ကိုဗစ် အချက်အလက်မှားတွေပါတဲ့ ဘရာဇီး သမ္မတရဲ့ ဗီဒီယိုတွေကို ယူကျု ဖြုတ်ချ

အတည်မပြုနိုင်တဲ့ hydroxychloroquine ဆေးနဲ့ ကိုဗစ်-၁၉ ကုသမှု အပေါ် ဘရာဇီးသမ္မတ ကာကွယ်ပြောဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အတည်မပြုနိုင်တဲ့ hydroxychloroquine ဆေးနဲ့ ကိုဗစ်-၁၉ ကုသမှု အပေါ် ဘရာဇီးသမ္မတ ကာကွယ်ပြောဆို

ဘရာဇီး သမ္မတ ယဲဘိုဆိုနာရို Jair Bolsonaro ရဲ့ ဗီဒီယိုတွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက်မှားတွေ ပါနေတာကြောင့် အဲဒီဗီဒီယိုတွေ ဖယ်ပစ်လိုက်ပြီလို့ ယူကျု YouTube က ပြောပါတယ်။

နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ YouTube က သဘောတရား နဲ့ နိုင်ငံရေးအပေါ် အခြေခံ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ သူတို့ဆီမှာ တင်တဲ့ ဗီဒီယိုတွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒအပေါ်သာ အခြေခံတဲ့ အကြောင်း ပြောပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေ စတင်ခဲ့စဥ် အချိန်က စပြီး ဘရာဇီးသမ္မတဟာ အပြင်မထွက်ကြဖို့ လော့ခ်ဒေါင်းချတာတွေ၊ နှာခေါင်းစည်း တွေတပ်ခိုင်းတာနဲ့ ကာကွယ်ဆေး ထိုးနှံရေးကအစ ကန့်လန့်တိုက်တဲ့ ဆန့်ကျင်တဲ့ စကားတွေ ပြောနေခဲ့ပါတယ်။

YouTube က ဖြုတ်ချပစ်ခဲ့တဲ့ ဗီဒီယို ၁၅ ခု ရှိတယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပေမယ့် သမ္မတရုံးဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ ဘာမှ တုံ့ပြန်ပြောကြားမှုမျိုး မရှိသေးပါဘူး။

သူ့ရဲ့ YouTube ရုပ်သံလိုင်းပေါ်မှာ အပတ်စဥ် မိန့်ခွန်းတွေ၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ အကြောင်းအရာစုံကို ဆွေးနွေးကြတာတွေ တင်ပေးသလို တခါတရံမှာ တိုက်ရိုက် လွှင့်တာမျိုးတောင် ရှိပါတယ်။

O Globo သတင်းဌာနကလည်း ဗီဒီယို တခုထဲမှာဆို ဘရာဇီး ကျန်းမာရေး ဝန်ကြီးဟောင်း Eduardo Pazuello က ကိုရိုနာဗိုင်းရပ်စ်ကို ခုခံအားကျဆင်းမှု Aids ရောဂါနဲ့ နှိုင်းယှဥ်ပြောနေတာတောင် ပါနေတယ်လို့ ဆိုပါတယ်။

Mr Pazuello က HIV ရောဂါ ကူးစက်မှုတွေဟာ ကပ်ရောဂါလို့ စခဲ့ပြီးနောက်မှာ အခုထက်ထိလည်း ရှိနေဆဲဖြစ်တယ်၊ တချို့မှာ ပိုးတွေအများကြီး ကျန်နေသေးတယ်၊ တချို့က ကုသမှု ခံယူပြီးဖြစ်တယ်၊ လူမှုဘဝတွေလည်း ပုံမှန်လိုပဲ ဆက်သွားနေတာပါပဲလို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကိုဗစ်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်တွေ လုပ်ခဲ့ကြသူ ဘိုဆိုနာရိုနဲ့ အမေရိကန် သမ္မတ ထရမ့်

CNN သတင်းဌာနက ပြသခဲ့တဲ့ ဗီဒီယို တခုထဲမှာလည်း ဘရာဇီး ဆရာဝန်တယောက်က hydroxychloroquine လို့ခေါ်တဲ့ ငှက်ဖျားရောဂါ ကုသတဲ့ ဆေးနဲ့ ကပ်ပါးပိုး တိုက်ဖျက်တဲ့ ivermectin ဆေးတို့ကို ကိုဗစ် - ၁၉ ကုသရေးမှာ သုံးသင့်တယ်လို့ ပြောထားတာကို တွေ့ရပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ဒီဆေးတွေရဲ့ ဆေးစွမ်းနဲ့ ပတ်သက်လို့ သက်သေမပြနိုင်သေးပါဘူး။

YouTube ကလည်း သူတို့ရဲ့ ပလက်ဖောင်းကို သုံးပြီး ဒီဆေးတွေကို ထိရောက်မှု ရှိတဲ့ ဆေးဝါးအဖြစ် ကြော်ငြာပေးတာမျိုး ပေးလုပ်မှာ မဟုတ်ကြောင်း ပြောပါတယ်။ သူတို့ရဲ့ စည်းမျဥ်း စည်းကမ်းတွေအရ နှာခေါင်းစည်း တပ်ခြင်းက ဗိုင်းရပ်စ် မကူးအောင် တားမပေးနိုင်ဘူး ဆိုတဲ့ ဗီဒီယိုမျိုးတွေကိုလည်း ပေးမတင်ကြောင်း ပြောပါတယ်။

တကယ်တော့ YouTube လို ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေက သမ္မတ Bolsonaro ရဲ့ ဗီဒီယိုတွေကို ဖြုတ်ချပစ်ခဲ့တာ ဒါပထမဆုံး အကြိမ်မဟုတ်ပါဘူး။ မနှစ်ကလည်း Twitter နဲ့ Facebook က သူ့ ဗီဒီယိုတွေကို ဖြုတ်ပစ်ခဲ့ပါတယ်၊ အဲဒီ ဗီဒီယိုတွေထဲမှာဆို သူက လူအချင်းချင်း ခပ်ခွာခွာ နေခိုင်းတာတွေကို ဆန့်ကျင်စကားတွေ ပြောခဲ့တာနဲ့ ဘရာဇီးမှာ ကူးစက်မှု နှုန်း မြင့်မားလာရင် ပြည်သူလူထုမှာ ကိုဗစ်ကို ခံနိုင်တဲ့ ကိုယ်ခံအားတွေ ရပြီးသား ဖြစ်သွားမယ်လို့ ပြောတာတွေ ပါနေပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ ဘရာဇီးဟာ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်သွားပါတယ်။ နောက်ပြီး သမ္မတရဲ့ ကပ်ရောဂါကို ကိုင်တွယ် ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့လည်း ဝေဖန်ပြစ်တင်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကဆို ဘရာဇီး ကွန်ဂရက်လွှတ်တော်က Bolsonaro အစိုးရရဲ့ ကပ်ရောဂါအပေါ် တုံ့ပြန်ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။