ဖိလစ်မင်းသားကြီး- ခေတ်မီတိုးတက်ချင်စိတ် ရှိတဲ့ မင်းသားကြီး

ဖိလစ်မင်းသားကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

အီဒင်ဘာရာမြို့စားကြီးဟာ သိပ္ပံပညာနဲ့ နည်းပညာကို စိတ်ဝင်စားသူ ဖြစ်ပြီး ဒီပညာရပ်နှစ်ခုစလုံးကို အသုံးချပြီး လူမှုအသိုင်းအဝိုင်းကို တိုးတက်လာအောင် ဆောင်ရွက်လိုသူ ဖြစ်ပါတယ်။

စက်မှုတော်လှန်ရေးကြီးကြောင့် တီထွင်ဖန်တီးလိုတဲ့ စိတ်တွေထက်သန်ပြီး ၁၈၅၁ ခုနှစ်မှာ မဟာ ပြခန်းကြီးကို ဖွင့်လှစ်နိုင်ခဲ့တဲ့ ဗြိတိသျှ ဘုရင်မကြီး ဗစ်တိုးရီးယားရဲ့ ကြင်ယာတော် မင်းသားကြီး အဲလ်ဘတ် လိုပဲ မင်းသားကြီး ဖိလစ်ဟာလည်း ခေတ်မီ တိုးတက်အောင် ကြံဆောင်ချင်တဲ့သူဖြစ်ပါတယ်။

မင်းသားကြီး အဲလ်ဘတ်လိုပဲ မင်းသားကြီး ဖိလစ်ဟာလည်း လိုချင်တာကို မရရအောင် တစိုက်မတ်မတ် အားထုတ် ဆောင်ရွက်လေ့ရှိပြီး ရှေးရိုးအစဉ်အလာအတိုင်း လုပ်လိုသူတွေအပေါ် အားမလိုအားမရ ဖြစ်တတ်သူမို့ အာဏာပြ နိုင့်ထက်စီးနင်း လုပ်တတ်သူအဖြစ် စွပ်စွဲခံရလေ့ ရှိပါတယ်။

မင်းသားကြီး ဖိလစ်ဟာ အလွန်အမင်း လက်တွေ့ဆန်သူ ဖြစ်ပါတယ်။ စစ်အတွင်းတုန်းက ရေတပ်ဗိုလ်အဖြစ် သူတာ၀န်ထမ်းဆောင်ခဲ့တဲ့ HMS Wallace စစ်သင်္ဘောကို ရန်သူတွေ လက်ချက်နဲ့ ဗုံးထိမှန်ခဲ့ချိန်မှာ သူလုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

ညဘက်ပိုင်းမှာ Luftwaffe ဗုံးကြဲလေယာဉ်တွေ နောက်ထပ်တိုက်ခိုက်လာမယ့် အန္တရာယ်တွေ ရှိနေတာမို့ သင်္ဘောပျက်စီးပြီး မီးစွဲလောင်တဲ့ ပုံမျိုး ထင်ယောင်ထင်မှားဖြစ်အောင် ဖောင်တစ်စင်းပေါ်မှာ မီးခိုးဗုံးတွေ လွှတ်တင်မျှောဖို့ ဖိလစ်က ညွှန်ကြားခဲ့ပါတယ်။ အဲဒီအခါ ဗုံးကြဲလေယာဉ်တွေ အာရုံပြောင်းသွားတဲ့အတွက် HMS Wallace သင်္ဘောကြီး အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပါတယ်။

ရေတပ်အရာရှိအဖြစ် တာဝန်ထမ်းခဲ့ချိန်အတွင်း ဖိလစ်ဟာ အမြဲတမ်း ခေတ်မီတိုးတက်အောင် လုပ်ချင်နေတဲ့သူအဖြစ် နာမည်ကြီးခဲ့ပါတယ်။ ဒါနဲ့အတူ သူ့ရဲ့ ပင်ကိုယ် စိတ်မရှည်မှုရယ်၊ ရှေးထုံးအတိုင်း ကပ်တွယ်နေချင်သူတွေအပေါ် အားမလိုအားမရ ဖြစ်မှုရယ် ပေါင်းလိုက်တဲ့အခါ သူ့ရဲ့ လက်အောက်ငယ်သား သင်္ဘောသားတွေက သူ့အပေါ် သိပ်မနှစ်မြို့ခဲ့ကြပါဘူး။

၁၉၄၇ ခုနှစ်မှာ အဲလစ်ဇဘက်မင်းသမီးနဲ့ အိမ်ထောင်ကျအပြီး နန်းတွင်းအသိုင်းအဝိုင်းထဲ သူရောက်လာချိန်မှာတော့ နန်းတော်တွင်းက လူတွေဟာ ဗစ်တိုးရီးယားဘုရင်မကြီး လက်ထက်ကအတိုင်း ပြောင်းလဲ တိုးတက်မှု တစုံတရာ မရှိဘူးဆိုတာကို သိလိုက်ရပါတယ်။

မွန်းကျပ်နေတဲ့ ဒီပတ်ဝန်းကျင်အနေအထားကို ပြောင်းလဲမှု တစ်ခုခု ဆောင်ကျဉ်းပေးချင်တဲ့ စိတ်ဆန္ဒ ပြင်းပျခဲ့တဲ့ မင်းသားကြီး ဖိလစ်ကို နန်းတွင်း အုပ်ချုပ်ရေးအဖွဲ့က အေးစက်စက် တုံ့ပြန်ခဲ့တာကလည်း သူ့အတွက် တွန်းအား ဖြစ်လာစေပါတယ်။ အထူးသဖြင့် ဆဌမမြောက် ဂျော့ဂျ်ဘုရင်မင်းမြတ်ရဲ့ ကိုယ်ရေးအရာရှိ တော်မီ လဆဲလ်စ် ဆိုရင် ဖိလစ်အပေါ် အရမ်းကို မောက်မာခဲ့တယ်လို့ လော့ဒ် ဘရာဘောန်းက ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အတ္တလန္တိတ်သမုဒ္ဒရာကို တော်ဝင်မိသားစု အကြီးအကဲတွေ ပထမဆုံးဖြတ်ပြီးသွားရောက်တဲ့ ခရီးစဥ် ဖြစ်ခဲ့တဲ့ ၁၉၅၁ ကနေဒါ ခရီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လေယာဥ်မောင်းနှင်တာဟာ မြို့စားကြီးအတွက် ပြင်းပြစိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မင်းသားကြီး ဖိလစ်ဟာ စက်ပစ္စည်းကိရိယာ အသစ်အဆန်းတွေကို အရမ်းစိတ်ဝင်စားသူ တစ်ဦး ဖြစ်ပါတယ်။ အဲလစ်ဇဘက်မင်းသမီးနဲ့အတူ ကလဲရင့်စ်အိမ်တော်ကို ၁၉၄၉ ခုနှစ်မှာ ပြောင်းရွှေ့နေထိုင်စဉ်မှာ ဖိလစ်ဟာ အိမ်အကူတွေ ခေါ်ခိုင်းစရာ မလိုဘဲ သုံးနိုင်တဲ့ ပစ္စည်းခလုတ်အမျိုးမျိုးကို တပ်ဆင် အသုံးပြုခဲ့ပြီး အရမ်းကို ကြေနပ်နေခဲ့ပါတယ်။ အဲဒီထဲမှာ ခလုတ် နှိပ်လိုက်ရုံနဲ့ သူ့အဝတ်ဘီရိုထဲကနေ အင်္ကျီထွက်လာတဲ့ ကိရိယာတစ်ခုလည်း ပါပါတယ်။

သိပ္ပံပညာနဲ့ နည်းပညာအကြောင်း စိတ်ပါဝင်စားတဲ့ မင်းသားကြီး ဖိလစ်ဟာ ဗြိတိန်နိုင်ငံရဲ့ သိပ္ပံပညာတိုးတက်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဘီတော်သူ မင်းသားကြီး အဲလ်ဘတ်ရဲ့ ၁၈၅၁ ခုနှစ်က မဟာပြပွဲကြီးအကြောင်း ကိုးကား ထည့်သွင်း ပြောသွားခဲ့တဲ့ သူ့ရဲ့ အဖွင့်မိန့်ခွန်းကို သတင်းနဲ့ စာနယ်ဇင်းတွေမှာ စိတ်အားထက်သန်စွာ ကြိုဆို ဖော်ပြခဲ့ကြပါတယ်။

အဲဒီတစ်နှစ်တည်းမှာပဲ သူ့ရဲ့တိုက်တွန်းပြောဆိုချက်အရ သူနဲ့ အဲလစ်ဇဘက် မင်းသမီးတို့ ကနေဒါကို တရားဝင်ခရီးစဉ်အဖြစ် သွားခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ ထိပ်တန်း တော်ဝင်မိသားစုဝင်တွေ ပထမဆုံးအကြိမ် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ခရီးထွက်တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ စူးစမ်းလေ့လာချင်စိတ် ရှိတဲ့ မင်းသားကြီး ဖိလစ်က လေယာဉ်မှူးနဲ့အတူ ထိုင်လိုက်ပါသွားခဲ့ပြီး လေယာဉ်ကို ဘယ်လို ထိန်းချုပ် မောင်းနှင်သလဲ ဆိုတာကို မေးမြန်းခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာ ဖိလစ်ဟာ စက်ရုံအလုပ်ရုံတွေ၊ သုတေသန ဌာနတွေ၊ စွမ်းအင်စက်ရုံတွေကို မှန်မှန် သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီနေရာတွေကို လာဖူးတဲ့ တော်ဝင် မိသားစုတွေက ထိန်းထိန်းသိမ်းသိမ်း၊ ယဉ်ယဉ်ကျေးကျေးနဲ့ မေးမြန်းတာမျိုး လုပ်လေ့ရှိပေမဲ့ မင်းသားကြီး ဖိလစ်ကတော့ သူသိချင်တာတွေကို ဒလစပ် မေးခွန်းထုတ်တာကို စက်ရုံမန်နေဂျာတွေ ကြုံကြရပါတယ်။

၁၉၅၀ ပြည့်လွန်ပိုင်း နှစ်တွေမှာ ဗြိတိန်နိုင်ငံမှာ နည်းပညာ အကြီးအကျယ် ထွန်းကားလာချိန်မှာတော့ စူးစမ်းလေ့လာလိုစိတ် ရှိတဲ့ မင်းသားကြီး ဖိလစ်အတွက် အကြိုက်တွေ့စရာ ဖြစ်သွားခဲ့ပါတယ်။ အဲဒီ ဆယ်စုနှစ်ဟာ ခေတ်မီ ကွန်ပြူတာတွေ တီထွင်ဖို့ ကနဦးအစကာလ ဖြစ်ခဲ့ပြီး British Comet ဂျက်လေယာဉ်နဲ့ ပထမဆုံး ခရီးသည်တင် လေယာဉ်ခရီးစဉ်ကို ပြေးဆွဲနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

စက်ရုံအလုပ်ရုံတွေရောက်ရင် မေးခွန်းတွေ တစ်ပုံတစ်ပင်မေးပြီး စိတ်ဝင်စားတာတွေ သိရအောင်လုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ,

မိုင်းတွင်းကိုသွားရောက်လေ့လာ

ဓာတ်ပုံ ပုံစာ,

နည်းပညာကိုကိုယ်တိုင်စူးစမ်းလေ့လာခဲ့သူ

ဒီအခြေအနေတွေကြောင့် စစ်ပြီးကာလ ပြန်နလံထူဖို့ ကြိုးစားနေဆဲ ဗြိတိန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းမှာ သြဇာလွှမ်းမိုးနိုင်သူအဖြစ် မင်းသားကြီး ဖိလစ်ကို ရှုမြင်ကြပြီး သတင်းလောကမှာ အပြုသဘော ဖော်ညွှန်း ရေးသားခဲ့ကြပါတယ်။

ဒါ့အပြင် မင်းသားကြီး ဖိလစ်ဟာ သူ့ဘကြီး လော့ဒ် မောင့်ဘက်တန် လိုပဲ ယူအက်ဖ်အို တွေကို စစိတ်ဝင်စားလာခဲ့ပါတယ်။ ကမ္ဘာမြေကြီးပေါ် ဂြိုဟ်သားတွေ လာရောက်လည်ပတ်နိုင်ဘွယ် ရှိတဲ့အကြောင်း အထူးပြု ရေးသားဖော်ပြတဲ့ The Flying Saucer Review ဆိုတဲ့ သိပ္ပံ မဂ္ဂဇင်းကို မင်းသားကြီး ဖိလစ်က လစဉ် ဝယ်ဖတ်ခဲ့ပြီး သူ့ရဲ့ အမှုထမ်းတစ်ဦးကို ဂြိုဟ်သားတွေ အကြောင်း မပြတ်လေ့လာနေဖို့ ညွှန်ကြားခဲ့ပါတယ်။

၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဆဌမမြောက် ဂျော့ဂျ်ဘုရင်မင်းမြတ် နတ်ရွာစံခဲ့အပြီး ဘုရင်မအရိုက်အရာ ဆက်ခံခဲ့တဲ့ အဲလစ်ဇဘက် ဘုရင်မကြီးနဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်တို့ဟာ နန်းတွင်း မှူးကြီးမတ်ရာတွေရဲ့ ဖိအားပေးမှုကြောင့် ဘပ်ကင်ဟမ်နန်းတော်ဆီ ပြောင်းရွှေ့နေခဲ့ရပါတယ်။

အခုအခါ ကြင်ယာတော်က သက်ဦးဆံပိုင် ဘုရင်မကြီး ဖြစ်လာပြီမို့ မင်းသားကြီး ဖိလစ်ဟာ သူ့ရဲ့ ကိုယ်ပိုင်အိမ်ထဲမှာတောင် အကြီးအကဲနေရာ မရတော့တာကြောင့် သူဘယ်လို အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားရမလဲဆိုတာနဲ့ ပတ်သက်လို့ အတော်လေး စိတ်ကသိကအောင့် ဖြစ်ခဲ့ရပါတယ်။ တော်ဝင်မိသားစုထဲ သူစရောက်လာခဲ့ချိန်မှာ ဆက်ဆံခံခဲ့ရပုံအပေါ် စိတ်ခုနေဆဲ ဖြစ်တဲ့ မင်းသားကြီး ဖိလစ်ဟာ နန်းတော်တွင်း လှုပ်ရှားဆောင်ရွက်ပုံ ဆောင်ရွက်နည်းကို ပြောင်းပစ်ဖို့ ပိုထဲထဲဝင်ဝင် စလုပ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ကွန်းကော့ဒ်လေယာဥ်စီမံကိန်းကိုစိတ်ဝင်စားခဲ့

ဓာတ်ပုံ ရင်းမြစ်, Shutterstock

ဓာတ်ပုံ ပုံစာ,

ကွန်ပြူတာဖွံ့ဖြိုးရေးလုပ်ငန်းကလည်း သူ့အတွက် နောက်ထပ် စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ,

လန်ဒန်မြို့ရဲ့ Crossrail ရထားလမ်းစီမံကိန်းအတွက် ဖောက်ထားတဲ့ ဥမင်လှိုဏ်ခေါင်းထဲကို သူဝင်ကြည့်ခဲ့

သူဟာ နန်းတော်ထဲမှာ ရှိတဲ့ အခန်းပေါင်း ၆၀၀ ကျော်ကို သွားပြီး နန်းတွင်း အမှုထမ်း အယောက်တိုင်းစီကို သူတို့လုပ်ဆောင်ရတဲ့ အခန်းကဏ္ဍအကြောင်း မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ အဆင့်မြင့် နန်းတွင်း အမှုထမ်းတချို့ဟာ လစာသာ ယူနေကြပြီး တစ်ကယ်တမ်း တစ်နေ့တစ်နေ့ ဘာမှ လုပ်စရာ မရှိဘဲ သူတို့ရဲ့ သီးသန့်အခန်းတွေထဲမှာ ငိုက်မြည်းနေကြတာကို မင်းသားကြီး ဖိလစ်က ဖော်ထုတ် တွေ့ရှိခဲ့အပြီး နန်းတွင်း အမှုထမ်း အရေအတွက်ကို ချက်ချင်း လျှော့ချလိုက်ပါတယ်။

ဒီလိုလုပ်တာဟာ သက်သက် ဝင်စွက်တာပဲလို့ အသက်ကြီးရင့်တဲ့ နန်းတွင်း မှူးကြီးမတ်ရာတချို့က မကြေမနပ် ဖြစ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ဝါရင့် နန်းတွင်း မှူးမတ်ကြီး တစ်ဦးဖြစ်တဲ့ လက်ထောက် ဘဏ္ဍာထိန်း ဖရက်ဒရစ် ကောဘစ် က "သူတို့အတော်များများ နှစ်ပေါင်းများစွာ သိချင်နေတဲ့ မေးခွန်းတွေ"ကို မင်းသားကြီး ဖိလစ်က မေးခဲ့တာ ဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

နန်းတော်ရဲ့ တဘက်ခြမ်းမှာရှိတဲ့ သူ့ကြင်ယာတော် ဘုရင်မကြီးကို တစ်ခုခု ပြောချင်ရင် စာရေးပြီး နန်းတွင်း ဝန်ထမ်းတစ်ဦးကို ပို့ခိုင်းရတာမျိုး မလုပ်ရတော့အောင် မင်းသားကြီး ဖိလစ်က နန်းတော်တွင်းမှာ အင်တာကွန်းတွေ တပ်ခဲ့ပါတယ်။ ဒါ့အပြင် နန်းတော်တွင်းမှာ ရာစုနှစ် တစ်ခုကျော် ကျင့်သုံးလာခဲ့တဲ့ နန်းတွင်းစောင့် အမှုထမ်းတွေရဲ့ ဆံပင်မှာ ပေါင်ဒါ သတဲ့ ရှေးထုံးဓလေ့ကိုလည်း ဆက်မကျင့်သုံးဖို့ မင်းသားကြီး ဖိလစ်က အတင်းအကြပ် ပြောခဲ့တဲ့အတွက် နန်းတွင်းစောင့်အမှုထမ်းတွေက သူ့ကို ကျေးဇူးတင်ခဲ့ကြပါတယ်။

မင်းသားကြီးဖိလစ်ဟာ နန်းတော်က ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေကိုလည်း မလိုက်နာခဲ့ပါဘူး။ နန်းတွင်းအမှုထမ်းကို ဘဲလ်တီး ခေါ်မယ့်အစား ကိုယ့်သေတ္တာ ကိုယ်သယ်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်အခန်းထဲမှာ အီလက်ထရစ် ဒယ်အိုးနဲ့ မနက်စာ ချက်စားလေ့ ရှိခဲ့ပြီး ကြင်ယာတော် ဘုရင်မကြီးက အခန်းမှာ အနံ့နံတယ်လို့ ဆူတော့မှ ဆက်မလုပ်တော့ပါဘူး။ နန်းတော်ထဲမှာ တော်ဝင်မိသားစုတွေအတွက် အစားအစာ ချက်ပြုတ်ဖို့က မီးဖိုချောင်တစ်ခု၊ ကျန်တဲ့သူတွေအတွက်က မီးဖိုချောင်တစ်ခု ဆိုပြီး မီးဖိုချောင် နှစ်ခုထားထားတာကို သူသိသွားတဲ့အခါ မီးဖိုချောင်တစ်ခုကို ပိတ်ခိုင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အမျိုးသမီးငယ်တွေကို ပွဲထုတ်တဲ့ အခမ်းအနား ကျင်းပတဲ့ဓလေ့ ဆက်မလုပ်ဖို့ အကြီးအကျယ် ရှေ့ဆောင် တွန်းအားပေးခဲ့သူ

ဒါပေမဲ့လည်း ဘုရင်စနစ်ကြီးကိုလည်း သူ့ဟာသူ ခေတ်မီ တိုးတက်လာအောင် လုပ်ဖို့ သူက ဆုံးဖြတ်ခဲ့တာပါ။ ဧကရာဇ်အဖွဲ့အစည်းဟာ ခန့်ခန့်ထည်ထည်နဲ့ အများက ကြောက်ရွံ့လေးစား ခံနေရမယ့် အချိန်ကာလမဟုတ်တော့ဘဲ စစ်ပြီးကာလ ပေါ်ထွန်းလာတဲ့ မျိုးဆက်သစ်နဲ့အတူ ဗြိတိသျှ လူမှုအသိုင်းအဝိုင်းအတွင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေတာကို မင်းသားကြီး ဖိလစ်က အလျင်အမြန် ခံစားသိခဲ့ပါတယ်။

မင်းသားကြီး ဖိလစ်ဟာ နန်းတော်တွင်းမှာ အမျိုးသမီးငယ်တွေကို ပွဲထုတ်တဲ့ အခမ်းအနား ကျင်းပတဲ့ဓလေ့ ဆက်မလုပ်ဖို့ အကြီးအကျယ် ရှေ့ဆောင် တွန်းအားပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀၀ နီးပါး ကျင့်သုံးလာတဲ့ အဲဒီ ဓလေ့ဟာ ၁၉၅၈ ခုနှစ်မှာပဲ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါ့အပြင် မင်းသားကြီး ဖိလစ်ဟာ လူမှုအသိုင်းအဝိုင်း အလွှာအသီးသီးက လူတွေနဲ့ ဘုရင်မကြီး တွေ့ဆုံနိုင်တဲ့ အလွတ်သဘော နေ့လည်စာ စားပွဲတွေကိုလည်း စီစဉ်ပေးခဲ့ပါတယ်။

ဗြိတိသျှ ဧကရာဇ် ထီးရိုးနန်းနွယ်တွေနဲ့ တွေ့ဆုံမေးမြန်းခွင့် ပိုရနိုင်ဖို့ နန်းတော်ကို ဖိအားပေးပြောဆိုနေတဲ့ ဘီဘီစီ ဟာ ၁၉၆၈ ခုနှစ်မှာတော့ ရုတ်တရက်ကြီး ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ဒီလိုလုပ်ဖို့ စိတ်အားထက်ထက်သန်သန်နဲ့ အားပေးပြောဆိုခဲ့တဲ့ မင်းသားကြီး ဖိလစ်ဟာ ဒီစီမံကိန်းရဲ့ ကော်မတီမှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဗြိတိသျှ တော်ဝင်မိသားစု အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ အဲဒီကော်မတီက အကြံရခဲ့ပြီး ရုပ်ရှင်ရိုက်ဖို့ ရုပ်ရှင်ဒါရိုက်တာ ရစ်ချတ် ကော်စတန်ကို ခန့်ခဲ့ပါတယ်။

Royal Family လို့ အမည်ပေးထားတဲ့ မိနစ် ၉၀ ကြာ အဲဒီ မှတ်တမ်းရုပ်ရှင်ကို ၁၉၆၉ ခုနှစ်မှာ ထုတ်လွှင့် ပြသနိုင်ခဲ့ပါတယ်။ တော်ဝင်မိသားစုရဲ့ နေ့တစ်ဓူဝ လှုပ်ရှားသွားလာပုံတွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပြထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ဟာ ရုပ်မြင်သံကြားသမိုင်းမှာ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့သလို တော်ဝင်မိသားစုတွေအကြား အတွင်းစကားတွေကိုလည်း တစွန်းတစ ကြားခွင့်ရခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

"Royal Family"မှတ်တမ်း ရုပ်ရှင်အတွက်လည်း ဖိလစ်မင်းသားကြီးက အများကြီးကူညီခဲ့

အဲဒီ "Royal Family"မှတ်တမ်း ရုပ်ရှင်ကို ကမ္ဘာတဝန်း ပြခဲ့ရာမှာ ဒီရုပ်ရှင်ကို ကြည့်ပြီး ဧကရာဇ်ဘုရင်စနစ် အပေါ် ထားရှိတဲ့ အမြင်သဘောထားတွေ အများကြီး ပြောင်းသွားခဲ့ပါတယ်။

ဟိုးအရင် ခေတ်ဟောင်းမှာတုန်းကတောင်မှ မင်းသားကြီး ဖိလစ်ဟာ အနာဂတ်ကို အမြဲ တွေးမြှော်တတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လန်ဒန်မြို့ရဲ့ Crossrail ရထားလမ်းစီမံကိန်းအတွက် ဖောက်ထားတဲ့ ဥမင်လှိုဏ်ခေါင်းထဲကို သူဝင်ကြည့်ခဲ့ပါတယ်။ အဲဒီရထားလမ်းအတွက် ပထမဆုံးရထားကို ၂၀၁၈ ခုနှစ်မှာ စပြေးဆွဲမယ်လို့ ပြောပြတဲ့အခါ မင်းသားကြီး ဖိလစ်က သူတော့ မီဦးမှာပဲလို့ ထုတ်ပြောခဲ့ပါတယ်။ အဲဒီနောက် ခဏ နှုတ်ဆိတ်သွားခဲ့အပြီးမှာ "ဒါပေမဲ့လည်း မီချင်မှ မီမှာပါလေ" လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံများ - Getty Images၊ Alamy၊ Rex Shutterstock နှင့် the Press Association