ရုရှားနဲ့ ချက်အစိုးရအကြား သံတမန်တွေ အပြန်အလှန် နှင်ထုတ်

ချက်၊ ရုရှား၊ လက်နက်ရုံပေါက်ကွဲမှု၊ သံတမန်

ဓာတ်ပုံ ရင်းမြစ်, Metropolitan Police

ဓာတ်ပုံ ပုံစာ,

အလက်ဇန်းဒရား ပက်ထရော့ဗ် (ဝဲဘက်)နဲ့ ရုစလန် ဘိုရှီရော့ဗ်(ယာဘက်)

ချက်သမ္မတနိုင်ငံဆိုင်ရာ သံတမန် ၂၀ ကို ရုရှားနိုင်ငံထဲကနေ နှင်ထုတ်တော့မယ်လို့ ရုရှားအစိုးရက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

စနေနေ့တုန်းက ချက်အစိုးရက ရုရှား သံတမန် ၁၈ ဦးကို သူ့နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

အဲဒီ သံတမန်တွေဟာ ရုရှားထောက်လှမ်းရေးက လွှတ်ထားတဲ့ သူတွေ ဖြစ်တယ်လို့ ချက် ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။ အဲဒီလူတွေဟာ ၂၀၁၄ ခုနှစ်က လူ ၂ ဦး သေဆုံးခဲ့ရတဲ့ လက်နက်စက်ရုံ ပေါက်ကွဲမှာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆနေတာပါ။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တနင်္လာနေ့ အစည်းအဝေးမှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

ရုရှားအစိုးရက ချက်သံတမန်တွေကို နိုင်ငံထဲက ထွက်ခွာဖို့ အချိန် တစ်ရက် ပေးထားပြီး ချက်အစိုးရကတော့ ရုရှားသံတမန်တွေကို နိုင်ငံထဲက ထွက်ဖို့ အချိန် ၇၂ နာရီ ပေးထားပါတယ်။

ရုရှားသံတမန်တွေကို နှင်ထုတ်ဖို့ ချက်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ မလုပ်စဖူး ရန်လိုတဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

"ရုရှားအပေါ် လတ်တလော ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့ အမေရိကန်ကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့ ချက်အစိုးရက အခုလို လုပ်ခဲ့တာ ဖြစ်ပြီး ဒီလုပ်ရပ်ဟာ သူတို့ရဲ့ သခင် အမေရိကန် လုပ်ခဲ့တာထက်တောင် ပိုဆိုးလွန်းနေပြီ"လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စွပ်စွဲချက်တွေက ဘာတွေလဲ

အဲဒီ ရုရှားသံတမန်တွေဟာ ထောက်လှမ်းရေးသမားတွေ ဖြစ်တယ်လို့ ချက် အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ မဟုတ်တမ်းတရား စွပ်စွဲချက် ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တုန်းက ချက်သမ္မတနိုင်ငံ ဗရာဘက်တစ်စ် တောအုပ်တစ်ခုမှာ ရှိတဲ့ လက်နက်သိုလှောင်ရုံတစ်ခုမှာ ပေါက်ကွဲပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ချက်သမ္မတနိုင်ငံ ဗရာဘက်တစ်စ် တောအုပ်မှာ ရှိတဲ့ လက်နက်သိုလှောင်ရုံမှာ ပေါက်ကွဲမှုဖြစ်ခဲ့

ပေါက်ကွဲမှုကြောင့် အနီးတစ်ဝိုက်က အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာကို အရေးပေါ် မော်တော်ယာဥ်တွေ အမြန်သွားရောက်ခဲ့ရချိန်မှာ အနားက စာသင်ကျောင်းတွေ ကနေ ကျောင်းသူကျောင်းသားတွေကို ဘေးကင်းရာ ဖယ်ထုတ်ခဲ့ရပါတယ်။ အဲဒီနေရာမှာ အလုပ်လုပ်တဲ့ အသက် ၅၆ နှစ်နဲ့ ၆၉ နှစ်အရွယ် အမျိုးသား နှစ်ဦးရဲ့ အလောင်းကို တစ်လကျော် အကြာမှာ ပြန်တွေ့ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကို မတော်တဆ ဖြစ်ရပ်လို့ ယူဆထားခဲ့ကြပါတယ်။

ဒါပေမဲ့ ချက်အာဏာပိုင်တွေရဲ့ အားသွန်ခွန်စိုက် စုံစမ်းထောက်လှမ်းမှုကနေ မော်စကိုမြို့နဲ့ ရုရှား GRU ထောက်လှမ်းရေးအဖွဲ့ရဲ့ တပ်ရင်း ၂၉၁၅၅ မှာ သဲလွန်စ ရှာတွေ့ခဲ့ပါတယ်။

အဲဒီ လက်နက်သိုလှောင်ရုံက လက်နက်၊ ခဲယမ်းတွေဟာ ရုရှားထောက်ခံတဲ့ လက်နက်ကိုင် သူပုန်တွေကို တိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေအတွက် ဒါမှမဟုတ် ရုရှားထောက်ခံတဲ့ ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် သူပုန်တွေအတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အမည်မဖော်တဲ့ စုံစမ်းထောက်လှမ်းသူတွေရဲ့ အပြောကို ကိုးကားပြီး ချက်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဘယ်သူတွေက မသင်္ကာဖွယ် တရားခံတွေလဲ

အဲဒီပေါက်ကွဲမှုမှာ အလက်ဇန်းဒါး မစ်ရှ်ကင်နဲ့ အနာတိုလီ ချက်ပီဂေါ့ဗ် တို့ ပါဝင် ပတ်သက်နေတယ် လို့ ချက်ရဲက ထုတ်ဖော်ပြောပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ်က ယူကေနိုင်ငံ ဆော်လ်စ်ဘရီမြို့မှာ ဓာတုအဆိပ်ခတ်ခဲ့မှုမှာ ပါဝင်ပတ်သက်နေမှုနဲ့လည်း စွပ်စွဲခံထားရသူတွေ ဖြစ်ပါတယ်။

အဲဒီတုန်းက ရုရှားတန်ပြန်သူလျှိုဟောင်း ဆာဂေး စခရီပါလ်နဲ့ သူ့သမီး ယူလီယာတို့ ဓာတုအဆိပ် ခတ်ခံခဲ့ရသလို သူတို့စွန့်ပစ်ခဲ့တဲ့ ရေမွှေးပုလင်းကနေ Novichok အာရုံကြော ဓာတု အဆိပ်သင့်ပြီး ဒေါန်း စတာဂက်စ် ဆိုတဲ့ မြို့ခံအမျိုးသမီးတစ်ဦးလည်း လပေါင်းအတန်ကြာမှာ သေဆုံးခဲ့ပါတယ်။

စုံစမ်းထောက်လှမ်း သတင်းဖော်ပြတဲ့ ဘေးလင်းကက် ဝက်ဆိုက်မှာတော့ အနာတိုလီ ချက်ပီဂေါ့ဗ် ဟာ ရုစလန် ဘိုရှီရော့ဗ် ဆိုသူ ဖြစ်ပြီး အလက်ဇန်းဒါး မစ်ရှ်ကင်ဟာ အလက်ဇန်းဒါ ပက်ထရော့ဗ် ဆိုသူ ဖြစ်တယ်လို့ စုံစမ်းသိရကြောင်း ဖော်ပြခဲ့ပြီး သူတို့နှစ်ဦးစလုံးဟာ GRU ထောက်လှမ်းရေးအရာရှိတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

အဲဒီလူနှစ်ဦး ချက်နိုင်ငံထဲ ဝင်ခွင့်လျှောက်ခဲ့တဲ့ နိုင်ငံကူးလက်မှတ် မိတ္တူတွေ

လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှုက သံသယတရားခံတွေဟာ ဆော်လ်စ်ဘရီမြို့ ဓာတုအဆိပ်ခတ်မှုမှာ ဗြိတိသျှအစိုးရက စွပ်စွဲထားတဲ့ သံသယတရားခံတွေနဲ့ အတူတူပဲ ဆိုတာကို ချက်ရဲတွေက ထုတ်ဖော်တွေ့ခဲ့ကြပါတယ်။ အဲဒီလက်နက်သိုလှောင်ရုံကို ကြီးကြပ်လုပ်ကိုင်နေတဲ့ Imex Group ကုမ္ပဏီဆီ ပို့ခဲ့တဲ့ နိုင်ငံကူးလက်မှတ် ဓာတ်ပုံတွေကနေ သူတို့ သဲလွန်စ ရခဲ့ကြတာပါ။

အဲဒီအီးမေးလ်ဟာ တာဂျစ်ကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကနေ လာတာလို့ ဆိုပါတယ်။ လက်နက်သိုလှောင်ရုံမှာ စစ်ဆေးကြည့်ရှုဖို့ အဲဒီလူနှစ်ဦးကို အဲဒီနေရာကို လာခွင့်ပြုဖို့ အီးမေးလ်ထဲမှာ ပြောထားပါတယ်။ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်မိတ္တူတွေကိုလည်း တွဲပို့ထားပါတယ်။ အဲဒီလူတွေဟာ တာဂျစ်ကစ္စတန်က ရုစလန် တဘရော့ဗ်နဲ့ မိုလ်ဒိုဗာ နိုင်ငံသား နီကိုလက်ဂျ် ပိုပါ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်တွေပါ ဓာတ်ပုံတွေအရ အဲဒီလူနှစ်ဦးဟာ ဗြိတိန်နိုင်ငံ ဆော်လ်စ်ဘရီမြို့ ဓာတုအဆိပ်ခပ်မှုမှာ သံသယတရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေနဲ့ အတူတူ ဆိုတာ တွေ့ခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ အောက်တိုဘာ ၁၃ ရက်နေ့က လက်နက်သိုလှောင်ရုံ ရှိရာ အနီး အော့စ်ထရာဗာမြို့က တည်းခိုခန်းတစ်ခုမှာ တည်းဖို့ ဘွတ်ကင်လုပ်ခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ တည်းဖို့ လုပ်ထားခဲ့ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သူတို့နှစ်ဦး သြစတြီးယားကို ထွက်သွားခဲ့ကြပြီး ဗီယန်နာလေဆိပ်ကနေ မော်စကိုမြို့ကို လေယာဉ်နဲ့ ပြန်သွားခဲ့ကြပါတယ်။ လက်နက်သိုလှောင်ရုံကို ဘယ်လို ဖောက်ခွဲခဲ့သလဲ ဆိုတာကိုတော့ အာဏာပိုင်တွေ အတိအကျ သိပုံမရပါဘူး။

ဘာတွေ ဆက်ဖြစ်လာစရာ ရှိသလဲ

ချက်အစိုးရက သူတို့ရဲ့ မသင်္ကာမှုတွေကို နေတိုးနဲ့ အီးယူ ဥရောပသမဂ္ဂ မိတ်ဖက်နိုင်ငံတွေကို အကြောင်းကြား အသိပေးမှာ ဖြစ်ပြီး ဒီကိစ္စကို ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပမယ့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ ချက် ခေတ္တနိုင်ငံခြားရေးဝန်ကြီး ယန် ဟက်မက်ဆက် က ပြောပါတယ်။

ချက်နိုင်ငံရဲ့ ပိုင်နက်နယ်မြေပေါ်မှာ ရုရှားရဲ့ ရန်စတဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရနဲ့ အတူ အမေရိကန်နိုင်ငံ ရပ်တည်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မနှစ်က ရ SolarWinds လို့ခေါ်တဲ့ အင်တာနက်ပေါ်ကနေ ခိုးဝင်ထောက်လှမ်းမှုတွေ၊ ယူကရိန်းနိုင်ငံအပေါ် အနိုင်ကျင့်ခဲ့မှုတွေနဲ့ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ဝင်စွက်ခဲ့မှုတွေ လုပ်ခဲ့တယ် ဆိုပြီး ရုရှားနိုင်ငံကို အမေရိကန်အစိုးရက အခုသီတင်းပတ်အစောပိုင်းတုန်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး ရုရှားသံတမန် ၁၀ ဦးကို အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပါတယ်။