗျားတို့လုပ်ဖို့တာဝန်ရှိတဲ့ အချိန်မှာ ဘာမှလဲ လုပ်ခဲ့တာမဟုတ်ဘူး"

"ဂျိုး၊ ကျွန်တော် သမ္မတနေရာ ဝင်အရွေးခံခဲ့တာ ခင်ဗျားကြောင့်၊ ဘားရက်ခ် အိုဘားမားကြောင့်၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ လုပ်ထားတာက စွံမှ မစွံတာကိုး"