ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် ဆိုတာ ဘယ်လို အဖွဲ့မျိုးလဲ

အစ္စရေး၊ ဟားမာ့စ်

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency

ဓာတ်ပုံ ပုံစာ,

၂၀၁၈ ခုနှစ်က ဟားမတ်စ်အဖွဲ့ တည်ထောင်တဲ့ ၃၁ နှစ်ပြည့်အထိမ်းအမှတ် ဆင်နွှဲနေကြပုံ

အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား တိုက်ခိုက်မှုတွေ ၁၀ ရက် မြောက်ရောက်လာချိန်မှာ အပစ်ရပ်မယ့် အခြေအနေမရှိသေးဘဲ ဆက်ပြီး နှစ်ဖက်တိုက်ခိုက်နေကြပါတယ်။

အပစ်ရပ်ဖို့အရေး နောက်ကွယ်မှာ ကြိုပမ်းမှုတွေရှိနေပေမယ့် တေ့တေ့ဆိုင်ဆိုင် ဖြစ်မလာသေးပါဘူး။

အစ္စရေး စစ်တပ်ဘက်က သတင်းရင်းမြစ်ကတော့ အပစ်ရပ်ရေးကိစ္စ စားပွဲပေါ်ကိုရောက်မလာသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဟားမတ်စ်ဘက်က အဆင့်မြင့်အရာရှိတစ်ဦးကတော့ အပစ်ရပ်ဖို့အတွက် ကြိုးပမ်းမှုတွေနဲ့ အဆက်အသွယ်တွေကို အလေးအနက်နဲ့ ဆက်လုပ်နေဆဲပါလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေ စကတည်းက အခုထက်ထိ အစ္စရေးဘက်ကို ဒုံးကျည် အစင်း ၃၇၅၀ တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဂါဇာဘက်ကိုတော့ ဒုံးအစင်း ၅၅၀ ထိမှန်အောင်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးရဲ့ အိုင်းယွန်းဒုံး Iron Dome ဒုံးခွင်းဒုံး စနစ်က အစ္စရေးဘက်ကို ဝင်လာတဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဂါဇာဘက်မှာတော့ အမျိုးသမီး ၁၀၀ ဦးနဲ့ ကလေးတွေ အပါအဝင် သေဆုံးသူ အနည်းဆုံး ၂၁၉ ဦး ရှိသွားပါပြီ။ အဲဒီထဲက အနည်းဆုံး ၁၅၀ ဦးဟာ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ ဟားမတ်စ်တွေဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးသူ စာရင်းကို ထုတ်မပြောပါဘူး။

ဟားမတ်စ်အဖွဲ့ ဖြစ်တည်လာပုံ

ဟားမတ်စ်အဖွဲ့ဟာ အစ္စလာမ်မစ် စစ်အုပ်စုတွေထဲမှာတော့ အကြီးဆုံးအဖွဲ့ ဖြစ်ပါတယ်။

အဖွဲ့နာမည်က အာရပ်လို အစ္စလာမစ်တော်လှန်ရေး လှုပ်ရှားမှုကို အတိုကောက် ခေါ်တာပါ။ အနောက်ဘက် ကမ်းခြေဒေသနဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတွေ ဝင်ရောက်အခြေချတာကို ဆန့်ကျင်တဲ့ ၁၉၈၇ ခုနှစ် ပထမဆုံး ပါလက်စတိုင်းအုံကြွမှုကနေ ဒီနာမည်ကို ရခဲ့တာပါ။

သူတို့အဖွဲ့ရဲ့ ပဋိညာဉ် စာတမ်းမှာ အစ္စရေးကို အကြီးအကျယ် ဖျက်ဆီးပစ်ရမယ်လို့ ပါရှိပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ မူရင်း ရည်မှန်းချက်က နှစ်ခုရှိပါတယ်။ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ Izzedine al-Qassam Brigades က ဦးဆောင်ပြီး အစ္စရေးကို တိုက်ဖို့နဲ့ လူမှုကူညီရေး အစီအစဉ်တွေ လုပ်ဖို့တို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဟားမတ်စ်အဖွဲ့က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ Izzedine al-Qassam Brigades လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒါပေမယ့် အစ္စရေးတပ်တွေနဲ့ အစ္စရေး အခြေချနေထိုင်သူတွေ ဂါဇာက ဆုတ်ခွာသွားတဲ့ ၂၀၀၅ ခုနှစ်က စပြီး ဟားမတ်စ်အဖွဲ့ ဟာ ပါလက်စတိုင်း ဒေသရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ၂၀၀၆ ခုနှစ်မှာ ဥပဒေပြု ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ ပြိုင်ဘက် ဖာတာ လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် (ပါလက်စတိုင်း လွတ်မြောက်‌ရေးအဖွဲ့) သမ္မတ မာမွတ် အာဘတ်စ်ကို ဖြုတ်ချပြီး ဂါဇာမှာ သူတို့ အင်အားကို ပြန်ဖြည့်တင်းခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး ဂါဇာက စစ်သွေးကြွတွေနဲ့ အစ္စရေးတပ်တွေ အကြား စစ်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့ကို အဲဒီဒေသမှာ အထီးကျန် ပိတ်မိနေအောင်နဲ့ တိုက်ခိုက်မှုတွေ ရပ်သွားအောင် ဖိအားပေးတာကို အီဂျစ်ရဲ့ အကူအညီနဲ့အတူ တားဆီးနိုင်ခဲ့ပါတယ်။

ဟားမတ်စ်ကို တစ်ဖွဲ့လုံးအပါအဝင် သူတို့အဖွဲ့ တပ်တွေရဲ့ လုပ်ဆောင်ချက် တချို့ကြောင့် သူတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစ္စရေး၊ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ယူကေနဲ့ အခြား အင်အားကြီးနိုင်ငံတွေက သတ်မှတ်ထားကြပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်မှုတွေလုပ်

၁၉၉၀ ကျော်နှစ် အစောပိုင်းတွေက ပါလက်စတိုင်း အများစုကို ကိုယ်စားပြုတဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့နဲ့ အစ္စရေးအစိုးရအကြား ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်တွေကို ဆန့်ကျင်တဲ့အဖွဲ့အဖြစ် ဟားမတ်စ်အဖွဲ့ကို လူပိုသိများလာပါတယ်။

အစ္စရေးဘက်က တိုက်ခိုက်မှုတွေအပြင် ပါလက်စတိုင်းတွေကို အဓိကအုပ်ချုပ်တဲ့ အာဏာပိုင် အစိုးရအဖွဲ့ရဲ့ နှိပ်ကွပ်မှုတွေ ကြားကနေပဲ ဟားမတ်စ်အဖွဲ့ဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ပြီး အရေးပါတဲ့ သြဇာအာဏာထူထောင်လာနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလက ဂျေရုဆလင်မြို့က ဘတ်စ်ကားတစင်းကို အသေခံဗုံးခွဲမှုကို သူတို့လုပ်တာလို့ ဟားမတ်စ်အဖွဲ့ပြော

ဟားမတ်စ်အဖွဲ့ကို ဗုံးတွေလုပ်ပေးတဲ့ ယာယာအာရက်စ် ၁၉၉၅ ခုနှစ် ဒီဇင်ဘာမှာ လုပ်ကြံခံရတာကို လက်စားချေတဲ့အနေနဲ့ ဘတ်စ်ကားတွေကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဟားမတ်စ်တို့ လုပ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လထဲမှာ လုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေကြောင့် အစ္စရေး ၆၀ နီးပါး သေဆုံးခဲ့ရပါတယ်။

ဗုံးခွဲမှုတွေ ဖြစ်ရတာဟာ အော်စလို ငြိမ်းချမ်းရေးစာချုပ်ကို ဆန့်ကျင်သူ ဘန်ဂျမင် နာတန်ရာဟု အဲဒီနှစ်မှာ အာဏာရလာတာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ အစ္စရေးဘက်က နောက်ပြန်လှည့် သွားတာတွေကြောင့်လို့ အပြစ်ဖို့ကြပါတယ်။

အော်စလို ငြိမ်းချမ်းရေးစာချုပ် အလွန်၊ အထူးသဖြင့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတ ဘီလ် ကလင်တန် ကြားဝင် ကြိုးစားခဲ့တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု မအောင်မြင်တာရယ်၊ အဲဒီနောက် မကြာခင်ဖြစ်ခဲ့တဲ့ ဒုတိယမြောက် ပါလက်စတိုင်း အစ္စရေး အုံကြွမှု အင်တီဖာဒါ ဖြစ်ခဲ့တာရယ် တို့နောက် ဟားမတ်စ်အဖွဲ့လည်း သြဇာအာဏာ ရှိလာပါတယ်။

အင်တီဖာဒါဟာ ဂါဇာကမ်းမြောင်နဲ့ အနောက်ဖက်ကမ်းဒေသကို အစ္စရေးက သိမ်းပိုက်တာကို ဆန့်ကျင်တဲ့လှုပ်ရှားမှုပါ။ ပထမ အင်တီဖာဒါ အုံကြွမှုက ၁၉၈၇ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်မှာဖြစ်ခဲ့ပြီး ဒုတိယ အင်တီဖာဒါကတော့ ၂၀၀၀ခုနှစ်မှာ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဖာတာအုပ်စု လွှမ်းမိုးတဲ့ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုနဲ့ လာဘ်စားမှုတွေကို မကျေမနပ် ခံစားနေရတဲ့သူတွေ အတွက် ဆေးပေးခန်းတွေနဲ့ ကျောင်းတွေကို ဟားမာ့စ်အဖွဲ့က ထူထောင်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၄ ခုနှစ်မှာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် ရှိတ်ခ် အာမက် ယက်ဆင် သေဆုံးခဲ့

ပြီးတော့ ဒုတိယမြောက် အင်တီဖာဒါ ဖြစ်တဲ့ အစောပိုင်းနှစ်တွေမှာ ဟားမတ်စ်အဖွဲ့က လုပ်ခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေအတွက် ပါလက်စတိုင်း အများစုက ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။ အသက်စွန့် အသေခံ ဗုံးခွဲ တိုက်ခိုက်တွေဟာ သူတို့ဘက်က အဆုံးအရှုံးတွေ အတွက်နဲ့ သူတို့လိုချင်တဲ့ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတွေ လာအခြေချ နေထိုင်တာတွေ အတွက် ပြန်လက်စားချေတာလို့ မြင်ကြလို့ ဖြစ်ပါတယ်။

၂၀၀၄ခုနှစ် မတ်လနဲ့ ဧပြီလမှာ ဂါဇာကို အစ္စရေးက တိုက်ခိုက်တဲ့ မစ်ဇိုင်းဒုံး ကျည်မှန်ပြီး ဟားမတ်စ် ဘာသာ‌‌ရေးခေါင်းဆောင် ရှိတ်ခ် အာမက်ယာဆင်နဲ့ သူ့နေရာကို ဆက်ခံမယ့် အဗ္ဗဒူလ်အာဇစ် အာရန်တီစီတို့ သေဆုံးခဲ့ပါတယ်။

အဲဒီနှစ် နိုဝင်ဘာလမှာ ဖာတာပါတီ ခေါင်းဆောင် ယာဆာအာရာဖတ် သေဆုံးခဲ့တဲ့အတွက် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို မာမွတ် အာဘတ်စ်က ဦးဆောင်လာခဲ့ပါတယ်။ မာမွတ် အာဘတ်စ်ဟာ ဟားမတ်စ်ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ ဆန့်ကျင်ဘက်ဆိုးကျိုးပဲ ရစေတာလို့ အမြင်ရှိသူပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပါလက်စတိုင်း ဝန်ကြီးချုပ် အစ္စမေးလ် ဟာနီယာနဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်

ပါလက်စတိုင်းရွေးကောက်ပွဲမှာ ဟားမတ်စ် အဖွဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ၂၀၀၆ခုနှစ် အချိန်မှာတော့ ဟားမတ်စ်အဖွဲ့နဲ့ ဖာတာ ပါလက်စတိုင်းအမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့ကြား အာဏာလွန်ဆွဲမှုတွေ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား အရင်က ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်တွေကို ဆန့်ကျင်ခဲ့သလို အစ္စရေးကို အသိအမှတ်ပြုဖို့ပါ ငြင်းဆန်လာခဲ့ပါတယ်။

၁၉၈၈ ပဋိညာဉ် စာတမ်း

ဟားမတ်စ်အဖွဲ့ရဲ့ ပဋိညာဉ် စာတမ်းထဲမှာလည်း ပါလက်စတိုင်း သမိုင်းနဲ့ ဒီနေ့ကာလ အစ္စရေးနိုင်ငံရဲ့ ဖြစ်တည်မှုကို အစ္စလာမစ်ပိုင်မြေလို့ သတ်မှတ်ခဲ့ပြီး အစ္စရေးနဲ့ ချုပ်ဆိုတဲ့ ဘယ်တရားဝင် ငြိမ်းချမ်းရေးစာချုပ်ကိုမှ လက်မခံဘူးလို့ ငြင်းထားပါတယ်။

၂၀၁၇မှာလည်း ဟားမတ်စ်အဖွဲ့က သူတို့အဖွဲ့ မူဝါဒသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာတော့ သူတို့ရဲ့ ရပ်တည်မှုတချို့က ပျော့ပျော့ပြောင်းပြောင်း ရှိလာပြီး ဘာသာစကား အသုံးအနှုန်းကိုလည်း ပိုသတိထားသုံးလာပါတယ်။

အစ္စရေးနိုင်ငံ ဖြစ်တည်မှုကို လုံးဝ အသိအမှတ် မပြုထားသလို ဂါဇာ၊ အနောက်ဘက်ကမ်းဒေသနဲ့ အရှေ့‌ဂျေရုဆလင်ဟာ ကြားဖြတ် ပါလက်စတိုင်းနိုင်ငံရဲ့ ပိုင်နက်လို့ ကြေညာထားပါတယ်။ အဲဒါဟာ ၁၉၆၇ စစ်ပွဲမတိုင်ခင်က နယ်မြေအတိုင်း သတ်မှတ်ထားတာပါ။

အဲဒီမူဝါဒ ကြေညာချက်မှာ ဟားမတ်စ် လှုပ်ရှားမှုဟာ ဂျူးတွေနဲ့ ဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ ကျူးကျော်သူ ဇီယွန်ဝါဒီတွေနဲ့ ဖြစ်တာလို့လည်း ပြောထားပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ကမ္ဘာကိုလှည့်စားဖို့ ကြိုးစားနေတဲ့ အရူးတွေလို့ ဟားမတ်စ်တွေကို အစ္စရေးဘက်က တုံ့ပြန်ခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ

ရလဒ်အနေနဲ့ ဟားမာ့စ် ဦးဆောင်တဲ့ အစိုးရသစ်ဟာ အစ္စရေးနဲ့ သူ့ရဲ့ အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေရဲ့ တင်းကျပ်တဲ့ စီးပွားရေး၊ သံတမန်ရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

၂၀၀၇ ခုနှစ်မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေအတွင်း ဂါဇာကို ဟားမာ့စ်တို့ ထိန်းချုပ်နိုင်ခဲ့

၂၀၀၇ ခုနှစ်မှာ ဟားမာ့စ်က ဖာတာအဖွဲ့ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေကို ဂါဇာဒေသထဲကနေ မောင်းထုတ်ခဲ့အပြီးမှာ အစ္စရေးက အဲဒီနယ်မြေပေါ် တားဆီးပိတ်ဆို့မှုတွေ ပိုတင်းကျပ်လာခဲ့ပြီး ပါလက်စတိုင်းဘက်က ရော့ကက်ဒုံးတွေနဲ့ ပစ်ခတ်မှုတွေ၊ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကနေ လာတဲ့ တိုက်ခိုက်မှုအားလုံးဟာ ဟားမာ့စ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး ဂါဇာမှာ စစ်ဆင်မှုကြီး ၃ ခုကို လုပ်ခဲ့ရာကနေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ကြီးထွားလာခဲ့ပါတယ်။

ရော့ကက်ဒုံးတိုက်ခိုက်မှုတွေကို တားဆီးဖို့ အစ္စရေးစစ်တပ်က၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ Operation Cast Lead လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကြီးကို စခဲ့ပါတယ်။ ၂၂ ရက်ကြာ တိုက်ပွဲအတွင်း ပါလက်စတိုင်း ၁၃၀၀ ကျော်နဲ့ အစ္စရေး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာလည်း အလားတူ အကြောင်းပြချက်နဲ့ အစ္စရေးစစ်တပ်က Operation Pillar of Defence စစ်ဆင်ရေးကြီးကို စခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတစ်ခုနဲ့ စတင်ခဲ့တဲ့ အဲဒီ စစ်ဆင်ရေးမှာ ဟားမတ်စ်ရဲ့ လက်နက်ကိုင် ကက်ဆင်တပ်ဖွဲ့က တပ်မှူးကြီး အာမက် ဂျဘာရီ သေဆုံးခဲ့ပါတယ်။ ၈ရက် ကြာ အဲဒီတိုက်ပွဲအတွင်း အရပ်သားအများစု အပါအဝင် ပါလက်စတိုင်း ၁၇၀ နဲ့ အစ္စရေး ၆ ဦး သေဆုံးခဲ့ပါတယ်။

ဟားမတ်စ်ဟာ အဲဒီတိုက်ပွဲ နှစ်ခုစလုံးမှာ အထိနာခဲ့ပေမဲ့ အစ္စရေးကို ထိပ်တိုက်ရင်ဆိုင်ပြီး အသက်ရှင်လွတ်မြောက်ခဲ့သူ ပါလက်စတိုင်းတွေအကြား ထောက်ခံအားပေးမှုသစ်တွေနဲ့ အတူ ပြန်ခေါင်းထောင်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဂါဇာဒေသမှာ ရှိတဲ့ ဟားမတ်စ်နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးက မြို့တွေဆီ ရော့ကက်ဒုံးတွေနဲ့ မပြတ် ပစ်ခတ်တိုက်ခိုက်နေ

၂၀၁၄ ခုနှစ် ဇွန်လလယ်လောက်မှာ အစ္စရေး ဆယ်ကျော်သက် လူငယ် ၃ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စအတွက် တရားခံတွေ လိုက်လံရှာရင်း ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသတလျှောက်မှာ ဟားမတ်စ်အဖွဲ့ဝင် အများအပြားကို အစ္စရေးက ဖမ်းဆီးခဲ့တဲ့အတွက် ဂါဇာဒေသဘက်ကနေ ရော့ကက်ဒုံးတွေနဲ့ တိုက်ခိုက်မှုတွေ ပြန်တိုးလာခဲ့ပြန်ပါတယ်။

ဂျူလိုင်လ အစောပိုင်းမှာ ဟားမတ်စ်က အစ္စရေးနိုင်ငံကို ရော့ကက်ဒုံးနဲ့ တိုက်ခိုက်တာဟာ သူတို့လုပ်တာလို့ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောခဲ့ပါတယ်။ နောက်တနေ့မှာပဲ အစ္စရေး စစ်တပ်က Operation Protective Edge လို့ခေါ်တဲ့ စစ်ဆင်ရေးကြီးကို စခဲ့ပြီး ရော့ကက်ဒုံးတွေနဲ့ ဟားမတ်စ်လက်နက်ကိုင်တွေ အသုံးပြုတဲ့ နယ်စပ်ဖြတ်ကျော် တူးမြောင်းတွေကို ဖျက်ဆီးခဲ့ပါတယ်။

ရက်ပေါင်း ၅၀ ကြာတဲ့ အဲဒီတိုက်ပွဲအတွင်း အရပ်သား ၁၄၆၂ ဦးအပါအဝင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၂၂၅၁ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးတို့ဘက်ကလည်း စစ်သား ၆၇ ဦးနဲ့ အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

၂၀၁၄ ခုနှစ်မှာ ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့

၂၀၁၄ ခုနှစ်ကတည်းက ပုံမှန် ဖြစ်လာနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အီဂျစ်၊ ကာတာနဲ့ ကုလသမဂ္ဂတို့ ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အပစ်ရပ်စဲရေး သဘောတူချက်ကြောင့် အဆုံးသတ်သွားခဲ့ပြီး စစ်ပွဲကြီး တစ်ခုအဖြစ် ရောက်မသွားခဲ့ပါဘူး။

ပိတ်ဆို့မှု ဖိအားတွေ ရှိနေပေမဲ့ ဟားမာ့စ်အဖွဲ့က ဂါဇာဒေသမှာ ဆက်ထိန်းချုပ်ထားပြီး သူတို့ရဲ့ ရော့ကက်လက်နက်တိုက်ကို ပိုကောင်းလာအောင် ဆက်လုပ်နိုင်ခဲ့ပါတယ်။ ဖာတာအဖွဲ့နဲ့ ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေလည်း မအောင်မြင်ခဲ့ပါဘူး။

ဒီအတောအတွင်းမှာပဲ ဂါဇာမှာ ရှိတဲ့ ပါလက်စတိုင်း ၂ သန်းရဲ့ အခြေအနေတွေကတော့ တဖြည်းဖြည်း ဆိုးဝါးလာခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသရဲ့ စီးပွားရေး ပြိုလဲသွားခဲ့ပြီး သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပါတယ်။