ဖိလစ်မင်းသားကြီးရဲ့ ဘဝမှတ်တမ်း

အီဒင်ဘာရာမြို့စားကြီး

ဓာတ်ပုံ ရင်းမြစ်, Terry O'Neill

အီဒင်ဘာရာမြို့စားကြီးဘွဲ့ခံ ဖိလစ်မင်းသားကြီးဟာ ဘုရင်မကြီးနံဘေးမှာ အမြဲရှိခဲ့ပြီး ခိုင်ခိုင်မာမာ ထောက်ခံအားပေးနေခဲ့သူ တစ်ယောက်အဖြစ်နဲ့ အများက လေးစားမှု ခံခဲ့ရသူ ဖြစ်ပါတယ်။

ဘုရင်မတစ်ပါးရဲ့ ကြင်ရာတော်ဆိုတဲ့ အနေအထားဟာ တော်ရုံလူအတွက် ခက်ခဲတဲ့ နေရာမျိုးပါ။ ကိုယ်တိုင်က ရေတပ်အရာရှိဖြစ်ခဲ့ပြီး တပ်ဖွဲ့ကို ကွပ်ကဲခဲ့ဖူးတဲ့၊ ကမ္ဘာ့ရေးရာတွေမှာလည်း ပြတ်သားတဲ့ ကိုယ်ပိုင်သဘောထား အမြင်တွေရှိတတ်တဲ့ ဖိလစ်မင်းသားကြီးလို လူမျိုးအတွက်ကတော့ ပိုလို့တောင်ခက်ခဲခဲ့မှာ သေချာပါတယ်။

ဒါပေမယ့် သူရဲ့ အဲဒီလို ခိုင်မာတဲ့ စိတ်ဓာတ်ကပဲ ဇနီးသည် ဘုရင်မကြီး သူ့ရဲ့ တာဝန်တွေ ထမ်းဆောင်ရာမှာ ထိထိရောက်ရောက်လုပ်နိုင်အောင် အနီးကပ်စိတ်ရောကိုယ်ပါ ထောက်ခံအားပေးနိုင်စေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်တဲ့ နိုင်ငံ့ဥသျှောင်ဘုရင်မကြီးတစ်ပါးရဲ့ ကြင်ရာတော် ခင်ပွန်းသည်ဖြစ်တဲ့ ဖိလစ်မင်းသားကြီးမှာ အခြေခံဥပဒေအရ ပြဌာန်းပေးထားတဲ့ ရာထူးရာခံမရှိပါဘူး။ ဒါပေမယ့် တစ်ဘက်မှာတော့လည်း နိုင်ငံဥသျှောင်နဲ့ သူ့ထက်ပိုနီးစပ်သူမရှိ၊ နိုင်ငံဥသျှောင်အတွက် သူ့ထက်ပိုပြီးအရေးပါသူ တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။

ဂရိမင်းသားတစ်ပါးဖြစ်တဲ့ ဖိလစ်ကို ကိုဖူးကျွန်းမှာ ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သူ့မွေးစာရင်းမှာတော့ ဖိလစ်မွေးတဲ့နေ့ကို ၁၉၂၁ မေလ ၂၈ ရက်နေ့လို့ ပြထားပါတယ်။ ဒါကလည်း ဂရိက အဲဒီတုန်းက အခု တကမ္ဘာလုံးနီးပါး သုံးနေတဲ့ ဂျော်ဂျီယန်ပြက္ခဒိန်ကို မသုံးသေးတဲ့အချိန်မို့ အခုလို ကွဲလွဲချက်ရှိနေတာဖြစ်ပါတယ်။ သူ့ဖခင်က ဟယ်လင်းနက်စ် ပထမမြောက် ဂျော့ဘုရင်ရဲ့ သားငယ် ဂရိမင်းသား အင်ဒရူးဖြစ်ပါတယ်။ သူ့မိခင်ကတော့ ဘက်တင်ဘတ်မင်းသား လူးဝစ်ရဲ့ အကြီးဆုံးသမီးလည်းဖြစ်၊ မောင့်ဘက်တန်မြို့စားကြီးရဲ့ နှမတော်လည်းဖြစ်တဲ့ ဘက်တင်ဘတ်မင်းသမီး အဲလစ်ဖြစ်ပါတယ်။

ဂရိမှာ ၁၉၂၂ ခုနှစ်က အာဏာသိမ်းမှု ဖြစ်လာခဲ့အပြီး ဖိလစ်ရဲ့ ဖခင်ဟာလည်း တော်လှန်ရေးတရားရုံးတစ်ခုက နိုင်ငံအတွင်းက နှင်ထုတ်တာကို ခံလိုက်ရပါတယ်။ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတော်သူ ပဉ္စမမြောက်ဂျော့ဘုရင်က ဗြိတိသ ျှရေတပ် သင်္ဘောတစ်စီးစေလွှတ်ပြီး ဖိလစ်နဲ့ မိသားစုကို ပြင်သစ်ကို ပို့ပေးခဲ့ပါတယ်။ အဲဒီသင်္ဘောနဲ့ ပါသွားတဲ့ ဖိလစ်မင်းသားပေါက်စလေးဟာ လိမ္မော်သီးထည့်တဲ့ သေတ္တာနဲ့ လုပ်ထားတဲ့ပုခက်လေးနဲ့ လမ်းတလျှာက်လိုက်ပါသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Royal Collection

ဖိလစ်ဟာ မိသားစုထဲမှာ အငယ်ဆုံးကလေးဖြစ်သလို အစ်မတွေကြားက တစ်ဦးတည်းသော ယောကျ်ားလေးဖြစ်လို့ အလိုက်ခံ အချစ်ခံရပြီး ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မင်းသားလေးဟာ ပြင်သစ်မှာ ပညာစသင်ခဲ့တာ ဖြစ်ပေမယ့် သူ့အသက် ခုနှစ်နှစ်ရောက်တဲ့အချိန်မှာတော့ အင်္ဂလန်က မောင့်ဘက်တန်မျိုးနွယ် ဆွေမျိုးတွေဆီ လိုက်လာခဲ့ပြီး ဆာရေးမြို့နယ်မှာ ကျောင်းစတက်ခဲ့ပါတယ်။

အဲဒီအချိန်လောက်မှာပဲ သူ့မယ်တော်ဟာ စိတ်ကစဉ့်ကလျားဝေဒနာ ခံစားနေရတယ်ဆိုတာ တွေ့လာရပြီး စိတ်ကျန်းမာရေးကုသဆောင်မှာ သွားနေရတဲ့အတွက် မင်းသားငယ်ဟာ မိခင်နဲ့ အဆက်အသွယ် သိပ်မရှိ ခဲ့ရပါဘူး။

၁၉၃၃ မှာတော့ သူ့ကို ဂျာမနီတောင်ပိုင်းက ရှုလာရှလော့ဆာလမ်ကျောင်းကို ပို့ခဲ့ပါတယ်။ ဒီကျောင်း တည်ထောင်သူ ကာ့တ်ဟန်းဟာ ပညာရေးရှေ့ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဂျူးလူမျိုးဖြစ်တဲ့ ဟန်းဟာလည်း နာဇီတွေကြောင့် ဂျာမနီက ထွက်ပြေးခဲ့ရပါတယ်။

ဟန်းဟာ စကော့တလန်ကို ထွက်ပြေးခဲ့ပြီး အဒီမှာ ဂေါ်ဒွန်စတန်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဖိလစ်မင်းသားလေးလည်း ဂျာမနီမှာ လပိုင်းပဲ ကျောင်းတက်ပြီး သူ့ဆရာဟန်းရှိရာကျောင်းကို လိုက်ပြောင်းခဲ့ ပါတယ်။

ဂေါ်ဒွန်စတန်ကျောင်းရဲ့ ကိုယ့်အားကိုယ်ကိုးစနစ်ဟာ မိဘတွေနဲ့ ခွဲပြီး တစ်ကိုယ်တည်း ကျောင်းလာတက်နေရတဲ့ ဖိလစ်အတွက်တော့ အံဝင်ခွင်ကျရှိခဲ့ပါတယ်။

စစ်ပွဲကြီး ဖြစ်ဖို့ အရိပ်အယောင်တွေပြလာတဲ့အချိန်မှာတော့ ဖိလစ်ဟာ စစ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဘုရင့်တော်ဝင်လေတပ်ကို ဝင်ချင်ခဲ့ပေမယ့် သူ့မိခင်ဘက်က ပင်လယ်ရေကြောင်းသွားလာသူတွေရှိခဲ့ဲ့တဲ့ အစဉ်အလာကို လိုက်ပြီး ဒါ့တ်မောက်မှာရှိတဲ့ ဘရစ်တားနီးယားတော်ဝင်ရေတပ်ကောလိပ်မှာ ဗိုလ်လောင်းအဖြစ် တက်ရောက်ခဲ့ပါတယ်။

အဲဒီကောလိပ်မှာ ရှိနေတုန်းပဲ ဆဋ္ဌမမြောက် ဂျော့ဘုရင်နဲ့ အဲလိဇဘက်မိဘုရားကြီးတို့ ကျောင်းကိုလာလည်တဲ့ အချိန်မှာ ဘုရင့်သမီးတော် မင်းသမီးနှစ်ပါးဖြစ်တဲ့ အဲလိဇဘက်နဲ့ မာဂရက်တို့ကို ကျောင်းကို လှည့်ပြရင်း လိုက်စောင့်ရှောက်ပေးရတဲ့ တာဝန်ကို ဖိလစ်ယူခဲ့ရပါတယ်။

အဲဒီတုန်းက မျက်မြင်တွေရဲ့ အဆိုအရ ဖိလစ်မင်းသားဟာ ရှိုးတွေအကြီးအကျယ်ထုတ်ပြီး မင်းသမီးတွေကို လိုက်ပြခဲ့တယ်လို့ဆိုပါတယ်။ ဘာပဲ ပြောပြော အဲဒီ ဆုံတွေ့မှုဟာ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ မင်းသမီးလေး အဲလိဇဘက်အတွက်တော့ တော်တော်လေး စိတ်လှုပ်ရှားစရာ အမှတ်ထင်ထင် ဖြစ်သွားစေခဲ့ပါတယ်။

ဖိလစ်ဟာ ကျောင်းမှာလည်း ထူးချွန်သူဖြစ်လာပြီး ၁၉၄၀မှာ စစ်တက္ကသိုလ်ကို ထိပ်တန်းအဆင့်က အောင်မြင်ခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာ တာဝန်ကျတုန်းမှာတော့ စစ်ပွဲကို တကယ်တန်း နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖိလစ်ဟာ မြေထဲပင်လယ်မှာ တပ်ချထားတဲ့ စစ်သင်္ဘော HMS Valiant ကို ပြောင်းရွှေ့ခဲ့ပြီး ၁၉ ၄၁ခုနှစ်က မာတာပန်အငူတိုက်ပွဲမှာ သူပါဝင်ခဲ့တဲ့ ကဏ္ဍကိုလည်း မှတ်တမ်းတင်ထားခဲ့တာ တွေ့ရပါတယ်။

သင်္ဘောရဲ့ ရှာဖွေရေး မီးတွေကို ကွပ်ကဲရသူ အဖြစ်နဲ့ ညတိုက်ပွဲတစ်ခုမှာ သူ့ရဲ့ အရေးပါတဲ့ ဆောင်ရွက်ချက် တစ်ခုကို အခုလို တွေ့ရပါတယ်။

"နောက်ထပ်သင်္ဘောတစ်စင်းကို ကျွန်ုပ်တွေ့လိုက်ရပြီး သဘောၤအလယ်ပိုင်းတည့်တည့်ကို မီးနဲ့ထိုးပြ ထားလိုက်ပါတယ်။ ၁၅လက်မ အမြောက်ကျည်တွေနဲ့ အနီးကပ်ဆက်တိုက်အပစ်ခံလိုက်ရပြီးချိန်မှာတော့ အဲဒီသင်္ဘောလည်း ချက်ခြင်းဆိုသလိုပဲ ပျောက်ကွယ်သွားပါတော့တယ်။"

၁၉၄၂ ခုနှစ်အောက်တိုဘာလရောက်ချိန်မှာတော့ ဖိလစ်ဟာ တော်ဝင်ရေတပ်ထဲမှာ အသက်အငယ်ဆုံး ဗိုလ်လေးတစ်ယောက်ဖြစ်လာပြီး ဖျက်သင်္ဘော HMS Wallace မှာ တာဝန်ထမ်းခဲ့ပါတယ်။

မင်းသမီးနဲ့ စေ့စပ်

အဲဒီကာလတစ်လျှောက်လုံးမှာလည်း ဗိုလ်လေးဖိလစ်နဲ့ မင်းသမီးလေး အဲလိဇဘက်တို့ဟာ အပြန်အလှန် စာအဆက်အသွယ် ရှိနေကြပြီး ဖိလစ်ဟာ တော်ဝင်မိသားစုရဲ့ ဖိတ်ခေါ်ချက်နဲ့ အတူသွားနေခဲ့တဲ့ အချိန်တွေလည်း တော်တော်များများရှိခဲ့ပါတယ်။

အဲဒီလို သွားနေခဲ့တဲ့ တစ်ချိန်အပြီးလောက်မှာ ၁၉၄၃ ခုနှစ် ခရစ္စမတ်ကာလမှာတော့ ရေတပ်ဝတ်စုံနဲ့ ဖိလစ်ရဲ့ ဓာတ်ပုံဟာ မင်းသမီးလေးအဲလိဇဘက်ရဲ့ မှန်တင်ခုံမှာ နေရာယူလာခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ချောချောမွေ့မွေ့ရှိနေခဲ့ပေမယ့် နန်းတွင်းသားတချို့ကတော့ ဖိလစ်ကို သဘောမကျတာမျိုး ရှိခဲ့ပါတယ်။ တစ်ယောက်ကဆို ဖိလစ်ဟာ အနေအထိုင်ကြမ်းတမ်းတယ်လို့တောင် ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့် မင်းသမီးလေးကတော့ ဖိလစ်ကို အချစ်ကြီးချစ်နေပြီဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၄၆ ခုနှစ် နွေရာသီမှာ ဗိုလ်လေးဖိလစ်က ဘုရင်ကြီးထံမှာ သူ့သမီးကို လက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒါပေမယ့် သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို မကြေညာခင် မင်းသားဖိလစ်ဟာ နိုင်ငံသားအသစ်အဖြစ် ခံယူပြီး မျိုးရိုးနာမည်အသစ်တစ်ခုလည်း ရယူဖို့ လိုနေပါသေးတယ်။ သူက ဂရိဘွဲ့ထူးကို စွန့်လွှတ်ပြီး ဗြိတိသျှနိုင်ငံသားအဖြစ်ခံယူလို့ သူ့မိခင်ရဲ့ အင်္ဂလိပ်လိုအမည် မောင့်ဘက်တန်ကို ယူလိုက်ပါတယ်။

သူတို့ လက်မထပ်ခင် တစ်ရက်အလိုမှာ ဂျော့ဘုရင်က သားမက်လောင်းကို မင်းသားဘွဲ့ထူးချီးမြှင့်လိုက်ပြီး မင်္ဂလာဆောင်တဲ့နေ့ မနက်မှာပဲ အီဒင်ဘာရာမြို့စားဘွဲ့၊ မယ်ရီယွန်နက်နယ်စားနဲ့ ဂရင်းနစ်မူးမတ်ဘွဲ့တွေလည်း အပ်နှင်းလိုက်ရပါတယ်။

၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဝက်စမင်စတာအဘီးခန်းမကြီးမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲအခမ်းအနားကို ဝန်ကြီးချုပ် ဝင်စတန်ချာချီက စစ်ပြီးစ မှိုင်းမှုန်နေတဲ့ ဗြိတိန်မှာ ဖြတ်ကနဲတွေ့လိုက်ရတဲ့ ရောင်စုံမြင်ကွင်းလို့ သုံးနှုံးခဲ့ပါတယ်။

ရွေးထားတဲ့လမ်း ပြတ်တောက်

မင်္ဂလာဆောင်ပြီးချိန်မှာ မင်းသားဟာ ရေတပ်ထဲကို ပြန်လာခဲ့ပြီး ဆက်တာဝန်ထမ်းခဲ့ပါတယ်။ မော်လတာမှာ တာဝန်ကျခဲ့ချိန်မှာလည်း ကြင်စဦးမောင်နှံဟာ တပ်ထဲက အများသူငါ လင်မယားတွေလိုပဲ နေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကာလကလည်း သိပ်တော့ မကြာလိုက်ပါဘူး။

သားဦးလေး ချားလ်စ်ကို ၁၉၄၈မှာ ဘတ်ကင်ဟမ်နန်းတော်မှာ မွေးဖွားခဲ့ပြီး ဒုတိယသမီးတော် အဲန်းမင်းသမီးကိုတော့ ၁၉ ၅၀မှာ မွေးခဲ့ပါတယ်။

၁၉ ၅၀ စက်တင်ဘာလ ၂ ရက်နေ့မှာတော့ ဖိလစ်ဟာ ရေတပ်အရာရှိတိုင်းမျှော်မှန်းကြတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ တပ်တစ်တပ်ကိုရခဲ့ပါတယ်။ အဲဒါကတော့ HMS Magpie မှာပါ။

ဒါပေမယ့် သူ့ရဲ့ရေတပ်အရာရှိဘဝဟာ သိပ်မကြာခင်မှာပဲ အဆုံးသပ်ရတော့မှာပါ။ ဂျော့ချ်ဘုရင်ကြီးရဲ့ ကျန်းမာရေး ဆိုးလာနေတဲ့အတွက် သမီးကြီး အဲလိဇဘက်က တော်ဝင်မိသားစုတာဝန်တွေကို ပိုယူလာရတဲ့အခါ ခင်ပွန်းသည် ဖိလစ်မင်းသားကိုလည်း သူ့အနားမှာ ရှိဖို့ ပိုပြီး လိုအပ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media

ဖိလစ်ဟာ ၁၉၅၁ ခုနှစ်မှာတော့ ရေတပ်ကနေ ခွင့်ရက်ရှည်ယူခဲ့ပါတယ်။ အဲဒီကစလို့ ရေတပ်ထဲက တာဝန်တွေကို အပြည့်အဝ ပြန်မယူနိုင်တော့ပါဘူး။ မင်းသားကြီးဟာ နောင်တတွေရ စိတ်ပျက်နေတတ်သူ တစ်ယောက်မဟုတ်ပေမယ့် သူရေတပ်ထဲမှာ ဆက်တာဝန်မထမ်းနိုင်ခဲ့တာကို စိတ်မကောင်းတော့ ဖြစ်မိတယ်လို့ နောက်ပိုင်း အသက်ရလာချိန်မှာ ပြောဖူးပါတယ်။

ဖိလစ်ဟာ သူ့အရည်အချင်းနဲ့ဆို ရေတပ်ဗိုလ်ချုပ်ကြီး အဆင့်အထိတက်နိုင်ခဲ့မယ့် လူမျိုးပါလို့ သူနဲ့ ခေတ်ပြိုင်တွေက ပြောခဲ့ဖူးပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ ဘုရင်ကြီးနဲ့ ဘုရင်မကြီးတို့ သွားဖို့ မူလက စီစဉ်ထားတဲ့ ဓနသဟာယနိုင်ငံတွေကို လှည့်လည်တဲ့ ခရီးစဉ်ကို ဖိလစ်တု့ိ လင်မယားသွားခဲ့ကြပါတယ်။

ခေတ်မီ အတွေးအမြင်တွေ

သူတို့နှစ်ယောက် ကင်ညာနိုင်ငံက တောရိုင်းဥယျာဉ်မှာ တည်းခိုနေကြတုန်းမှာပဲ ဘုရင်ကြီးနတ်ရွာစံပြီဆိုတဲ့ သတင်းစကားရောက်လာပါတယ်။ အဲဒါဖေဖေါ်ဝါရီလမှာပါ။ ဘုရင်ကြီးဟာ နှလုံးသွေးကြောပိတ်သွားတာ ဖြစ်ပါတယ်။ ဖခင်ဘုရင်ကြီး နတ်ရွာစံပြီမို့ အဲလိဇဘက်မင်းသမီး ဘုရင်မဖြစ်လာပြီဆိုတဲ့အကြောင်းသတင်းကို ဇနီးသည်ကို ပြောပြရသူကတော့ ဖိလစ်မင်းသားပါပဲ။ သူတို့နဲ့အတူ ရှိနေခဲ့တဲ့ မိတ်ဆွေတစ်ယောက်က အဲဒီတုန်းက ဖိလစ်ကိုကြည့်ရတာ ကမ္ဘာတခြမ်းသူ့အပေါ်ပြိုကျလာသလိုမျိုးပဲလို့ ပြောပြခဲ့ပါတယ်။

ရေတပ်ရာထူးဆက်မရှိတော့တဲ့ ဖိလစ်ဟာ ဇနီးသည်က ဘုရင်မကြီးဖြစ်လာတဲ့အခါ သူ့အတွက်နေရာတစ်ခုကို ရှာဖွေရပါတော့တယ်။ ဘုရင်မအဖြစ် နန်းတက်ချိန် နီးလာချိန်မှာ အဲဒီနေရာဟာ ဘယ်လိုနေရာမျိုး ဖြစ်သင့်သလဲ ဆိုတာကိုလည်း တော်တော်လေး စဉ်းစားခဲ့ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

နန်းတက်ပွဲနီးလာချိန်မှာတော့ တော်ဝင်နန်းတော်ပြန်တမ်းတစ်ခုထုတ်ပြန်ပြီး ဖိလစ်မင်းသားကြီးဟာ ဘုရင်မကြီးပြီးရင် ဒုတိယနေရာမှာရှိတယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေအရတော့ သူ့မှာ ဘယ်လိုရာထူးတာဝန်မှ မရှိခဲ့ပါဘူး။

မင်းသားကြီးဟာ တော်ဝင်စနစ်နဲ့ နန်းတော်ကို ခေတ်မီအောင်ပြုပြင်ပြီး ပိုကျစ်လျစ်အောင် လုပ်နိုင်မယ့် စိတ်ကူးအတွေးအခေါ်တွေအများကြီးရှိခဲ့ပေမယ့် နန်းတွင်းက ရှေးရိုးအစဉ်အလာစွဲသမားတွေရဲ့ ကန့်ကွက်ဆန့်ကျင်မှုတွေကြောင့် မလုပ်နိုင်ခဲ့ပဲ စိတ်ပျက်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုးနှက်ချက်ကြီး

ဖိလစ်ဟာ သူ့မှာ ရှိတဲ့ ခွန်အား စိတ်ဓာတ်အင်အားတွေကို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တက်တက်ကြွကြွ အသုံးချခဲ့ပါတယ်။ သူနဲ့ သူငယ်ချင်းတစ်စုဟာ လန်ဒန်မြို့လယ် ဆိုဟိုအရပ်က စားသောက်ဆိုင်တစ်ခုရဲ့ အပေါ်ထပ်အခန်းတွေမှာ အပတ်စဉ်ဆုံတွေ့ခဲ့ပါတယ်။

နေ့လယ်စာကို ပျော်ပျော်ရွှင်ရွှင်စားကြရင်း စကားတွေပြောကြသလို ညကလပ်တွေမှာလည်း ဖိလစ်ကို မိန်းမချောလေးတွေနဲ့အတူ မကြာခဏ ဓာတ်ပုံတွေထဲမှာတွေ့ရတတ်ပါတယ်။

ဖိလစ်ဟာ မိသားစုတွင်း ကိစ္စတွေမှာတော့ သူ့သြဇာအာဏာကို အသုံးချခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့နာမည်ကို သူ့ကလေးတွေ ဆက်ခံဖို့ အခြေအတင်ပြောခဲ့ရတဲ့အရေးမှာတော့ သူ အနိုင်မရခဲ့ပါဘူး။

သူ့မျိုးရိုး နာမည် မောင့်ဘက်တန်အစား ဘုရင်မကြီးက သူ့ရဲ့ မိသားစုအမည် ဝင်ဆာကိုပဲ ဆက်ခံရမယ်လို့ ဆုံးဖြတ်လိုက်တာ ဖိလစ်အတွက်တော့ အရှိုက်ထိုးခံလိုက်ရသလိုပါပဲ။

"ဒီနိုင်ငံထဲမှာ ကိုယ့်သားသမီးတွေကို အဖေနာမည်ပေးခွင့်မရတာ ကျုပ်တစ်ယောက်ထဲပဲ ရှိလိမ့်မယ်" လို့ ဖိလစ်က သူ့ မိတ်ဆွေတွေကို ပြောပြခဲ့ဖူးပါတယ်။ "ကျုပ်ဟာ ဘာကောင်မှမဟုတ်ဘူး။"

ဖခင်တစ်ယောက်အဖြစ်နဲ့တော့ ဖိလစ်ဟာ ကြမ်းသလိုရှိပြီး ကလေးတွေရဲ့ စိတ်ခံစားမှုကို သိပ်မစဉ်းစားတတ်သူလို့ မြင်စရာ ရှိပါတယ်။ ချားလ်စ်မင်းသားငယ်စဉ်က သူ့ဖခင်က လူကြားထဲ ဆူပူငေါက်ငန်းလို့ မျက်ရည်ကျခဲ့ရတာတွေရှိတယ်လို့ ချားလ်စ်ရဲ့ အထုပ္ဗတိရေးသားသူ ဂျိုနသန်ဒင်ဘယ်ဘီက ရေးခဲ့ပါတယ်။ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း ချောမွေ့မှု သိပ်မရှိခဲ့ဖူးလို့ ဆိုပါတယ်။

အားကောင်းတဲ့ စရိုက်

ဖိလစ်မင်းသားကြီးက သူ့အကြီးဆုံးသားတော် ချားလ်စ်ကို သူတက်ခဲ့တဲ့ ဂေါ်ဒွန်စတန်ကျောင်းကိုပဲ လွှတ်ခဲ့ပါတယ်။ အဲဒီကျောင်းရဲ့ စည်းကမ်းတွေ၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်လေ့ကျင့်ပေးမှုတွေက ချားလ်စ်ရဲ့ နောက်တန်းမှာ ခပ်လျှိုလျှိုနေချင်တတ်တဲ့ သဘာဝကို ပြောင်းစေလိမ့်မယ်လို့ ဖိလစ်က ယုံကြည်ခဲ့လို့ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကျောင်းမှာ ချားလ်စ်မင်းသားဟာ အနိုင်ကျင့်ခံရပြီး အိမ်လွမ်းစိတ်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရလို့ ကျောင်းကို အမုန်းကြီးမုန်းခဲ့ပါတယ်။

ဖိလစ်မင်းသားကြီးရဲ့ သဘောထားဟာ သူငယ်ငယ်က ကြီးပြင်းခဲ့ရတဲ့ အထီးကျန်၊ ခက်ခဲ့တဲ့ ကလေးဘဝကို ထင်ဟပ်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သူဟာ ငယ်ငယ်လေးကတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပျိုးထောင်ခဲ့ရသူမို့ သူ့လို လူတိုင်းက စိတ်ဓာတ်မခိုင်မာနိုင်ကြတာကိုလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖိလစ်မင်းသားကြီး စိတ်ဝင်တစားလုပ်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ လူငယ်တွေရဲ့ ဘဝကို ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ နောက်ပိုင်းမှာ အများကြီးအောင်မြင်ခဲ့ဲ့ အီဒင်ဘာရာမြို့စားကြီးဆုကို ၁၉၅၆ခုနှစ်မှာ စပြီး ထူထောင်ခဲ့ပါတယ်။

အဲဒီဆု အစီအစဉ်အရ ကမ္ဘာတဝန်းက အသက် ၁၅ နှစ်က ၂၅ နှစ်ကြား သန်စွမ်းသူရော မသန်စွမ်းတဲ့ လူငယ်တွေပါ ခြောက်သန်းလောက် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ စိမ်ခေါ်ချက်တွေကို ကျော်လွှားနိုင်စေမယ့် ပြင်ပကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုတွေကနေ အသင်းအဖွဲ့နဲ့လုပ်တတ်အောင်၊ ထိုးထွင်းကြံဆတတ်အောင်နဲ့ သဘာဝကို ချစ်တတ် လေးစားတတ်အောင် သင်ပေးခဲ့ပါတယ်။

"လူငယ်တွေကို လှုပ်ရှားမှု တစ်ခုခုမှာ အောင်မြင်အောင်လုပ်ပေးနိုင်ရင် အဲဒီအောင်မြင်တဲ့ ခံစားမှုက တခြားလူအများကြီးဆီကို ကူးစက်သွားနိုင်လိမ့်မယ်" လို့ သူက ဘီဘီစီကို ပြောခဲ့ဖူးပါတယ်။

မင်းသားကြီး ဖိလစ်ဟာ သူ့ဘဝတလျှောက်မှာ အဲဒီ ဆုအစီအစဉ်အတွက် အချိန်အများကြီးပေးခဲ့ပါတယ်။ အခမ်းအနားတွေတက်တာ၊ နေ့စဉ် ဒီ အစီအစဉ်ကို စီမံခန့်ခွဲတာတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ သိတတ်မှု

ဖိလစ်မင်းသားကြီးဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအတွက်လည်း တက်ကြွလှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၁ ခုနှစ်က အိန္ဒိယကို သွားလည်တုန်း ကျားတစ်ကောင်ကို ပစ်သတ်ခဲ့တာကြောင့် တော်တော်လေးပွဲဆူသွားခဲ့ပါသေးတယ်။

ပစ်သတ်ထားတဲ့ကျားကို အောင်ပွဲခံတဲ့ ဓာတ်ပုံအဖြစ် ထုတ်ပြန်ခဲ့တာကလည်း သူ့အပေါ်ဝေဖန်စရာတွေ ပိုတိုးသွားစေခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ရန်ပုံငွေအဖွဲ့ကြီးရဲ့ လုပ်ငန်းတွေကို တက်တက်ကြွကြွထောက်ခံ ပါဝင်လုပ်ပေးခဲ့ပြီး အဲဒီအဖွဲ့ရဲ့ ပထမဆုံး ဥက္ကဌကြီးလည်းဖြစ်လာခဲ့ပါတယ်။

ဒီကမ္ဘာမြေပေါ်မှာ သဘာဝသက်ရှိတွေ မျိုးစုံရှိနေပြီး တစ်ခုနဲ့ တစ်ခုလည်း အပြန်အလှန်မှီတွယ်နေကြတာ သိပ်ထူးခြား ဝမ်းမြောက်ဖို့ ကောင်းတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ သူပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media

"ကျုပ်တို့ လူတွေမှာလည်း ရှင်သန်ဖို့နဲ့ သေဆုံးဖို့ လုပ်နိုင်တဲ့စွမ်းအားရှိရင် အဲဒီစွမ်းအားကို ကျင့်ဝတ်ပိုင်းနဲ့ ချိန်ထိုးပြီး ကျင့်သုံးသင့်တယ်၊ မလိုအပ်ပဲ တစ်ခုခု မျိုးတုန်းသွားအောင် ဘာလို့ လုပ်ရမှာလဲ။"

ဒါပေမယ့် ရစ်ငှက်တွေကို အပျော်တမ်းပစ်ခတ်တဲ့ လုပ်ရပ်ကို မင်းသားကြီးက ကာကွယ်ပြောကြား ခဲ့တဲ့ အခါမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတချို့က သူ့ကို မကြေလည်ခဲ့ကြပါဘူး။

"အမဲလိုက်စရာ တိရိစ္ဆာန်တစ်မျိုးမျိုးကို နောက်နှစ်တွေမှာလည်း ပစ်လို့ရအောင် မျိုးမတုန်းစေချင်ဘူးပေါ့၊ လယ်သမားတွေလိုပါပဲ၊ နောက်နှစ်တွေမှာလည်း ခူးလို့ရအောင် တခါတည်းနဲ့ မပြုန်းသွားစေချင်ဘူးပေါ့။"

ဘွင်းဘွင်းပြောတတ်သူ

ဒါပေမယ့် တစ်ဘက်မှာတော့လည်း မင်းသားကြီးဟာ ကမ္ဘာ့သစ်တောတွေ ထိန်းသိမ်းဖို့ ဆော်သြလှုပ်ရှားခဲ့သူ၊ ပင်လယ်တွေထဲက ငါးတွေ အလွန်အကျွံဖမ်းနေတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့သူအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

ဖိလစ်မင်းသားကြီးဟာ စက်မှုလုပ်ငန်းတွေကိုလည်း စိတ်ဝင်စားသူဖြစ်ပါတယ်။ စက်ရုံတွေကို သွားကြည့်လေ့ ရှိပြီး စက်မှုလုပ်ငန်းအဖွဲ့ရဲ့ နာယကကြီးလည်း ဖြစ်လာပါတယ်။

၁၉၆၁ ခုနှစ်က စက်မှုလုပ်သားတွေနဲ့ တွေ့ချိန်မှာ မင်းသားကြီးက သူ့ ထုံးစံအတိုင်း ဘွင်းဘွင်းကြီး ပြောခဲ့ တာကိုလည်းတွေ့ရပါတယ်။ သူက မိတ်ဆွေတို့၊ အခုအချိန်ဟာ ကျုပ်တို့ လက်တွေကို ခုတ်ဖြတ်ပစ်ဖို့ အချိန်ပါပဲတဲ့။

စာနာတဲ့သဘောထား

ဖိလစ်မင်းသားကြီးဟာ ကမ္ဘာစစ်အတွင်းက ဂျပန်တွေရဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့ ဗြိတိသျှ အကျဉ်းသားတွေက သူတို့ကို ဂျပန်တွေက နှိပ်စက်ခဲ့တဲ့ လုပ်ရပ်တွေကို ခွင့်မလွှတ်နိုင်သေးတာကိုလည်း နားလည်ကြောင်းပြောခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ သူ့ရဲ့ သဘောထားတွေ ပျော့ပြောင်းလာခဲ့ပါတယ်။ ဒိုင်ယာနာမင်းသမီးသေဆုံးပြီး တဲ့နောက်မှာ လူထုက တော်ဝင်မိသားစုအပေါ် မလိုလားတဲ့သဘောထားတွေ ထွက်လာခဲ့အပြီး အချိန်တွေက စလို့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rex Features

၂၀၀၇ ခုနှစ်မှာတော့ မင်းသားကြီးနဲ့ ဒိုင်ယာနာတို့ရဲ့ အပြန်အလှန်ပေးစာတွေကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒါကလည်း မင်းသားကြီးနဲ့ သူ့ချွေးမတော်တို့ မတည့်ကြဘူး၊ မင်းသားကြီးက ဒိုင်ယာနာကို မလိုလားပဲ ရန်လိုတယ်ဆိုတဲ့ အပြောတွေကို ချေဖျက်ဖို့ ဖြစ်ပါတယ်။

ချစ်စွာသော ဖေဖေလို့ အမည်ပေးထားတဲ့ စာတွေထဲမှာ သူဟာ ဒိုင်ယာနာကို အားပေးနှစ်သိမ့်ခဲ့သူဆိုတာ တွေ့ရပါတယ်။ ဒိုင်ယာနာက သူ့ဆီရေးတဲ့စာတွေထဲမှာလည်း တော်တော်လေး နွေးထွေးတာကို တွေ့ရပါတယ်။

ဒိုင်ယာနာမကွယ်လွန်ခင်မှာ အတူတွဲနေတဲ့ ဒိုဒီရဲ့ ဖခင် မိုဟာမက် အယ်ဖာယက်က ဒိုင်ယာနအတွက် သေမှုသေခင်းစစ်ဆေးမှုမှာ ဒိုင်ယာနာဟာ ဖိလစ်မင်းသားကြီးရဲ့ ညွှန်ကြားချက်ကြောင့် အသတ်ခံခဲ့ရတာလို့ စွပ်စွဲခဲ့ပါတယ်။ ဒီ စွပ်စွဲချက်ကို အမှုစစ်ဆေးရေးအရာရှိကတော့ ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်ပြီး လွတ်လွတ်လပ်လပ်နေတတ်သူ ဖိလစ်မင်းသားကြီးဟာ ဗြိတိသျှလူ့အဖွဲ့အစည်းရဲ့အလယ်ဗဟိုချက်မှာ နှစ်ပေါင်းများစွာနေသွားသူ ဖြစ်ပါတယ်။

မဟုတ်မခံ နေသွားသူ

သူဟာ သဘာဝအားဖြင့် ခေါင်းဆောင်တတ်သူ ဖြစ်ပေမယ့် ဘဝပေးအနေအထားအရ ဒုတိယနေရာမှာပဲ နေပေးသွားသူ ဖြစ်ပါတယ်။ မဟုတ်ရင်မခံတတ်သူ၊ ဆတ်ဆတ်ကြဲ စိတ်ဓာတ်ရှိသူတစ်ဦးအနေနဲ့ သူရောက်နေတဲ့နေရာကြောင့် ထိန်းသိမ်းနေရတဲ့ ဘဝကို အသားကျအောင် ကြိုးစားနေခဲ့ရသူ ဖြစ်ပါတယ်။

"ကျုပ်ကတော့ ကျုပ်အကောင်းဆုံးလုပ်နိုင်တယ်လို့ ယူဆတာကို လုပ်ခဲ့တာပဲ" လို့ တစ်ခါက ဘီဘီစီကိုပြောခဲ့ပါတယ်။ "ကျုပ်ရဲ့ သဘာဝကိုရော၊ ကျုပ် လုပ်ချင်တာတွေကိုရော၊ ကျုပ် တုံ့ပြန်တတ်ပုံတွေကိုရော ချက်ခြင်းပြောင်းပစ်လို့ ရတာမှ မဟုတ်ပဲ၊ ဒါ ကျုပ်ရဲ့ ပုံစံမဟုတ်ဘူးဗျ။"

အဲဒီအပြောကို ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မင်းသားကြီးရဲ့ သက်တော် ၉၀ မပြည့်ခင် တစ်ရက်အကြိုမှာ ဂုဏ်ပြုစကားပြောရင်း အခုလို ထောက်ခံပါတယ်။

"မင်းသားကြီးဟာ သူ့ဘဝတလျှောက်မှာ သူနေတတ်သလို လုပ်တတ်သလိုပဲ လုပ်သွားခဲ့တယ်၊ လူသားဆန်တဲ့၊ မဟုတ်တာ လက်မခံတဲ့ သူ့ရဲ့ ပြောပုံ လုပ်ပုံမျိုးကို ဗြိတိသ ျှလူထုကလည်း နှစ်ခြိုက်လက်ခံကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, PA Media

လူအများရှေ့ထွက်ပြတဲ့ ဘဝက အနားယူ

မင်းသားကြီးဟာ နှစ်ပေါင်းများစွာ ဘုရင်မကြီးနဲ့အတူ ခရီးတွေသွား၊ ဘုရင်မကြီးက သူ့တာဝန်တွေ ထမ်းဆောင်စဉ်မှာ အနားက ကူပေးနေခဲ့သလို သူ့ရဲ့ ကိုယ်ပိုင်ပရဟိတလုပ်ငန်းတွေ၊ အဖွဲ့တွေရဲ့ တာဝန်တွေ လုပ်ဆောင် အခမ်းအနားတွေတက်နေတာကို ၂၀၁၇ သြဂုတ်လကစပြီး အနားယူလိုက်ပါတယ်။

သူဟာ ၁၉ ၅၂ခုနှစ်က စလို့ တစ်ဦးတည်းတက်တဲ့ အခမ်းအနားပေါင်း ၂၂၂၁၉ ရှိခဲ့တယ်လို့ ဘာကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေကလည်း မင်းသားကြီးဟာ ပြည်သူ့ဝန်ကို ထူးခြားစွာထမ်းဆောင်သွားတဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် ဂုဏ်ပြုကျေးဇူးစကားဆိုခဲ့ပါတယ်။

ဖိလစ်မင်းသားကြီးဟာ သူ့ နေရာကို အသုံးချပြီး ဗြိတိသျှလူမှုဘဝကို အကျိုးပြုခဲ့သလို နှစ်တွေအများကြီးအတွင်း တော်ဝင်စနစ်အပေါ် လူထုရဲ့ သဘောထားအမြင်တွေ ပြောင်းလာတာကို သတိပြုမိပြီး လိုက်လျောညီထွေ ဖြစ်လာအောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အအောင်မြင်ဆုံး လုပ်ရပ်ကတော့ ဘုရင်မကြီးရဲ့ နန်းသက်နှစ်ပေါင်းများစွာအတွင်း ဘုရင်မကြီးဘေးနားကနေ ခွန်အားတွေ ပေးသွားခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

သူ့ အထုပ္ဗတ္တိရေးသူကို ပြောပြခဲ့သလိုပဲသူ့တာဝန်က ဘုရင်မကြီး အုပ်စိုးနိုင်အောင် ကူညီပေးဖို့လို့ ခံယူထားခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်မင်းသားကြီးဟာ ဗြိတိသျှသမိုင်းမှာ သက်တမ်းအရှည်ဆုံးတော့ ကြင်ရာတော်ကြီး ဖြစ်ခဲ့ပါပြီ။ သူတို့ လင်မယားရဲ့ မင်္ဂလာသက် အနှစ် ၅၀ ပြည့်ရွှေရတုမှာ ဘုရင်မကြီးက ခင်ပွန်းသည်ကို အခုလို ဂုဏ်ပြုခဲ့ပါတယ်။

"သူဟာ ချီးကျူးခံရတာကို သိပ်နှစ်ခြိုက်တတ်တဲ့သူတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အရှင်းဆုံးပြောရရင် သူဟာ ကျွန်မရဲ့ ခွန်အားပါ၊ နှစ်ပေါင်းများစွာ အဲဒီအတိုင်းပဲ နေခဲ့ပါတယ်။ ကျွန်မကိုယ်တိုင်ရော၊ သူ့မိသားစု တစ်ခုလုံးရော၊ ဒီနိုင်ငံနဲ့ တခြားနိုင်ငံတွေ အများကြီးကပါ သူ့ အပေါ် ကျေးဇူးကျွေးတွေ ရှိပါတယ်။ သူ ထုတ်ပြောမယ် ဆိုတာထက်ရော ကျွန်မတို့ သိနိုင်တာထက်ရော သူ့ ကျေးဇူးတွေက အများကြီး ပိုများပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံများအားလုံးတွင် မူပိုင်ခွင့်ရှိပါသည်။