ဘာလီကျွန်း မြောက်ပိုင်းမှာ အင်ဒိုနီးရှား ရေငုပ်သင်္ဘော ပျောက်ဆုံးနေ

အင်ဒိုနီးရှား၊ ရေငုပ်သင်္ဘော၊ ပျောက်ဆုံး

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency/Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၁၄ ခုနှစ်တုန်းက အရှေ့ ဂျားဗားမှာ KRI Nanggala-402 ရေငုပ်သင်္ဘော စစ်ရေးလေ့ကျင့်နေပုံ

လူ ၅၃ ဦးပါတဲ့ အင်ဒိုနီးရှား ရေတပ်ပိုင် ရေငုပ်သင်္ဘောတစင်း ရေပြင်မှာ ပျောက်ဆုံးနေတယ်လို့ အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီရေငုပ်သင်္ဘောဟာ ဒီကနေ့ ဗုဒ္ဓဟူနေ့မှာ ဘာလီကျွန်း မြောက်ဘက်မှာ စစ်ရေး လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်လည်သတင်းပို့တာမျိုး မရှိဘဲ အဆက်အသွယ်လည်း မရ ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီ KRI Nanggala-402 ရေငုပ်သင်္ဘောကို လိုက်ရှာဖို့ စစ်သင်္ဘောတွေ စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ်က ပြောပါတယ်။

ရှာဖွေမှုမှာ အကူအညီပေးဖို့ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံတွေကို အင်ဒိုနီးရှား တာဝန်ရှိပုဂ္ဂိုလ်တွေက ပန်ကြားထားပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေကတော့ တရားဝင် ထုတ်ပြောထားတာမျိုး မရှိသေးပါဘူး။

ဂျာမနီနိုင်ငံလုပ် အဲဒီ ရေငုပ်သင်္ဘာဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဘာလီကျွန်း ကမ်းရိုးတန်းအနီး မိုင် ၆၀ အကွာ ရေပြင်မှာ ပျောက်ဆုံးသွားတာလို့ ယူဆရပါတယ်။

"လောလောဆယ်မှာ လိုက်လံရှာဖွေမှုကို အင်ဒိုနီးရှားရေတပ်က လုပ်နေပါတယ်။ ဒီနေရာကို ကျွန်တော်တို့ ကျွမ်းပါတယ်။ ဒါပေမဲ့ ရေပြင်က အတော်လေး နက်တယ်"လို့ ရေတပ်ဗိုလ်ချုပ် ဂျူးလီးယပ်စ် ဝစ်ဂျိုဂျိုနို က AFP သတင်းဌာနကို ပြောပါတယ်။

ပင်လယ်ရေနက်ထဲ ခုတ်မောင်းဖို့ အန္တရာယ်ကင်းတယ်လို့ ညွှန်ကြားခဲ့ပြီးမှာပဲ အဲဒီ ရေငုပ်သင်္ဘောနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ သတင်းတချို့က ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ရေငုပ်သင်္ဘော ပျောက်ဆုံးသွားတဲ့ နေရာပြ မြေပုံ

အဲဒီ ရေငုပ်သင်္ဘောဟာ အင်ဒိုနီးရှား အစိုးရပိုင် ရေငုပ်သင်္ဘော ၅ စင်းထဲက တစ်စင်း ဖြစ်ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောကို ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းတုန်းက ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်နှစ်ကြာ ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့တယ်လို့ ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်ဟာ အင်ဒိုနီးရှားမှာ ပထမဆုံးအကြိမ် ရေငုပ်သင်္ဘော ပျောက်ဆုံးမှု ဖြစ်တယ်လို့ ရေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အလားတူ ဖြစ်ရပ်မျိုး တခြားနိုင်ငံတွေမှာတော့ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အတ္တလန္တိတ်သမုဒ္ဒရာ တောင်ပိုင်းမှာ ရေတပ်သား ၄၄ ဦး ပါတဲ့ အာဂျင်တီးနား စစ်ရေငုပ်သင်္ဘောတစ်စင်း ပျောက်ဆုံးခဲ့ပါတယ်။

တစ်နှစ်အကြာမှာ သင်္ဘောပျက်ကို ပြန်ရှာတွေ့ခဲ့ပြီး အဲဒီရေငုပ်သင်္ဘောဟာ စက်ချို့ယွင်း နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောခဲ့ပါတယ်။