ဖိလစ်မင်းသားကြီး - ဓာတ်ပုံတွေကပြောတဲ့ သူ့ဘဝ

အီဒင်ဘာရာမြို့စားကြီးကို ဂရိနိုင်ငံကိုဖူးကျွန်းမှာ ၁၉၂၁ ခုနှစ် ဇွန်လ ၁ဝရက်နေ့က ဖွားမြင်ခဲ့ပါတယ်။ သူ့မျိုးရိုးစဉ်ဆက်ကိုပြန်ကြည့်ရင် ဒိန်းမတ်၊ ဂျာမနီ၊ ရုရှားနဲ့ ဗြိတိန်တို့က တော်ဝင်မိသားစုတွေပါဝင်နေတာကို တွေ့နိုင်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်မင်းသားဟာ ဂရိမင်းသားအင်ဒရူးနဲ့ ဘက်တင်ဘတ်မင်းသမီး အဲလစ်တို့ရဲ့ တစ်ဦးတည်းသော သားဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်မင်းသားလေးဟာ ပြင်သစ်က St Cloud မှာရှိတဲ့ MacJannet အမေရိကန်ကျောင်းမှာ ပညာစသင်ခဲ့ပါတယ်။ အသက် ၇ နှစ်မှာတော့ သူ့ရဲ့ ဆွေမျိုးတွေဖြစ်တဲ့ မောင့်ဘက်တန်မိသားစုရှိရာ အင်္ဂလန်မှာသွားနေပြီး ဆာရေးမှာကျောင်းဆက်တက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
နောက်တော့သူဟာ ပညာရေးစနစ် ဆန်းသစ်တည်ထွင်သူ ကာ့တ်ဟန်း စကော့တလန်မြောက်ပိုင်းမှာ တည်ထောင်ထားတဲ့ ဂေါ်ဒန်စတန်ဘော်ဒါကျောင်းမှာ တက်ရောက်ပညာသင်ခဲ့ပါတယ်။


ဓာတ်ပုံ ရင်းမြစ်, PA
ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဖိလစ်မင်းသားဟာ စစ်ရေယာဉ် HMS Valiant မှာ သင်္ဘောသားအဖြစ် လိုက်ပါအမှုထမ်းရင်း စစ်ကိုကြုံတွေ့ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ အီတလီစစ်ရေယာဉ်အုပ်စုတစ်စု ဂရိကမ်းလွန်မှာ ပိတ်မိနေတုန်း ဖိလစ်က ရန်သူသင်္ဘောကို မီးမောင်းတွေနဲ့ထိုးပြီးပြထားနိုင်ခဲ့တဲ့အတွက် စစ်အတွင်းမှတ်တမ်းတွေမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။


ဓာတ်ပုံ ရင်းမြစ်, PA
အဲလိဇဘက်မင်းသမီးနဲ့ ရေတပ်ဗိုလ်လေး ဖိလစ်မင်းသားတို့ စေ့စပ်ကြောင်းလမ်းခဲ့တာကတော့ ၁၉၄၇ ခုနှစ်ဇူလိုင်လမှာပါ။


ဓာတ်ပုံ ရင်းမြစ်, PA
အဲဒီနှစ် နိုဝင်ဘာလမှာပဲ သူတို့ လက်ထပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်မင်းသားနဲ့ အဲလိဇဘက်မင်းသမီးတို့ ကင်ညာနိုင်ငံမှာရောက်နေတုန်းမှာပဲ မင်းသမီးရဲ့ ခမည်းတော်ဘုရင်ကြီးနတ်ရွာစံလို့ အဲလိဇဘက် ဘုရင်မဖြစ်သွားပြီဆိုတဲ့ သတင်းကိုသိလိုက်ကြရတာပါ။


ဓာတ်ပုံ ရင်းမြစ်, PA
ဖိလစ်မင်းသားဟာ အားကစားဘက်မှာ ဝါသနာထုံသူ ထူးချွန်သူဖြစ်ပြီး ပိုလိုကစားနည်းမှာ ထိပ်တန်းအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
မင်းသားကြီးဟာ ခရစ်ကက်ကစားခြင်းကို ဝါသနာထုံသူလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၆၁ ခုနှစ်မှာတော့ ဖိလစ်မင်းသားဟာ ဇနီးသည်ဘုရင်မကြီးနဲ့အတူ အိန္ဒိယကို ခြောက်ပတ်ကြာခရီးထွက်ခဲ့ပါတယ်။


၁၉၆၀ ပြည့်လွန်နှစ်တွေမှာ သားသမီးလေးဦးနဲအတူ တွေ့ရတဲ့ ဘုရင်မကြီးနဲ့ ဖိလစ်မင်းသားကြီး၊ (ဝဲမှယာ) အက်ဒွပ်၊ အင်ဒရူး၊ အဲန်း၊ ချားလ်စ်

ဓာတ်ပုံ ရင်းမြစ်, PA
မင်္ဂလာငွေရတုကို သူတို့ပိုင် ဘယ်လမိုရယ်ခြံကြီးထဲက လယ်ယာတောထဲမှာ ကျင်းပခဲ့တဲ့ ဘုရင်မကြီးတို့ဇနီးမောင်နှံ

ဓာတ်ပုံ ရင်းမြစ်, PA
ဘုရင်မကြီးရဲ့ နန်းစံသက်ငွေရတုပွဲအထိမ်းအမှတ်အဖြစ် လှည့်လည်သွားခဲ့တဲ့ခရီးစဉ်အတွင်း နယူးဇီလန် မြောက်ကျွန်းမှာကျင်းပခဲ့တဲ့ ပွဲတော်မှာ မော်ရီရိုးရာဝတ်စုံတွေနဲ့ တွေ့ရတဲ့ ဖိလစ်မင်းသားကြီးနဲ့ ဘုရင်မကြီး

ဓာတ်ပုံ ရင်းမြစ်, PA
တော်ဝင်ရွက်သင်္ဘော ဘရစ်တားနီးယားပေါ်ကနေ ကောင်းကင်မှာ ဖြတ်ပျံသွားတဲ့ ကွန်းကာ့လေယာဉ်ကို လက်ပြနေတဲ့ ဇနီးမောင်နှံ

ဓာတ်ပုံ ရင်းမြစ်, PA
၁၉၇၉ခုနှစ်မှာ ဘုရင်မကြီးရဲ့ အစ်ကိုဝမ်းကွဲ လော့ဒ်လူဝီမောင့်ဘက်တန်ဟာ အိုင်ယာလန်က သူ့ရေယာဉ်ပေါ်မှာပဲ IRA အဖွဲ့ရဲ့ ဗုံးခွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်က ပြင်သစ်မြောက်ပိုင်း နော်မန်ဒီမှာ ကားပြိုင်ပွဲသွားနေတဲ့ အီဒင်ဘာရာမြို့စားကြီးက ဒီသတင်းကြားတဲ့အတွက် ယူကေကို ပြန်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြို့စားကြီးဟာအထူးစိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲဒီတုန်းက ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ (WWF) ရဲ့ အပြည်ပြည်ဆိုင်ရာ နာယကကြီးဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
၁၉၈၅ ခုနှစ်မှာ လေယာဉ်တွေပျံသန်း ဂုဏ်ပြုမှုကို ခံယူတဲ့ အခမ်းအနားမှာ သားသမီးမြေးတွေစုံညီစွာနဲ့ ဘက်ကင်ဟမ်နန်းတော် လေသာဆောင်မှာတွေ့ရတဲ့ အီဒင်ဘာရာမြို့စားကြီး၊ ဓာတ်ပုံထဲမှာ မင်းသားဝီလျံနဲ့ ဟယ်ရီတို့ကိုလည်းတွေ့နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
၁၉၉၆ ခုနှစ်က ဗြိတိန်ကို သမ္မတအဖြစ်ပထမဆုံးရောက်လာတဲ့ တောင်အာဖရိကခေါင်းဆောင် နယ်လဆင်မန်ဒဲလားကို ဂုဏ်ပြုတပ်ဖွဲ့ဆီ ကြိုဆိုခေါ်ဆောင်လာတဲ့ အီဒင်ဘာရာမြို့စားကြီး

ဓာတ်ပုံ ရင်းမြစ်, PA
၂၀၀၂ ခုနှစ်မှာ ဘုရင်မကြီးရဲ့ နန်းသက်ရွှေရတုကို ကျင်းပတုန်းက အတူတွေ့ခဲ့ရတဲ့ပုံ၊ ဖိလစ်မင်းသားကြီးဟာ ဘုရင်မကြီး နံဘေးမှာ အစဉ်တစိုက်လိုက်ပါပြီး ကူညီပံ့ပိုးပေးသွားခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA
မင်းသားကြီးဟာ လူငယ်တွေရဲ့ အစွမ်းအစတွေကို မြှင့်တင်ပေးဖို့ဆိုပြီး အီဒင်ဘာရာမြို့စားကြီးဆုကို ၁၉၅၆ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ ဒါကတော့ ၂၀၁၀မှာ မြို့စားကြီးရဲ့ ရွှေဆုရသူလူငယ်တွေနဲ့ ရင်းနှီးနောက်ပြောင်ပြောဆိုနေတဲ့ပုံပါ။

ဓာတ်ပုံ ရင်းမြစ်, PA
မြို့စားကြီးဟာ အသက်ရလာချိန်မှာတောင် အားကစားပွဲတွေမှာ ဝင်ပြိုင်နေတုန်းပါ၊ ဒါကတော့ ၂၀၀၅ ခုနှစ်က ဆင်ဒရင်ဂမ်မှာလုပ်တဲ့ မြင်းလှည်းမောင်းပြိုင်ပွဲဝင်ပြိုင်နေတဲ့ ပုံပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၁ ခုနှစ်က ဖိလစ်မင်းသားကြီးရဲ့ မြေးတော် မင်းသားဝီလျံနဲ့ ကက်သရင်းမစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကျင်းပခဲ့တာမှ ဘက်ကင်ဟမ်နန်းတော်ဆီကို လူသောင်းချီလာရောက်စုဝေး ကောင်းချီးပေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၂ ဇွန်လ ၃ ရက်နေ့က ဘုရင်မကြီးရဲ့ စိန်ရတုအခမ်းအနားပွဲမှာ တော်ဝင်ဖောင်တော်ပေါ်မှာတွေ့ရတဲ့ မြို့စားကြီးဖိလစ်၊ အဲဒီနေ့က မိုးတွေရွာချလို့ ဖောင်ပေါ်လည်း ရွှဲစိုနေခဲ့ပါတယ်။ သိမ်းမြစ်တလျှောက် လှေပေါင်းတစ်ထောင်ကျော် ခြံရံပြီးသွားခဲ့တဲ့ မိနစ် ၈၀ ကျော်ခရီးမှာ အချိန်အများစုကို ဘုရင်မကြီးရော မင်းသားကြီးပါ မတ်တပ်ရပ်ပြီး လိုက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့ ဇွန်လ ၄ ရက်နေ့မှာတော့ ဖျော်ဖြေပွဲအခမ်းအနားကို မင်းသားကြီးမတက်ရောက်နိုင်တော့ပါဘူး၊ ဆီးအိမ်ယောင်လို့ ဆေးရုံတင်လိုက်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြန်ကောင်းလာချိန်မှာတော့ မြို့စားကြီးဟာ သမီးတော်အဲန်းမင်းသမီးနဲ့အတူ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲက မြင်းစီးပြိုင်ပွဲကို သွားကြည့်အားပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင် ဗြိတိန်လက်ရွေးစင်အသင်းမှာ သူ့မြေးတော် ဇာရာဖိလစ်လည်း ဝင်ပြိုင်နေလို့ဖြစ်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်, PA Media
၂၀၁၃ ဇွန်လမှာတော့ ဘုရင်မကြီးရဲ့ နန်းတက်နှစ် အနှစ် ၆၀ ပြည့်တဲ့ အခမ်းအနားကို ဝက်စမင်စတာဘုရားကျောင်းကြီးမှာ ကျင်းပခဲ့တာမှာ ဇနီးသည်ဘုရင်မကြီးနဲ့အတူတက်ခဲ့တဲ့ အီဒင်ဘာရာမြို့စားကြီး

ဓာတ်ပုံ ရင်းမြစ်, PA Media
၂၀၁၇ ဧပြီလမှာ ဘုရင်မကြီးနဲ့ မြို့စားကြီးတို့ဟာ ဘက်ဖို့ရှိုင်းယားက ဝှစ်ပ်စနိတ်တိရစ္ဆာန်ရုံမှာ ဆင်စောင့်ရှောက်ရေးစခန်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ မေလမှာတော့ သက်တော် ၉၅နှစ်ရှိလာပြီဖြစ်တဲ့ မြို့စားကြီးက သူအပြင်ထွက်လူထုနဲ့တွေ့ရတဲ့ လုပ်ငန်းတာဝန်တွေက အနားယူတော့မယ်လို့ ကြေညာပါတယ်။ ဘုရင်မကြီးကလည်း ဒါကို သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် အာရီယာနာဂရန်ဒေးရဲ့ ဖျော်ဖြေပွဲမှာ ဗုံးခွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရသူတွေအတွက် ၂၀၁၇ မေလ ၂၃ ရက်နေမှာ ဘက်ကင်ဟမ်နန်းတော်ထဲမှာ ကျင်းပတဲ့ အမှတ်တရပွဲအစမှာ ဘုရင်မကြီးနဲ့အတူ မြို့စားကြီးက တစ်မိနစ်ကြာငြိမ်သက် ဆုတောင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
အီဒင်ဘာရာမြို့စား မင်းသားကြီးဖိလစ်ဟာ ဗြိတိသျှသမိုင်းမှာ သက်တမ်းအရှည်ဆုံးတော်ဝင်ကြင်ရာတော်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါပြီ။
ဓာတ်ပုံများအားလုံးမှာ မူပိုင်ခွင့်ရှိပါသည်။