အင်ဒိုနီးရှားနဲ့ အရှေ့တီမောမှာ ရုတ်တရက် ရေကြီး မြေပြိုမှုတွေ အတွင်း လူ ၁၀၀ ကျော်သေဆုံး

အင်ဒိုနီးရှား၊ ရေကြီး မြေပြို၊ အရှေ့ဖလောရက်စ်ကျွန်းစု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ရေကြီး၊ မြေပြိုမှုဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့အထဲမှာ အရှေ့ဖလောရက်စ်ကျွန်းစု ပါဝင်

အင်ဒိုနီးရှားနဲ့ အရှေ့တီမောမှာ တနင်္ဂနွေနေ့က ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့အပြီး အနည်းဆုံး လူ ၁၀၁ ဦး သေဆုံးခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသက နိုင်ငံတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး ဆည်တွေ ကျိုးပေါက်၊ ရေတွေ လျှံထွက်ခဲ့တဲ့အတွက် အိမ်ခြေ ထောင်သောင်းချီ ရေလွှမ်းမိုးခဲ့ပြီး နေရာအနှံ့အပြား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက ဖလောရက်စ်ကျွန်းစုကနေ အရှေ့တိမောအထိ ရေကြီးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ တစ်ခုတည်းမှာတင် လူ ၈၀ သေဆုံးခဲ့ပြီး အတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက် ဒါ့ထက် ပိုများလာနိုင်တယ်လို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက သတိပေးထားပါတယ်။

"ရွှံ့နွံတွေ ဖုံးလွှမ်းနေမှုနဲ့ ရာသီဥတု ဆိုးဝါးနေမှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနေပြီး အပျက်အစီးပုံတွေကြောင့်လည်း ရှာဖွေ ကယ်ဆယ်ရေးတွေကို အနှောင့်အတား ဖြစ်နေရပါတယ်"လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး လုပ်ငန်းအဖွဲ့ ပြောခွင့်ရသူ ရာဒစ်တယာ ဒီဂျာတီ က သတင်းထောက်တွေကို ပြောပြပါတယ်။

လူအတော်များများ အပျက်အစီးပုံအောက် နစ်မြုပ်နေတယ်လို့ ယူဆရပေမဲ့ ဘယ်လောက်များများ ပျောက်ဆုံးနေသလဲ ဆိုတာကိုတော့ အသေအချာ မသိရဘူးလို့ အရှေ့ ဖလောရက်စ်ကျွန်းစု သဘာဝဘေး ကာကွယ်ရေး အေဂျင်စီအဖွဲ့ အကြီးအကဲ အယ်လ်ဖွန် ဟာဒါ ဘီသန် က ပြောပါတယ်။

"ခရိုင်ဒေသငယ်တိုင်းမှာ ဘေးကင်းလုံခြုံရာ နေရာကို ထွက်ပြေးကြသူတွေ ရာပေါင်းများစွာ ရှိပါတယ်။ ဒါပေမဲ့ တခြားလူ အတော် များများက ကိုယ့်မှာပဲ ဆက်နေနေကြပါတယ်။ သူတို့အတွက် ဆေးဝါး၊ စားနပ်ရိက္ခာ၊ ခြုံစောင်တွေ လိုနေပါတယ်"

အရှေ့တီမောမှာလည်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့တယ်လို့ အဲဒီက တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး သတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ထိခိုက်သေဆုံးခဲ့သူတွေအတွက် ထပ်တူ ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောခဲ့ပြီး ရာသီဥတု ဆိုးဝါး နေစဉ် အချိန်ကာလအတွင်း တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ အကြံပေးညွှန်ကြားချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အင်ဒိုနီးရှားမှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့အပြီး ပြိုလဲကျနေတဲ့ သစ်ပင်တွေ၊ အပျက်အစီးပုံတွေကို တွေ့ရစဉ်

အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုဒေသတဝိုက်မှာ မိုးရာသီကာလအတွင်း ရုတ်တရက် ရေကြီး၊ မြေပြိုတာဟာ အမြဲလိုလို ဖြစ်လေ့ ရှိပါတယ်။

အခုနှစ် ဇန်နဝါရီလမှာ ဂျားဗားကျွန်းပေါ်က ဆူမီဒန်းမြို့မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့စဉ် လူ ၄၀ သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလတုန်းကလည်း မြေပြိုမှုတွေကြောင့် ဘော်နီယိုကျွန်းမှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သလို အဲဒီမတိုင်ခင် လအနည်းငယ် လောက်ကလည်း ဆူလာဝေဆီကျွန်းမှာ လူအတော်များများ သေဆုံးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံ့ လူဦးရေရဲ့ တဝက်နီးပါး ဖြစ်တဲ့ လူ ၁၂၅ သန်းလောက်ဟာ မြေပြိုမှု အန္တရာယ် ရှိတဲ့ နေရာဒေသတွေမှာ နေထိုင်နေကြတယ်လို့ အင်ဒိုနီးရှား သဘာဝဘေး တားဆီးကာကွယ်ရေး အေဂျင်စီအဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အင်ဒိုနီးရှားမှာ မိုးတွင်းကာလအတွင်း ရေကြီး မြေပြိုမှုတွေ ဖြစ်လေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အရှေ့တီမောနိုင်ငံ ဒီလီမြို့တော်မှာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရ