ကိုဗစ်ထိန်းချုပ်ရေးမှာ စင်္ကာပူနဲ့ ထိုင်ဝမ်တွေ ဘာတွေလွဲခဲ့ကြသလဲ

ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေကြေညာလိုက်ချိန် ကတည်းက စပြီး အစောဆုံး နိုင်ငံခြားသား ဝင်ရောက်မှုကို ပိတ်ပင်ခဲ့တဲ့ တစ်နိုင်ငံဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေကြေညာလိုက်ချိန် ကတည်းက စပြီး အစောဆုံး နိုင်ငံခြားသား ဝင်ရောက်မှုကို ပိတ်ပင်ခဲ့တဲ့ တစ်နိုင်ငံဖြစ်

စင်္ကာပူနဲ့ ထိုင်ဝမ်နိုင်ငံတို့ဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ အောင်မြင်မှုရတဲ့ နိုင်ငံတွေအဖြစ် အများက ရှုမြင်ခံရတဲ့အချိန် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်စ ကစလို့ သေဆုံးသူနှုန်းရော ကူးစက်သူနှုန်းပါ မရှိသလောက် ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ မေလအတွင်းမှာတင် ဒီနှစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးသူတွေ့ရှိမှုက ရုတ်တရက် ခုန်တက်သွားခဲ့ပြီး စင်္ကာပူမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ၂၄၈ ယောက်နဲ့ ထိုင်ဝမ်မှာ ၁၂၀ဝ လောက်အထိ ကိုဗစ်ကူးစက်ခံရသူတွေ ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ နိုင်ငံအသီးသီးက ကိုဗစ်ကူးစက်နှုန်းတွေနဲ့ ယှဉ်ရင် အဲဒီကူးစက်နှုန်းတွေက မများလှဘူးလို့ ယူဆစရာရှိပေမယ့် ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားကြတဲ့အတွက် ဘာ့ကြောင့် ဒီလိုဖြစ်လာရသလဲ ဆိုတာ လေ့လာကြည့်သင့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ထိုင်ဝမ်ရဲ့ လက်ဖက်ရည် အိမ်တော်များနဲ့တကွ အနှိပ်ခန်းတွေရှိတဲ့ ရပ်ကွက်တစ်ခု

လုံလောက်ပြီအထင်နဲ့ ပေါ့ဆမှုတွေ ရှိခဲ့တဲ့ ထိုင်ဝမ်

ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေကြေညာလိုက်ချိန် ကတည်းက စပြီး အစောဆုံး နိုင်ငံခြားသား ဝင်ရောက်မှုကို ပိတ်ပင်ခဲ့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

ဒါ့အပြင် ဒေသတွင်း စည်းကမ်းတင်းကြပ်မှုတွေလည်း လက်ရှိ အချိန်အထိ လုပ်နေဆဲဖြစ်ပေမယ့် လတ်တလောကာလအတွင်းမှာ ကိုဗစ်ရောဂါပိုး စစ်တဲ့အပိုင်းကို ပေါ့ပေါ့ဆဆ လုပ်လာခဲ့တယ်လို့ ထိုင်ဝမ် နိုင်ငံတော် တက္ကသိုလ်က တွဲဖက် ပါမောက္ခ လင်ရှန်းဟိုက ပြောပါတယ်။

Our World in Data ဆိုတဲ့ အွန်လိုင်းမှာ ထုတ်ပြန်ချက်အရ ထိုင်ဝမ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လလယ်ပိုင်းမှာ လေ့လာချက်အရ လူတစ်ထောင်မှာ ဝ.၅၇ ယောက်နှုန်းကိုသာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒီ ကာလအတွင်းမှာပဲ တခြားနိုင်ငံတွေက ကိုဗစ်ပိုးစစ်တဲ့ နှုန်းကို ကြည့်မယ်ဆိုရင် စင်္ကာပူမှာ လူတစ်ထောင်ကို ၆.၂၁ ယောက်နှုန်းနဲ့ ယူကေနိုင်ငံမှာ လူတစ်ထောင်ကို ၈.၆၈ ယောက် နှုန်းအထိ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ အစကတည်းက တင်းကြပ်ထားခဲ့တဲ့အတွက် ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဖျားနာသူတွေကိုတွေ့ရရင် ကိုဗစ်ကြောင့် မဟုတ်လောက်ဘူးလို့ ပေါ့ပေါ့ဆဆ ယူဆမှုတွေ ရှိခဲ့တယ်လို့ ဒေါက်တာလင်က ပြောပါတယ်။

အခုလို ပေါ့ဆခဲ့ကြသူတွေထဲမှာ ဆရာဝန်တွေနဲ့ ဆေးရုံတွေလည်း အပါအဝင်ဖြစ်ပြီး ရောဂါကူးမှု အစကောက် ဇစ်မြစ်လိုက်တာမျိုးလည်း သိပ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ထိုင်ဝမ်ဟာ သူတို့တင်းကြပ်ထားတဲ့ စည်းကမ်းတွေထဲက တချို့ကို ပြန်လည်ဖြေလျော့ပေးတာလည်း ရှိခဲ့ပါတယ်။

ထိုင်ဝမ်မှာ ယခင်က ကိုဗစ်ကာကွယ်ဆေး ထိုးမထားသူ လေယာဉ်မောင်းတွေကို ၁၄ ရက် သီးခြားခွဲနေဖို့ စည်းကမ်းထုတ်ထားပေမဲ့ နောက်ပိုင်း ၅ ရက်၊ အဲဒီကနေ ၃ ရက်သာ သီးခြားခွဲနေဖို့အထိ လျှော့ပေးခဲ့တာကို တွေ့ရပါတယ်။

အခုလို လျှော့ပေးပြီး မကြာခင်မှာဘဲ တောက်ရွမ်လေဆိပ်အနီးက နိုဗိုတယ် ဟိုတယ်မှာ သီးခြားခွဲနေကြတဲ့ တရုတ်လေယာဉ်မောင်းတွေကတစ်ဆင့် ကိုဗစ်ကူးနှုန်း တက်လာတာကို ကြုံလာခဲ့ရပါတယ်။

အခုလို ကူးစက်နှုန်းတက်လာတဲ့ ကိုဗစ်-၁၉ ရောဂါပိုးဟာ ယူကေမှာတွေ့ရတဲ့ ကူးစက်နှုန်းမြန်တဲ့ B.1.1.7 မျိုးကွဲ တစ်ခုဖြစ်နေတာကို တွေ့ကြရပြန်ပါတယ်။

အဲဒီ ကူးစက်မှုဟာ ထိုင်ဝမ်မှာ “လက်ဖက်ရည် အိမ်တော်များ” လို့ ခေါ်တဲ့ အရွယ်ရောက်သူများ ပျော်ရွှင်၊ စားသောက်၊ သီချင်းဆိုကြရာ ဆိုင်တွေကတစ်ဆင့် ပိုဆိုးသွားခဲ့ပါတယ်။

ထိုင်ဝမ် ဒုသမ္မတဟောင်းဖြစ်ခဲ့ပြီး ကူးစက်ရောဂါပညာရှင်လည်းဖြစ်သူ ပါမောက္ခ ချန်ကျန်းကျန် ကလည်း ကူးစက်ခံရသူ အနေနဲ့ သူတို့ အဲဒီ လက်ဖက်ရည် အိမ်တော်တွေဆီ သွားခဲ့ဖူးတာဆိုတာ ထုတ်မပြောကြတဲ့အတွက် ရောဂါကူးစက်မှု ဇစ်မြစ်လိုက်ဖို့ ပိုပြီး ခက်ခဲရတယ်လို့ ဆိုပါတယ်။

အခုလို ထိုင်ဝမ်မှာ ကူးစက်မှု များသွားရတဲ့ အခြေအနေမှာ လူနည်းနည်းလေးက စည်းကမ်း ချိုးဖောက်တယ် ဆိုရင်ပဲ သက်ရောက်မှု များတဲ့အကြောင်း သင်ခန်းစာယူသင့်ပြီး အခုလို အရွယ်ရောက်သူများ အပျော်အပါးသွားတဲ့နေရာတွေကို ဂျပန်မှာ စောစော ပိတ်ခိုင်းခဲ့သလို ထိုင်ဝမ်မှာလည်း ပိတ်ခဲ့သင့်တယ်လို့ ဒေါက်တာ ချန်က ပြောပါတယ်။

စင်္ကာပူနိုင်ငံတော် တက္ကသိုလ်က တွဲဖက် ပါမောက္ခ အဲလက်စ် ကွတ်ခ် ကလည်း ထိုင်ဝမ်ဖြစ်ရပ်ဟာ နယ်စပ်ပိတ်တဲ့ ရောဂါထိန်းချုပ်ခြင်း နည်းလမ်းတစ်ခုတည်းက မလုံလောက်ဘူးဆိုတာကို ပြနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လက်ရှိ မေလ နှောင်းပိုင်းမှာ စင်္ကာပူရဲ့ ချန်ဂီလေဆိပ်က ကိုဗစ်ကူးစက်မှုတွေ အဓိက စတင်တဲ့ နေရာဖြစ်လာခဲ့

တင်းကြပ်တဲ့ကြားထဲက လွတ်ထွက်သွားခဲ့တဲ့ စင်္ကာပူ အခြေအနေ

စင်္ကာပူနိုင်ငံမှာ လတ်တလော ကိုဗစ်ကူးနှုန်းတက်လာခဲ့တဲ့ ပုံစံက ထိုင်ဝမ်နဲ့တော့ မတူပါဘူး။

စင်္ကာပူနိုင်ငံမှာ ကိုဗစ်ကူးနှုန်းထိန်းချုပ်ဖို့အတွက် စည်းကမ်းတွေကို တောက်လျှောက် တင်းကြပ်နေခဲ့ပြီး ပြင်ပမှာ လူ ၈ ဦးထက်ပိုပြီး မတွေ့ရတဲ့ စည်းကမ်း သတ်မှတ်ထားသလို ကလပ်တွေကိုလည်း ပိတ်ခိုင်းထားခဲ့ပြီး မင်္ဂလာဆောင်တွေမှာတောင် လူအရေအတွက် ကန့်သတ်ထားခဲ့ပါတယ်။

ဒါပေမယ့် စင်္ကာပူရဲ့ စည်းကမ်းတင်းကြပ်မှုတွေ ကြားထဲက လွတ်ထွက်သွားစေတဲ့ အခြေအနေတွေလည်း ရှိလာခဲ့ပြီး လက်ရှိ မေလ နှောင်းပိုင်းမှာ စင်္ကာပူရဲ့ ချန်ဂီလေဆိပ်က ကိုဗစ်ကူးစက်မှုတွေ အဓိက စတင်တဲ့ နေရာဖြစ်လာခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ နောက်ပိုင်း တွေ့ရှိချက်အရ ကူးစက်ခံရကြောင်း တွေ့ရတဲ့ ဝန်ထမ်းတွေဟာ တောင်အာရှ အပါအဝင် ကူးစက်ခံရနိုင်ခြေများတဲ့ နိုင်ငံတွေက ခရီးသွားတွေကို ဝန်ဆောင်မှုပေးရတဲ့အပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။

အခုလို အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေက အားလပ်ချိန် လေဆိပ်တွင်းက ဆိုင်တွေမှာ အစားအသောက် သွားစားတဲ့အခါမှာ အများပြည်သူတွေ ရှိတဲ့နေရာရောက်သွားပြီး ကူးစက်မှုတွေ ပိုပျံ့နှံ့သွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အကျိုးဆက်ကြောင့် စင်္ကာပူနိုင်ငံဟာ လတ်တလောမှာ ခရီးသွားနားနေတဲ့ နေရာတွေကို ခရီးသွားမဟုတ်တဲ့ အများပြည်သူတွေ မလာရ ဆိုပြီး ပိတ်ပင်ထားလိုက်ပါတယ်။

အခုလို လေဆိပ်တစ်ဝိုက်ကတစ်ဆင့် ကိုဗစ်ကူးခံရသူတွေကို နောက်ပိုင်းမှာ ထပ်မံ စစ်ဆေးကြည့်ရာမှာ အိန္ဒိယနိုင်ငံမှာ ပြန့်ပွားနေတဲ့ ကိုဗစ်မျိုးကွဲ B.1.617 အကူးခံရတာ ဖြစ်နေကြောင်း တွေ့ခဲ့ရပြန်ပါတယ်။

အခုလို ပေါ်ပေါက်လာမှုတွေကြောင့် လေဆိပ်အတွင်းမှာ ကူးစက်ခံရနိုင်ခြေများတဲ့ နိုင်ငံတွေကလာတဲ့ ခရီးသွားတဲ့ ဝန်ဆောင်မှုပေးတဲ့နေရာနဲ့ နည်းတဲ့ နိုင်ငံတွေက ခရီးသွားတွေကို ဝန်ဆောင်မှုပေးတဲ့ နေရာတွေကို သီးခြားခွဲလိုက်ပြီး ဝန်ထမ်းတွေကိုပါ သီးသန့် ခွဲခြားလုပ်ကိုင်စေဖို့ စင်္ကာပူ အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

စင်္ကာပူနိုင်ငံအနေနဲ့ အခုလို ပုံစံမျိုး ကိုဗစ်ပြန့်ပွားနိုင်ခြေကို ကြိုတင်သတိပေးမှုတွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း ကုန်သွယ်ရေး ဗဟိုချက် အဖြစ် ရပ်တည်တဲ့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံလို ပြည်ဝင်ခွင့် လုံးဝ ပိတ်တာမျိုး လုပ်လို့ မရဘူးလို့ စင်္ကာပူ အမျိုးသားတက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှူး ကျိုရစ်ရင်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ဥရောပကို ခရီးသွားပြီး ပြန်လာကြသူတွေဆီက အဓိက ပြန့်ပွားတာ ဖြစ်တဲ့အတွက် တရုတ် အစရှိတဲ့ နိုင်ငံတွေကို ပိတ်လိုက်ရုံနဲ့ စိတ်မချရတာ သိနိုင်ပြီး၊ အကုန်လိုက်ပိတ်ဖို့ကလည်း လက်တွေ့မကျဘူးလို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ,

အိန္ဒိယက ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲတွေ

စင်္ကာပူ၊ ထိုင်ဝမ်နှစ်ခုစလုံးနဲ့ သက်ဆိုင်တဲ့ ကာကွယ်ဆေး အလားအလာ

ထိုင်ဝမ်နိုင်ငံလို ကိုဗစ်ကူးစက်မှုနှုန်း နည်းနေခဲ့တဲ့ နိုင်ငံမှာ နိုင်ငံသားတွေက ကာကွယ်ဆေး အထိုးခံဖို့ လိုလိုလားလား သိပ်မရှိကြဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် ထိုင်ဝမ်က အဓိက ဝယ်ယူထားတဲ့ ကိုဗစ် ကာကွယ်ဆေးက အက်စရာ ဇနက်ကာ ဖြစ်နေတဲ့အတွက်လည်း ပိုပြီး မလိုလားကြတာကို တွေ့ရပြီး ဒီဆေးကလည်း ဥရောပဘက်မှာပါ သွေးခဲမှု ပြဿနာ ဖြစ်စေတယ် ဆိုပြီး နာမည်ထွက်သွားခဲ့တဲ့ ကာကွယ်ဆေးလည်း ဖြစ်နေခဲ့လို့ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ထိုင်ဝမ် ကိုဗစ်ကူးနှုန်း တက်လာတဲ့အခါမှာ ကာကွယ်ဆေးအထိုးခံချင်တဲ့ ထိုင်ဝမ်သားတွေအတွက် အလုံအလောက် မရှိသေးတဲ့ ပြဿနာက ဖြစ်လာပြန်ပါတယ်။

ထိုင်ဝမ်လူဦးရေက ၂၄ သန်းရှိပေမဲ့ ထိုင်ဝမ် ဝယ်ထားတဲ့ ကာကွယ်ဆေးက အလုံး ၃၀ဝ၀ဝ၀ သာ ရှိပါသေးပါတယ်။

လက်ရှိ အခြေအနေမှာ နိုင်ငံတကာက ကာကွယ်ဆေး ထပ်ဝယ်လို့ မရသေးတဲ့အတွက် ပြည်တွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးထုတ်ဖို့ လုပ်နေပြီး လာမယ့် ဇူလိုင်လအတွင်းမှာပဲ စတင် အသုံးပြု နိုင်ဖို့ မျှော်လင့်နေပါတယ်။

စင်္ကာပူမှာလည်း ထိုင်ဝမ်နဲ့ ဆင်တူယိုးမှား ကာကွယ်ဆေး ပြဿနာ ကြုံနေရပြန်ပါတယ်။

စင်္ကာပူလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေး နှစ်လုံးထိုးစရာလိုတဲ့ အထဲက အနည်းဆုံး တစ်လုံး ထိုးထားကြပြီးသား ဖြစ်ပြီး Our World in Data ရဲ့ အချက်အလက်တွေအရ အရှေ့တောင်အာရှမှာ ကာကွယ်ဆေးထိုးမှုနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။

စင်္ကာပူအစိုးရအနေနဲ့ ဒီနှစ် ၂၀၂၁ နှစ်ကုန်မှာ တစ်နိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး အပြည့်အစုံ ထိုးပြီးသား ဖြစ်ဖို့ ရည်မှန်းနေပေမယ့်လည်း ဝယ်လို့ရတဲ့ ဆေး မလောက်ငှမှု ရှိနေပါတယ်။

ယူကေ၊ အမေရိကန်နဲ့ တရုတ်တို့လို ကိုယ်တိုင် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်မှသာလျှင် ဈေးကွက်အပေါ် မှီခိုရမှု နည်းမှ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ကာကွယ်ဆေးထုတ်ဖို့ စလုပ်နေတယ်လို့လည်း ပါမောက္ခ ကျိုက ပြောပါတယ်။

စင်္ကာပူနဲ့ ထိုင်ဝမ်တို့က လက်ရှိ အခြေအနေတွေအပေါ် သင်ခန်းစာယူပြီး ပြင်ဆင်နိုင်ခဲ့သလိုပဲ တစ်ဖက်မှာလဲ ရောဂါထိန်းချုပ်ရေး စည်းကမ်းတွေ လျှော့ပေးလာတဲ့ ဥရောပနဲ့ အမေရိကန်ဘက်မှာလည်း သတိကြီးကြီးထားသင့်တယ်လို့ ပါမောက္ခ ကျိုက သတိပေးခဲ့ပါတယ်။