ဖိလစ်မင်းသားကြီး - တော်ဝင်မိသားစုဝင်တချို့သေဆုံးမှုတွေကို ဘီဘီစီက ဘာကြောင့် သိုင်းသိုင်းဝိုင်းဝိုင်း ဖော်ပြရသလဲ

၂၀၀၇ က တွေ့ရတဲ့ ဘုရင်မကြီးနဲ့ ဖိလစ်မင်းသားကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

နှစ်ပေါင်း၇၀ အတူလက်တွဲခဲ့ကြတဲ့သူတွေ

ဒီကနေ့မှာတော့ ဘီဘီစီက တင်ဆက်နေတဲ့ သတင်းနဲ့ သတင်းလွှာတွေမှာ ခါတိုင်းနဲ့ တူမှာ မဟုတ်ဘဲ သတင်းအကြောင်းအရာ တစ်ခုတည်းကိုသာ အသေးစိတ် တင်ဆက်ပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ဝက်ဆိုက်တွေအားလုံးမှာပါ။ သတင်းကြေညာသူတွေမှာလည်း အသံနေအသံထားကအစ ခါတိုင်းနဲ့ မတူ ပိုပြီးတည်ငြိမ်လေးနက်နေတာမျိုးကို သတိပြုမိကြမှာ ဖြစ်ပါတယ်။

ဗြိတိသျှ တော်ဝင်မိသားစုဝင်တွေထဲက ထိပ်တန်းအကြီးအကဲ တဦး ကွယ်လွန်သွားခဲ့တာကြောင့် အခုလို အပြောင်းအလဲတွေကို တွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့ သတင်းတွေကို ကြည့်ရှု နေမယ် ဖတ်နေမယ်ဆိုရင်တော့ ဗြိတိသျှ ဘုရင်မကြီးရဲ့ ကြင်ရာတော် ဖိလစ်မင်းသားကြီး ကွယ်လွန်သွားတာကို သိနေနှင့်ကြပြီး ဖြစ်မှာပါ။ ဖိလစ်မင်းသားကြီးဟာ တော်ဝင်မိသားစုရဲ့ အရေးအကြီးဆုံး ပုဂ္ဂိုလ် ၄ ယောက်ထဲမှာ တစ်ယောက်အပါအဝင်လည်း ဖြစ်ပါတယ်။

ကျန် ၃ ဦးကတော့ အယ်လစ်ဇဘက် ဘုရင်မကြီး၊ သားတော် အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နဲ့ သူ့ရဲ့ သားတော် ထီးနန်းဆက်ခံမယ့် နန်းလျာ ဖြစ်သူ ကိန်းဘရစ်ချ်မြို့စား ဝီလျံမင်းသားတို့ပဲဖြစ်ပါတယ်။

ဒီလို လူတွေထဲက တစ်ဦးဦးကွယ်လွန် အနိစ္စရောက်ရင် အဲဒီသတင်းကို တခြားမီဒီယာတွေထက် ဘီဘီစီကပိုပြီး ဦးစားပေးအလေးထားလုပ်နေတယ်လို့ မြင်နိုင်စရာ ရှိပါတယ်။

ဒီလို တော်ဝင်မိသားစုဝင်တွေ အနိစ္စ ရောက်တဲ့ အခါ ဘီဘီစီက ဘာကြောင့် အထူးဦးစားပေး ဖော်ပြရတာပါလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၂ ခုနှစ်က ဘုရငိမကြီးရဲ့ မယ်တော်ကွယ်လွန်တဲ့သတင်းကို ကမ္ဘာ့မီဒီယာအသီးသီးမှာလည်း ထိပ်တန်းသတင်းအဖြစ်ဖော်ပြခဲ့ကြပါတယ်။

ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီးဟာ နန်းသက်အရှည်ဆုံးမင်း ဖြစ်ပြီး နန်းစံသက် ၆၉ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ယူကေနဲ့ တခြား နိုင်ငံ ၁၅ နိုင်ငံရဲ့ နိုင်ငံ့ ဥသျှောင်လည်း ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

နောက်ပြီး တချိန်က ဗြိတိသျှတွေရဲ့ အုပ်ချုပ်ခံဖြစ်ခဲ့ဖူးတဲ့ နိုင်ငံအများစု ပါဝင်တဲ့ အခုအခါ လွတ်လပ်တဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံ ပါတဲ့ ဓနသဟာယအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရင်မကြီးဟာ ဗြိတိသျှ လူထုတွေသာမက တခြားနိုင်ငံတွေမှာပါ အလေးထားကြတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဗြိတိသျှ တော်ဝင်မိသားစုဝင် တဦး ကွယ်လွန်တဲ့အခါမှာ ကမ္ဘာ့ မီဒီယာတွေကလည်း ဦးစားပေး ဖော်ပြကြပါတယ်။ ဒါကြောင့် ဘီဘီစီကလည်း ဒီလို အချိန်မျိုးမှာ တိတိကျကျ သတင်းတွေကို အပြည့်စုံဆုံး ကြိုးစားတင်ဆက်ပေးတာ ဖြစ်ပါတယ်။

ဘီဘီစီဟာ ဗြိတိသျှ အစိုးရရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတာ မဟုတ်ဘဲ ဗြိတိသျှ ပြည်သူတွေရဲ့ ရုပ်သံကြည့်ရှုခွင့် လိုင်စင်ကြေးအဖြစ် ပေးဆောင်ထားတဲ့ အခွန်ငွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေဆီက တိုက်ရိုက်ရတဲ့ ငွေနဲ့လည်ပတ်နေတာပါ။ ဒီလို ရပ်တည်ရတာကလည်း သတင်းနဲ့ ပတ်သက်လို့ လွတ်လပ်မှု ရှိစေဖို့ အတွက် ဖြစ်ပါတယ်။

ဘီဘီစီအနေနဲ့ လိုင်စင်ကြေး ပေးဆောင်နေတဲ့ အခွန်ထမ်း ယူကေပြည်သူတွေရဲ့ တော်ဝင်မိသားစုအပေါ် ထားရှိတဲ့ စိတ်ဝင်စားမှုတွေအပေါ် တန်ဘိုးထား နားလည်ပြီး ထိုက်တန်မှု ရှိအောင် တင်ဆက်ပေးခဲ့တာဟာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်က အယ်လစ်ဇဘက် ဘုရင်မကြီးရဲ့ မယ်တော်ကြီး နတ်ရွာလားစဥ်မှာ ရုပ်ကလာပ်ကို ဝက်စ်မင်စတာ နန်းတော်မှာ ၃ ရက်ကြာ ထားရှိခဲ့ရာမှာ ဝမ်းနည်းပူဆွေးနေကြတဲ့ ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် လာရောက် ဂါရဝ ပြုခဲ့ကြပါတယ်။

ခေါင်းတလားကို မြှုပ်နှံသင်္ဂြိုဟ်မယ့် ဝင်ဆာ နန်းတော်ကို သယ်ယူရာမှာလည်း လူပေါင်း ၁ သန်းကျော် လမ်းဘေး ဝဲယာကနေ ဂါရဝ ပြုခဲ့ကြသလို ရုပ်မြင်သံကြားကနေ ကြည့်ရှုသူပေါင်း ၁၀ သန်း ရှိခဲ့ပါတယ်။ ကမ္ဘာ့ သတင်းမီဒီယာတွေကလည်း ဒီ အခမ်းအနားတွေကို အသေးစိတ် တင်ဆက်ပေးခဲ့ကြပါတယ်။

တော်ဝင်မိသားစုတွေနဲ့ ပတ်သက်ရင် သတင်းဖြစ်တယ်လို့ ကမ္ဘာ့သတင်းလောကမှာ သတ်မှတ်ကြတာ ဖြစ်လို့ ဒီလို စိတ်ဝင်တစား ဖြစ်ခဲ့ကြတာဟာ အံ့သြစရာ မဟုတ်ပါဘူး။ တော်ဝင်မိသားစုတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ အခမ်းအနားတွေဟာ ဆိုရင် ကမ္ဘာတဝန်းမှာ ကြည့်ရှုကြသူပေါင်း သန်းတထောင်ကျော်အထိ ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

ဒါကြောင့် ဒီလို တော်ဝင်မိသားစု တွေနဲ့ ပတ်သက်ရင် ဘီဘီစီကလည်း အရေးကြီးတဲ့ သတင်းအဖြစ် ဦးစားပေး ဖော်ပြတာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ တော်ဝင်မိသားစု ရေးရာ သတင်းထောက် ဖြစ်သူ ဂျွန်နီ ဒိုင်မွန်းကဆို တော်ဝင်တွေအနေနဲ့ တော်ရုံ ထင်ပေါ် ကျော်ကြား သူတွေထက်တောင် လူစိတ်ဝင်စားမှု ပိုရနေသေးတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဆိုတာကို ပြောဖို့ ခက်ပါတယ်။ ဒီနေ့ တိုးတက်နေတဲ့ ခေတ်မှာ နည်းနည်း ထူးဆန်းသလို ဖြစ်နေပေမယ့် တော်ဝင်မိသားစုတွေနဲ့ ပတ်သက်ရင် အိပ်ရာဝင် ပုံပြင်လိုမျိုး ကြိုက်နှစ်သက်ကြသူတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။

ဘီဘီစီရဲ့ ကမ္ဘာ တလွှား သတင်းဌာန အနေနဲ့ လည်း ဒီလို အရေးကြီးတဲ့ သတင်းမျိုးကို ပြည့်စုံစွာ တက်ဆက်ပေးမယ်ဆိုတာ ပရိတ်တွေက မျှော်လင့်ထားကြပြီးသား ဖြစ်ပါတယ်။ ကမ္ဘာတလွှား သတင်းဌာနက ဘာသာစကားမျိုးစုံ ဆိုင်ရာ သတင်းဌာနများရဲ့ အကြီးအကဲ ဖြစ်သူ တာရစ် ခါဖလာက တော်ဝင်မိသားစု အကြီးအကဲ တယောက်ရဲ့ အနိစ္စ သတင်းဟာ ကမ္ဘာတလွှားမှာ အင်မတန် စိတ်ဝင်စား အလေးပေးကြမယ့် သတင်း ဖြစ်ပါတယ်။ ဘီဘီစီ ကို ကြည့်ရှုနားဆင်ကြသူ ကမ္ဘာတလွှားက ပရိတ်သတ် သန်း ရာပေါင်း များစွာဟာလည်း ဒီလို အချိန်မျိုးမှာ ဘီဘီစီက သတင်းတွေကို အပြည့်စုံဆုံး တင်ဆက်ပေးဖို့ အတွက် မျှော်လင့်နေကြမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဗြိတိသျှ တော်ဝင်မိသားစု ဝင်တွေထဲက အကြီးအကဲ တဦး အနိစ္စ ရောက်တဲ့ အခါ ဘီဘီစီက ဘယ်လို တင်ဆက်ပေးကြပါသလဲ။

ဓာတ်ပုံ ပုံစာ,

ဘီဘီစီရုပ်သံသတင်းတင်ဆက်သူ မာတင်းခရော့စ်ဝဲလ်က ဖိလစ်မင်းသားကြီး အနိစ္စရောက်တဲ့သတင်းကို ကြေညာနေစဉ်

ဘီဘီစီ ပရိတ်သတ်တွေအနေနဲ့ အရင်ဆုံး သတိထားမိကြမှာကတော့ ဒီလို သတင်းမျိုးကို တခြားတနေရာကနေ စပြီး သိကြရတာပဲ ဖြစ်ပါတယ်။ ဒါကလည်း ဘီဘီစီဟာ သတင်းဦးဖို့ထက် သတင်းကို တိကျစွာ မှန်ကန်စွာနဲ့ သင့်တော်စွာ တင်ဆက်ပေးဖို့ကိုသာ ဦးစားပေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

သတင်းတင်ဆက်ရမှာလည်း သတင်းဦး သတင်းထူး တခုကို ထုတ်ပြန်တာမျိုးထက် တရားဝင် ကြေညာချက်တစ်ခုကို ပြောပြနေသလိုမျိုးနဲ့ ပိုပြီး တူနေသလို ခံစားမိကြမှာ ဖြစ်ပါတယ်။ တခြား သတင်းဌာနတွေကတော့ လူစိတ်ဝင်စားစေမယ့် ပုံတွေ အရေးအသားတွေနဲ့ တင်ဆက်ကြမှာ ဖြစ်ပေမယ့် ဘီဘီစီ အနေနဲ့ကတော့ ကွယ်လွန်သွားသူ နေသွားခဲ့တဲ့ ဘဝ၊ သူ့ မှတ်တမ်းတွေ အောက်မေ့ဖွယ်ရာတွေကို ပြန်ပြောင်း ပြောပြတဲ့ သတင်းမျိုးတွေကို ဦးစားပေးပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီအနေနဲ့ ဒီလို ထိပ်တန်းတော်ဝင်မိသားစုဝင် တဦး အနိစ္စရောက်တဲ့ သတင်းထွက်လာတဲ့ နောက်ပိုင်းမှာ တခြားသတင်းတွေကို ချက်ခြင်းတင်ဆက်ပေးမှာ မဟုတ်သလို တခြား ပေါ့ပါးတဲ့ ဖျော်ဖြေရေးသတင်းလို အရေးမကြီးတဲ့ သတင်းတချို့ကိုလည်း ဝက်ဘ်ဆိုက်၊ ရုပ်မြင်သံကြားနဲ့ ရေဒီယို သတင်းစဉ်တွေကနေ တင်ဆက်ပေးမှာ မဟုတ်ပါဘူး။

တော်ဝင်အနိစ္စသတင်းထွက်လာပြီးစ နောက်ပိုင်းနာရီအတော်ကြာအထိ ဝက်ဘ်ဆိုက်စာမျက်နှာနဲ့ သတင်းလွှာတွေမှာ ဒီ နတ်ရွာစံတဲ့ သတင်းကိုသာ ဦးစားပေး သတင်းအနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဖိလစ်မင်းသားကြီး နတ်ရွာစံတဲ့ သတင်းကို ဘာကြောင့် အရေးကြီးပုဂ္ဂိုလ်တဦးအဖြစ် သဘောထား တင်ဆက်ပေးတာပါလဲ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၅၀ မှာ သားတော်ကြီးချားလ်စ်၊ မွေးစ သမီးငယ်အဲန်းတို့နဲ့ တွေ့ရတဲ့ ဘုရင်မကြီးနဲ့ ဖိလစ်မင်းသားကြီး

ဖိလစ်မင်းသားကြီးဟာ နန်းလျာ တစ်ယောက်မဖြစ်ခဲ့သလို ဘုရင်တစ်ပါးလည်း မဟုတ်ပါဘူး၊ နန်းလျာဆက်ခံမယ့်သူက သူ့ရဲ့ အကြီးဆုံး သားတော် အိမ်ရှေ့စံမင်းသား ချားလ်စ် ဖြစ်ပါတယ်။

ဒါကလည်း ယူကေမှာ ဘုရင်နဲ့ ထိမ်းမြား လက်ထပ်တဲ့ အမျိုးသမီးကို ဂုဏ်ထူးဆောင် ဘုရင်မ ဘွဲ့တံဆိပ် ပေးနိုင်ပေမယ့် ဘုရင်မတစ်ပါးနဲ့ လက်ထပ်ထားသူ အမျိုးသားကတော့ ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးခွင့် မရှိပါဘူး။ ဘုရင်ဆိုတဲ့ ဘွဲ့ဟာ ထီးနန်းစံ အမျိုးသား တွေသာ သုံးခွင့် ရှိတာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖိလစ်မင်းသားကြီးဟာ အယ်လစ်ဇဘက် ဘုရင်မကြီးရဲ့ ကြင်ရာတော်အဖြစ် ၂၀ နိုဝင်ဘာ ၁၉၄၇ ခုနှစ်ကစလို့ အတူရှိနေခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ဟာ ဘုရင်မကြီးကို အထောက်အကူ ပြုဖို့ ဖြစ်ပါတယ်။ အက်ဒင်ဘာရာ မြို့စားကြီးဟာ ဗြိတိသျှ သမိုင်းမှာ သက်တမ်းအရှည်ဆုံး ကြင်ရာတော် မင်းသားကြီးလည်းဖြစ်ပါတယ်။

ဘုရင်မကြီးနဲ့ မင်းသားကြီးတို့ဟာ ဇနီးမောင်နှံ အဖြစ်သာ မက လက်တွဲဖော် လုပ်ဖော်ကိုင်ဘက်တွေ သဖွယ်တောင် ဖြစ်နေခဲ့တယ်ဆိုတာ ဘုရင်မကြီး မိန့်ခွန်းပြောကြားတဲ့ အခါမှာ ပြောလေ့ရှိတဲ့ ခင်ပွန်းသည်နဲ့ ကျွနုပ် တို့ဆိုတဲ့ စကားတွေက ပြသနေပါတယ်။

သူတို့ရဲ့ မင်္ဂလာ သက်တမ်း ရွှေရတု နှစ်ပတ်လည်မှာ ဘုရင်မကြီးက မင်းသားကြီးဟာ နှစ်ပေါင်းများစွာ သူ့ရဲ့ အားထားရာ ခွန်အားတရပ်ဖြစ်တယ်လို့ ဂုဏ်ပြု ပြောကြားခဲ့ပါတယ်၊ နောက်ပြီး ဘုရင်မကြီး ကိုယ်တိုင်နဲ့ မိသားစုဝင်တွေ နောက်ပြီး တခြားနိုင်ငံတွေအပေါ် မင်းသားကြီးရဲ့ လုပ်ဆောင်ပေးခဲ့မှုတွေဟာ သူကိုယ်တိုင် ပြောပြတာ အများသိရှိတာထက်တောင် ပိုများပါတယ်လို့ ပြောခဲ့ပါတယ်။

ဒါကို ကြည့်ရင် ဖိလစ်မင်းသားကြီး အနိစ္စရောက်တဲ့ သတင်းဟာ ဘယ်လောက် အလေးထား ဖော်ပြသင့်တယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။

တော်ဝင်ရေးရာ သတင်းထောက် ဂျွန်နီ ဒိုင်မွန်းကတော့ ဖိလစ်မင်းသားကြီးဟာ သူတစ်ယောက်တည်းရော ဘုရင်မကြီးနဲ့ ပါ ကမ္ဘာအနှံ့ အတူ ခရီးတွေ သွားခဲ့ကြ ရောက်ခဲ့ကြဖူးတာကြောင့် ကမ္ဘာ့တော်ဝင်ပုဂ္ဂိုလ်ကြီးလို့တောင် ဆိုချင်ဆိုနိုင်ပါလိမ့်မယ်။

ဖိလစ်မင်းသားကြီးဟာ အစောဆုံး ကမ္ဘာအနှံ့အထိ ထင်ရှားကျော်ကြားသူတွေထဲမှာ အစောဆုံး အဦးဆုံးသူ တယောက် ဖြစ်ပါတယ်လို့ ပြောပါတယ်။