ကိုဗစ်ကာကွယ်ဆေး မထိုးချင်တဲ့သူတွေကို ဘီယာကအစ ဆေးခြောက်အထိ လာဘ်ထိုးဆွဲဆောင်နေရ

ဓါတ်ပုံ ၁ ။ ။ ဒန်ပေါက်၊ ဘီယာ၊ အမေရိကန်မှာ တရားဝင်ပြီ ဖြစ်တဲ့ ဆေးခြောက်၊ နှာခေါင်းတပ် ရွှေကွင်း၊ ချစ်သူရှာရေး အက်ပ် အကူအညီ၊ ထီလက်မှတ်ကနေ နောက်ဆုံး ငွေသား ပေးတဲ့အထိ အမျိုးစုံအောင် မြှူဆွယ်ရ
ဓာတ်ပုံ ပုံစာ,

ဒန်ပေါက်၊ ဘီယာ၊ အမေရိကန်မှာ တရားဝင်ပြီ ဖြစ်တဲ့ ဆေးခြောက်၊ နှာခေါင်းတပ် ရွှေကွင်း၊ ချစ်သူရှာရေး အက်ပ် အကူအညီ၊ ထီလက်မှတ်ကနေ နောက်ဆုံး ငွေသား ပေးတဲ့အထိ အမျိုးစုံအောင် မြှူဆွယ်ရ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးတွေကို လူတိုင်း လိုလိုလားလား အထိုးခံမှာပဲလို့ ယူဆချင်စရာ ရှိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးခံဖို့ လက်တွန့်သူတွေ ကမ္ဘာအနှံ့ ရှိနေတဲ့အတွက် သူတို့ကို ထိုးချင်လာအောင် ဆွဲဆောင်မှုကလည်း အမျိုးမျိုးရှိလာပါတယ်။

အခုလို ဆွဲဆောင်ရာမှာ ဒန်ပေါက်၊ ဘီယာ၊ အမေရိကန်မှာ တရားဝင်ပြီ ဖြစ်တဲ့ ဆေးခြောက်၊ နှာခေါင်းတပ် ရွှေကွင်း၊ ချစ်သူရှာရေး အက်ပ် အကူအညီ၊ ထီလက်မှတ်ကနေ နောက်ဆုံး ငွေသား ပေးတဲ့အထိ အမျိုးစုံအောင် မြှူဆွယ်တဲ့ နည်းလမ်းတွေကို အသုံးပြုကြတာကို တွေ့ရပါတယ်။

နိုင်ငံတစ်နိုင်ငံချင်းရဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး လွှမ်းခြုံတဲ့ ရောဂါပိုး ကာကွယ်နိုင်မှု ပျံ့နှံ့ဖို့အတွက်ဆိုရင် လူဦးရေစုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေးထိုးထားဖို့လိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထားကြရာမှာ အထူးသဖြင့် လူငယ်ပိုင်းက ကိုဗစ်ကာကွယ်ဆေး အထိုးခံဖို့ လက်တွန့်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Twitter

ဓာတ်ပုံ ပုံစာ,

“ကာကွယ်ဆေးနဲ့ ယမကာပေးမယ်” အစီအစဉ်ကို ကြေညာခဲ့တဲ့ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး

ချစ်သူရှာရေး အက်ပ်မှာ ပိုထင်ပေါ်အောင် လုပ်ပေးမယ့် ဆွဲဆောင်မှု

အမေရိကန်နိုင်ငံဟာ အရွယ်ရောက်သူတိုင်းရဲ့ ၇၀ ရာခိုင်နှုန်းကို လာမယ့် ဇူလိုင်လ လေးရက်နေ့ မတိုင်ခင်မှာ (နှစ်လုံးထိုးရမယ့် ကိုဗစ်ကာကွယ်ဆေးအတွက်) ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး တစ်လုံး ထိုးထားပြီးသား ဖြစ်နေဖို့ ပစ်မှတ်ထားနေပါတယ်။

အခုလို အရွယ်ရောက်သူတိုင်း ကိုဗစ်ဆေး အထိုးခံလာဖို့အတွက် Tinder အစရှိတဲ့ ချစ်သူရှာရေးအက်ပ် အသုံးပြုသူတွေကို ကိုဗစ်ဆေးထိုးထားသူ ဖြစ်တယ်ဆိုတဲ့ အမှတ်တံဆိပ် တပ်ပေးမယ်ဆိုတဲ့ ဆွဲဆောင်မှု ပေးဖို့ကို အမေရိကန် အစိုးရ ကိုယ်တိုင်က စီစဉ်ပေးလာရပါတယ်။

အမေရိကန်အစိုးရက အခုလို ကိုဗစ်ကာကွယ်ဆေးထိုးသူတွေကို ဆွဲဆောင်ရာမှာ ပါဝင်နေတဲ့ ချစ်သူရှာရေး အက်ပ် ကုမ္ပဏီတွေကတော့ Hinge နဲ့ Bumble တို့လို အက်ပ်တွေလည်း ပါဝင်ပါတယ်။

အဲဒီအက်ပ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူက တခြား အလားတူ ကာကွယ်ဆေးထိုးပြီးသူတွေကိုသာ သီးသန့် ရှာဖွေနိုင်တာမျိုးလည်း လုပ်ပေးမယ့်အပြင် ဆေးထိုးပြီးသူရဲ့ ကိုယ်ရေးအချက်အလက်ကို လူများများက ပိုပြီး မြင်ရအောင် လုပ်ပေးမယ့် ဆွဲဆောင်မှုလည်း အပါအဝင် ဖြစ်ပါတယ်။

အမေရိကန် အိမ်ဖြူတော် ကိုယ်တိုင်ကလည်း ချစ်သူရှာရေး အက်ပ်တစ်ခုဖြစ်တဲ့ Okcupid ရဲ့ လေ့လာ တွေ့ရှိချက်တစ်ခုဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူ သို့မဟုတ် ထိုးဖို့ အစီအစဉ်ရှိသူတွေဟာ အက်ပ်မှာ စိတ်ဝင်စားခံရနိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုများတယ် ဆိုတဲ့အချက်ကိုတောင် ကိုးကား ဖော်ပြထားတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GREENHOUSE OF WALLED LAKE

ဓာတ်ပုံ ပုံစာ,

ကိုဗစ်ကာကွယ်ဆေး အထိုးခံလို့ ဆေးခြောက် လက်ဆောင်ရပြီး ပျော်နေကြ

“ကာကွယ်ဆေးနဲ့ ယမကာပေးမယ်”၊ “ကာကွယ်ဆေးထိုးရင်း ထီထိုးပြီးသား ဖြစ်မယ်”၊ “ဆေးထိုးခံရင်း ဆေးခြောက်ယူမယ်”

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘီယာတစ်ခွက် အလကားတိုက်မယ့် အစီအစဉ်ကို လက်ရှိ မေလမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

အခုလို “ကာကွယ်ဆေးနဲ့ ယမကာပေးမယ်” ဆိုတဲ့ အစီအစဉ်က ချိတ်ဆက်ထားတဲ့ ဘီယာကုမ္ပဏီ ၁၃ ခုမှာ ဆေးထိုးထားပြီးကြောင်း ကတ်ပြားပြပြီး ဘီယာ တစ်ခွက် အလကားသောက်နိုင်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဖီးလ် မာဖီ ကိုယ်တိုင် တွစ်တာမှာ ကြေညာခဲ့ပါတယ်။

နယူးယောက်မြို့မှာ ဆိုရင်တော့ လာမယ့် ဇွန်လက စပြီး ကိုဗစ်ကာကွယ်ဆေး အထိုးခံသူတွေ အနေနဲ့ ဆုငွေ အမေရိကန် ဒေါ်လာ ငါးသန်းအထိ ပေါက်နိုင်တဲ့ ထီလက်မှတ်တွေ ပေးမယ်လို့ နယူးယောက် အုပ်ချုပ်ရေးမှူး အန်ဒရူး ကဝိုမို က မေလ ၂၀ ရက်နေ့က ကြေညာထားပါတယ်။

“ကာကွယ်ဆေးထိုးရင်း ထီထိုးပြီးသား ဖြစ်မယ်” ဆိုတဲ့ အဲဒီ့ အစီအစဉ်အရ ကိုဗစ် ကာကွယ်ဆေး အထိုးခံသူတိုင်းက အမေရိကန်ဒေါ်လာ ၂၀ တန်ဖိုးရှိတဲ့ ထီလက်မှတ် တစ်စောင်စီ ရရှိကြမှာ ဖြစ်ပြီး ထီမပေါက်ရင်တောင် ဆေးအထိုးခံပြီးသား ဖြစ်သွားမယ် ဆိုတဲ့အတွက် အရှုံးမရှိပါဘူးလို့လည်း အုပ်ချုပ်ရေးမှူး ကဝိုမိုက ပြောပါတယ်။

The Greenhouse of Walled Lake ဆိုတဲ့ မစ်ရှီဂန်မြို့က ဆေးခြောက် ကုမ္ပဏီတစ်ခုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက စပြီး ကိုဗစ်“ဆေးထိုးခံရင်း ဆေးခြောက်ယူမယ်” ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။

အခုလို အစီအစဉ်အရ ဆေးခြောက်လာယူသူ သုံးသောင်းခွဲ ကျော်သွားပြီ လို့လည်း ကုမ္ပဏီပိုင်ရှင် ဂျယ်ရီ မီလန် က ပြောပါတယ်။

ဗီဒီယို ပုံစာ,

အိန္ဒိယက ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲတွေ

ဆေးထိုးခံရင် ဒန်ပေါက်၊ နှာခေါင်းတပ်ရွှေကွင်းနဲ့ အားကစားခန်းမ ဂျင်မ် အခမဲ့ သုံးခွင့်ပေးမယ့် နေရာတွေ

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့မှာ ဆိုရင်တော့ ကိုဗစ်ကာကွယ်ဆေး အထိုးခံမယ်ဆိုရင် မြို့ပေါ်က နာမည်ကြီး အားကစားခန်းမတွေကို နှစ်ပတ် အခမဲ့ အသုံးပြုခွင့်ပေးမယ် ဆိုပြီး သတင်းစာတွေကနေ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က ရပ်ဂျ်ကော့ မြို့မှာတော့ ရွှေဆိုင်တွေ စုပေါင်းပြီး ကိုဗစ်ဆေး အထိုးခံတဲ့ အမျိုးသမီးတွေကို နှာခေါင်းတပ် ရွှေကွင်းနဲ့ အမျိုးသားတွေကို လက်ကိုင် ကြိတ်စက်တစ်ခု ပေးမယ့် အစီအစဉ် ပြုလုပ်ခဲ့တယ်လို့ ANI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှာ ဆိုရင်တော့ ဝီဇယံနာဂရန် မြို့မှာ ကိုဗစ်ကာကွယ်ဆေး အထိုးခံသူကို ဒန်ပေါက်တစ်ပွဲ ကျွေးမှာဖြစ်ကြောင်း အခုလို ကျွေးမယ့် စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ပြောဆိုချက်ကို The Hans သတင်းစာက ဖော်ပြခဲ့ပါတယ်။