လပေါ်မှာ ဂျီပီအက်စ်လို လမ်းညွှန်စနစ် ဆောက်မယ့် အီဆာ

  • ဂျော်နသန် အေမော့စ်
  • သိပ္ပံသတင်းထောက်
အာကာသယာဉ်မှူးတွေ အနေနဲ့ လပေါ်က သူတို့ဆင်းလိုတဲ့ နေရာမှာ အတိအကျ ဆင်းသက်နိုင်ရုံသာမက လပေါ်မှာ သွားလာချိန်မှာ သူတို့ဘယ်နေရာကို ရောက်နေသလဲဆိုတာကိုပါ တိတိကျကျ သိနိုင်မယ့် စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, TELESPAZIO

ဓာတ်ပုံ ပုံစာ,

အာကာသယာဉ်မှူးတွေ အနေနဲ့ လပေါ်က သူတို့ဆင်းလိုတဲ့ နေရာမှာ အတိအကျ ဆင်းသက်နိုင်ရုံသာမက လပေါ်မှာ သွားလာချိန်မှာ သူတို့ဘယ်နေရာကို ရောက်နေသလဲဆိုတာကိုပါ တိတိကျကျ သိနိုင်မယ့် စီမံကိန်း

ဥရောပ အာကာသ အေဂျင်စီ အီဆာ ESA ဟာ လပေါ်မှာ ဆက်သွယ်ရေးကွန်ရက်နဲ့တကွ ကမ္ဘာပေါ်မှာ ရှိတဲ့ သွားလာရေး လမ်းညွှန်စနစ် GPS လိုပဲ လပေါ်မှာလည်း ဂြိုဟ်တုအခြေပြု လမ်းညွှန်စနစ် တခု တည်ထောင်ဖို့ စီစဉ်နေပါတယ်။

အခုလို လကို လည်ပတ်မယ့် ဂြိုဟ်တုတွေလည်း အသုံးပြုမယ့် ဆက်သွယ်ရေးကွန်ရက်စနစ်တခု တည်ထောင်နိုင်ပြီ ဆိုရင် လပေါ်ကိုလာမယ့် အာကာသယာဉ်တွေနဲ့ အာကာသယာဉ်မှူးတွေ အနေနဲ့ လပေါ်က သူတို့ဆင်းလိုတဲ့ နေရာမှာ အတိအကျ ဆင်းသက်နိုင်ရုံသာမက လပေါ်မှာ သွားလာချိန်မှာ သူတို့ဘယ်နေရာကို ရောက်နေသလဲဆိုတာကိုပါ တိတိကျကျ သိနိုင်သွားမှာ ဖြစ်ပါတယ်။

လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာကနေ လပေါ်ကို အာကာသယာဉ် စေလွှတ်မယ့် စီမံကိန်းတွေလည်း အများအပြား ရှိထားပြီး ဖြစ်ပါတယ်။

အဲဒီအထဲမှာ အဓိက အရေးပါမယ့် စီမံကိန်းကတော့ အမေရိကန်ရဲ့ ယခင် လစီမံကိန်း အပိုလိုရဲ့ နောက်ဆက်တွဲလို့ ဆိုနိုင်တဲ့ အတမ်းမစ်စ် စီမံကိန်းဖြစ်ပါတယ်။

အဲဒီ အတမ်းမစ်စ် စီမံကိန်းဟာ လပေါ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် အာကာသယာဉ်မှူးတွေ စေလွှတ်နိုင်ဖို့ ရည်မှန်းနေတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SSLL

ဓာတ်ပုံ ပုံစာ,

လပေါ် ဆက်သွယ်ရေးကွန်ရက် ထူထောင်မယ့် စီမံကိန်းဟာ လပေါ်မှာ စနစ်တကျနဲ့ အစဉ်တစိုက် စူးစမ်းလေ့လာရေးလုပ်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတခု အနေနဲ့ အကျိုးပြုမှာဖြစ်

လပေါ်မှာ ဆက်သွယ်ရေးကွန်က်နဲ့ လမ်းပြစနစ် ဘာ့ကြောင့် လိုအပ်သလဲ

ဥရောပ အာကာသ အေဂျင်စီရဲ့ လူနဲ့စက်ရုပ်ရေးရာ စူးစမ်းလေ့လာရေး ဒါရိုက်တာ ဒေးဗစ်ပါကာ ကတော့ အာကာသ စူးစမ်းလေ့လာရေးမှာ နောက်တဆင့် တက်ပြီလို့ ပြောဆိုခဲ့ပြီး လကမ္ဘာကို ကမ္ဘာမြေကြီးရဲ့ အဋ္ဌမမြောက် တိုက်ကြီး တခုအဖြစ် စနစ်တကျ လေ့လာတော့မယ့် အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လကမ္ဘာဟာ နေစကြဝဠာရဲ့ နှစ်ပေါင်း ၄.၅ ဘီလျံ ချီတဲ့ သမိုင်းကြောင်း သဲလွန်စတွေရှိရာ နေရာဖြစ်ပေမယ့် လူတွေက အခုအချိန်အထိ အဲဒီ လျှို့ဝှက်ချက်တွေကို ဖော်ဖို့ လုပ်ငန်းစပြီလို့တောင် မဆိုနိုင်သေးဘူး ဆိုပြီးတော့လည်း မစ္စတာ ပါကာက ပြောပါတယ်။

အီဆာရဲ့ လရောင် Moonlight လို့ နာမည်ပေးထားတဲ့ အခုလို လပေါ် ဆက်သွယ်ရေးကွန်ရက် ထူထောင်မယ့် စီမံကိန်းဟာ လပေါ်မှာ စနစ်တကျနဲ့ အစဉ်တစိုက် စူးစမ်းလေ့လာရေးလုပ်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦတခု အနေနဲ့ အကျိုးပြုမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စီမံကိန်းတခုလည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အီဆာ အနေနဲ့ လပေါ် သွားလာရေးလမ်းညွှန်စနစ်နဲ့ ဆက်သွယ်ရေးကွန်ရက်တို့ ပါဝင်မယ့် စီမံကိန်းတခုကို အကောင်အထည်ဖော်ဖို့ အတွက် နည်းပညာကုမ္ပဏီအုပ်စုကြီး နှစ်ခုကို အကြံဉာဏ်တောင်းထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PIERRE CARRIL/TAS

ဓာတ်ပုံ ပုံစာ,

ကမ္ဘာကနေ တိုက်ရိုက်လှမ်းမကြည့်နိုင်တဲ့ လရဲ့ အမှောင်ခြမ်းဘက်ကို လွှတ်မယ့် စက်ရုပ်ကားတွေ၊ မှန်ပြောင်း အစရှိတဲ့ ကိရိယာတွေကို ကမ္ဘာမြေပေါ်က လှမ်းထိန်းချုပ်နိုင်မယ်

လရောင် အမည်ရ ဒီစီမံကိန်းမှာ ဘာတွေ ပါဝင် တည်ဆောက်မှာလဲ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

လောလောဆယ်မှာတော့ ဒီစနစ်အတွင်းမှာ လမျက်နှာပြင် တခုလုံးကို လွှမ်းခြုံနိုင်ဖို့အတွက် လည်ပတ်မယ့် ဂြိုဟ်တု အနည်းဆုံး သုံးလုံး ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးကွန်ရက်နဲ့တကွ လမ်းညွှန်စနစ်ပိုပြီး တိကျဖို့အတွက် အဲဒီ ဂြိုဟ်တုတွေကို လမျက်နှာပြင်ကနေ အချက်ပြပေးမယ့် စနစ်တွေလည်း အများအပြား ပါဝင်နိုင်ပါတယ်။

ဂြိုဟ်တုတွေ အနေနဲ့ လမ်းညွှန်စနစ်ကို မီတာ ၁၀၀ ပတ်ဝန်းကျင်လောက်အထိ တိတိကျကျ ညွှန်ပြ လမ်းညွှန်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိ ပစ်မှတ်ထားတာကတော့ မီတာ ၃၀ ဝန်းကျင်လောက်အထိ တိကျဖို့ ဖြစ်တယ်လို့ အီဆာရဲ့ လမ်းပြလမ်းညွှန်စနစ်ဆိုင်ရာဌာန ဒါရိုက်တာ ပေါလ် ဗဲဟော့ဖ်က ဆိုပါတယ်။

အခုလို ဆောက်လုပ်ဖို့ ရည်မှန်းနေတဲ့ အီဆာရဲ့ “လရောင်” စီမံကိန်းဟာ ဖြစ်မြောက်အောင် လုပ်နိုင်ခြေ စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပြီး ဒီလုပ်ငန်းပိုင်းမှာဆိုရင် အဆင့် အေ/ဘီဝမ်း လေ့လာရေးအဆင့်လို့ ခေါ်ပါတယ်။

အီဆာက အကြံဉာဏ်တောင်းထားတဲ့ နည်းပညာကုမ္ပဏီအုပ်စုတွေက စီမံကိန်းအတွက် လိုအပ်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ အစီအရင်ခံစာတွေ ပြန်လည် တင်ပြမှာ ဖြစ်ပါတယ်။

အခုလို အီဆာက အစီအရင်ခံစာတွေ ရလာပြီဆိုရင် အီဆာဘက်က ကုန်ကျစရိတ်နဲ့တကွ တိကျတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရေးဆွဲပြီး အီးယူရဲ့ သုတေသနဆိုင်ရာ ဝန်ကြီးတွေရဲ့ ၂၀၂၂ မှာ လုပ်ဖို့အလှည့်ကျတဲ့ သုံးနှစ်တကြိမ် ပြုလုပ်လေ့ရှိတဲ့ အစည်းအဝေးမှာ တင်ပြမှာ ဖြစ်ပါတယ်။

လရောင် စီမံကိန်းက ပုဂ္ဂလိက အခန်းကဏ္ဍ

အီဆာက အခုလို အကြံဉာဏ်တောင်းထားတဲ့ ကုမ္ပဏီအုပ်စုနှစ်ခုအနက် တခုကို ယူကေနိုင်ငံက ဂြိုဟ်တုထုတ်လုပ်ရေး ကုမ္ပဏီငယ်တခုက ဦးဆောင်ထားပါတယ်။

အဲဒီ Surrey Satellite Technology Ltd. (SSLL) ဆိုတဲ့ ကုမ္ပဏီဟာ ဥရောပသမဂ္ဂရဲ့ ကမ္ဘာမြေပြင်သုံး ဂယ်လလေယို ဂြိုဟ်တုလမ်းညွှန်စနစ်ဆိုင်ရာ ပစ္စည်းတွေကို တပ်ဆင်ပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

နောက်ထပ် နည်းပညာကုမ္ပဏီအုပ်စုတခုကိုတော့ Telespazio ဆိုတဲ့ အီတလီ အာကာသ စက်ပစ္စည်းစနစ် တပ်ဆင်ရေး ကုမ္ပဏီက ဦးဆောင်ပါတယ်။

အဲဒီ ကုမ္ပဏီ အုပ်စုအတွင်းမှာ ယူကေနိုင်ငံ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ Inmarsat ဆိုတဲ့ ကုမ္ပဏီ တခုလည်း ပါဝင်ပြီး ဒီကုမ္ပဏီကတော့ သင်္ဘောနဲ့ လေယာဉ်တွေအတွက် လမ်းညွှန်လမ်းပြစနစ် ရေးဆွဲပေးတဲ့ နေရာမှာ နိုင်ငံတကာမှာ ဦးဆောင်နိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

လာမယ့် ဆယ်စုနှစ်အတွင်းမှာ လပေါ်ကို အာကာသယာဉ်စေလွှတ်ဖို့ စီစဉ်ထားတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ အနေနဲ့ အီဆာက အခုလို ဖော်ဆောင်မယ့် ဆက်သွယ်ရေး လမ်းပြကွန်ရက်ကို အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့ စီမံကိန်းအတွင်းမှာ အရဲစွန့်ပြီး လုပ်ကိုင်ရမှုကို လျှော့ချနိုင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်ကိုပါ လျှော့ချနိုင်ခြေ ရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာကနေ တိုက်ရိုက်လှမ်းမကြည့်နိုင်တဲ့ လရဲ့ အမှောင်ခြမ်းဘက်ကို လွှတ်မယ့် စက်ရုပ်ကားတွေ၊ မှန်ပြောင်း အစရှိတဲ့ ကိရိယာတွေကို ကမ္ဘာမြေပေါ်က လှမ်းထိန်းချုပ်မယ်ဆိုရင် အဲဒီ အီဆာရဲ့ ဆက်သွယ်ရေးကွန်ရက်က တဆင့် အချက်အလက်တွေ တိတိကျကျ ကမ္ဘာကို ပြန်လည် ပေးပို့နိုင်မှာ ဖြစ်တဲ့အတွက် အဝေးက လှမ်းပြီး ထိန်းချုပ်ရတာ ပိုလွယ်လာမယ်လို့လည်း ဆိုပါတယ်။

အီဆာရဲ့ ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ဒါရိုက်တာ အယ်လိုဒီ ဗီယိုကလည်း အီဆာရဲ့ လရောင် စီမံကိန်းကြောင့် လပေါ်ရောက် အာကာသယာဉ်မှူးတွေက ကိုယ်တိုင်မသွားတော့ဘဲ စက်ရုပ်ကားကို အဝေးထိန်းနဲ့ လရောင်အမှောင်ခြမ်းမှာ သွားလာခိုင်းနိုင်တာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အာကာသ စီမံကိန်းတွေ စီးပွားရေးလုပ်ငန်းအသွင် ဘယ်လို ပြောင်းလာနိုင်သလဲ

အီဆာအနေနဲ့ အခုလို စီမံကိန်း တည်ဆောက်ရာမှာ ကွန်ရက်စနစ်တခုလုံးကို ကိုယ်ပိုင်အဖြစ် တည်ဆောက်တာထက် ကုမ္ပဏီတွေကို တည်ဆောက်စေပြီး အဲဒီကနေမှ ဝန်ဆောင်မှုကို ပြန်လည်ဝယ်ယူတဲ့ ပုံစံမျိုး မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အီဆာ အနေနဲ့ ဒီလို ကွန်ရက်စနစ် တည်ဆောက်ရာမှာ ဝန်ဆောင်မှုကို ပြန်လည်ဝယ်ယူဖို့ အဓိကထားတဲ့အတွက် အရဲစွန့်လုပ်ကိုင်ရမှု အပိုင်းတွေကို ကုမ္ပဏီတွေရဲ့ တာဝန်အဖြစ် လွှဲထားနိုင်ပြီး ငွေကြေးအမြတ်အစွန်းရနိုင်တဲ့ စီမံကိန်းတခုအဖြစ် ပုံဖော်နိုင်ရင် ရင်းနှီးမြှုပ်နှံသူလည်း များလာနိုင်တယ်လို့ Inmarsat ကုမ္ပဏီက နည်းဗျူဟာကျ စီမံကိန်းများဆိုင်ရာ ဒုဥက္ကဌ နစ်ခ် ရှေ့ဗ်က ပြောပါတယ်။

ဒီလို လုပ်နိုင်လာပြီဆိုရင် အာကာသ စီမံကိန်းလုပ်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက စလို့ နာဆာနဲ့ အီဆာ တို့လို အစိုးရပိုင် အေဂျင်စီကြီးတွေအထိ ဝန်ဆောင်မှု ပြန်ဝယ်ဖို့ ကန်ထရိုက်ခွဲပေးတဲ့ ပုံစံကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကြနိုင်တယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ ဆိုရင် သူတို့ရဲ့ အတမ်းမစ်စ် စီမံကိန်းရဲ့ ပစ္စည်း ပို့ဆောင်ရေးအပိုင်းနဲ့ လူပါတဲ့ အာကာသယာဉ် ဆင်းသက်ရေး အပိုင်းတွေမှာ ပုဂ္ဂလိကပိုင်းကနေ ကန်ထရိုက်ပေး ဝယ်ယူထားပြီး ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီ အီဆာ ဆိုရင်တော့ လရောင် စီမံကိန်းအတွက် ရှေ့ပြေးလို့ဆိုနိုင်တဲ့ လပေါ် လမ်းရှာရေး ဂြိုဟ်တု စေလွှတ်တဲ့အပိုင်းမှာ SSLL ကုမ္ပဏီကို ကန်ထရိုက်ပေးထားပြီး ဖြစ်ပါတယ်။

ဒီစီမံကိန်းအရ စေလွှတ်မယ့် ဂြိုဟ်တုကို ၂၀၂၃ နဲ့၂၀၂၄ လောက်မှာ စတင် အသုံးပြုနိုင်ဖို့ SSLL ကုမ္ပဏီက ရည်မှန်းထားပြီး လပေါ် စေလွှတ်လိုက်တဲ့ ပစ္စည်းတခုရဲ့ တည်နေရာကို တဆင့်ခံ ထုတ်လွှင့်ပေးတဲ့ ဝန်ဆောင်မှုကို ရောင်းချမှာ ဖြစ်ပါတယ်။

အဲဒီ ဂြိုဟ်တုကို လွှတ်တင်ရာမှာ နာဆာရဲ့ အတမ်းမစ်စ် စီမံကိန်း အရ အာကာသယာဉ်တွေ စေလွှတ်မယ့် နေရာဖြစ်တဲ့ လရဲ့ တောင်ဝင်ရိုးစွန်းနေရာကို ပိုပြီး အာရုံစိုက် စောင့်ကြည့်နိုင်ဖို့အတွက် ဂြိုဟ်တုက လကို ဘဲဥပုံ လမ်းကြောင်းနဲ့ ပတ်နေအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

SSLL ရဲ့ အာကာသ စူးစမ်းရေးဆိုင်ရာ စီးပွားရေး အကြီးအကဲ နယ်လီ အော့ဖို့ကလည်း အာကာသ စူးစမ်းလေ့လာရေးကို အခုလို စီးပွားရေး လုပ်ငန်းတခုအဖြစ် ပုံစံပြောင်းနိုင်မယ်ဆိုရင် စီမံကိန်းကြီးတခုကို ကုမ္ပဏီငယ်တွေက ခွဲပြီး လုပ်နိုင်လာမှာ ဖြစ်တဲ့အတွက် စီမံကိန်းတွေ လုပ်ဖို့ ပိုလွယ်လာမယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ လပေါ် လမ်းရှာရေး ဂြိုဟ်တုကိုလည်း အခုလို ဈေးကွက် လှုံ့ဆော်မှု ပေးနိုင်တဲ့ ရှေ့ဆောင်ဖြစ်ဖို့ ရည်မှန်းထားပြီး ဒီဂြိုဟ်တုဟာ လပေါ်မှာ တည်ဆောက်မယ့် ဆက်သွယ်ရေးနဲ့ လမ်းပြကွန်ရက်စနစ်အတွက် ပထမဆုံး ခြေလှမ်းလည်း ဖြစ်လာမယ်လို့ နယ်လီ အော့ဖို့က ပြောဆိုခဲ့ပါတယ်။