ထွက်ပြေးသွားတဲ့ အာဖဂန်သမ္မတ ယူအေအီးမှာ ရှိနေ

အာရှရပ်ဖ်ဂါနီနဲ့ မိသားစု ယူအေအီးမှာ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အာရှရပ်ဖ်ဂါနီနဲ့ မိသားစု ယူအေအီးမှာ ရှိနေ

ထွက်ပြေးသွားတဲ့ အာဖဂန်သမ္မတ ယူအေအီးမှာ ရှိနေ

တာလီဘန်တွေ ကာဘူးလ်မြို့တော်ကို လက်ရသိမ်းလုသိမ်းခင် တိုင်းပြည်ထဲကနေ ထွက်ပြေးသွားတဲ့ အာဖဂန် သမ္မတ အာရှရပ်ဖ် ဂါနီဟာ အခုဆိုရင် အာရပ် စော်ဘွားများ ပြည်ထောင်စု ယူအေအီးမှာ ရောက်ရှိနေတယ်လို့ ယူအေအီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။

"ယူအေအီးအနေနဲ့ သမ္မတ အာရှရပ်ဖ်ဂါနီနဲ့ သူ့ရဲ့ မိသားစုကို ကြိုဆိုလက်ခံ ခဲ့ပါကြောင်း ယူအေအီး နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီးဌာနက အတည်ပြုပါတယ်။ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အခြေခံနဲ့ သူတို့ကို လက်ခံထားတာ ဖြစ်ပါတယ်" ဆိုပြီး ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

မစ္စတာ ဂါနီဟာ ကာဘူးလ်ကနေ ဒေသအချိန် တနင်္ဂနွေ နေ့လယ်ပိုင်းမှာ ထွက်ခွာ သွားတာ ဖြစ်ပြီး၊ ဥဇဘက်ကစ္စတန်ထဲ ထွက်ပြေး သွားတယ် ဆိုတဲ့ ကနဦး သတင်းတွေ ထွက်လာခဲ့ပါတယ်။

ယူအေအီးထဲ ဘယ်လို ဘယ်ပုံ ဝင်လာခဲ့တယ် ဆိုတဲ့ အသေးစိတ် အစီအစဥ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပန်ဂျ်ရှား တောင်ကြားဒေသမှာ အင်အား ပြန်လည် စုဖွဲ့

တာဘီဘန်ကို ဆန့်ကျင်ပြီး အမ္မရူလာ ဆာလာဟ်က အာဖဂန် အိမ်စောင့် အစိုးရ သမ္မတ အဖြစ် ကြေညာ

အာဖဂန်နစ္စတန် ဒုသမ္မတ အမ္မရူလာ ဆာလာဟ်က တာလီဘန်နဲ့ စစ်မပြီးသေးကြောင်း ကြေညာပြီး၊ သူသာ အခြေခံဥပဒေနဲ့ အညီ အိမ်စောင့် အစိုးရ သမ္မတ ဖြစ်ကြောင်း ကြေညာပါတယ်။

သူ့ရဲ့ အသံဖိုင်ကို ဘီဘီစီ လက်ခံရရှိခဲ့ပြီး နယူးစ်နိုက် အစီအစဥ်ကနေ ထုတ်လွှင့်ထားပါတယ်။

အမ္မရူလာ ဆာလာဟ်ဟာ အခု ယူအေအီးမှာ ရောက်နေတဲ့ အာရှရပ်ဖ် ဂါနီရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အာရှရပ်ဖ် ဂါနီ တိုင်းပြည်ကနေ ထွက်ပြေးသွားချိန်မှာ အမ္မရူလာ ဆာလာဟ်ဟာ ပန်ဂျ်ရှား တောင်ကြားဒေသမှာ အင်အား ပြန်လည် စုဖွဲ့ပြီး တာလီဘန်တွေကို ဆက်လက် ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

အမ္မရူလာ ဆာလာဟ် ဦးဆောင်တဲ့ အာဖဂန် အိမ်စောင့် အစိုးရ ဆိုတာကို ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ဘယ်လို သဘောထားသလဲ ဆိုတာတွေတော့ ထွက်ပေါ် မလာသေးပါဘူး။

ဒါပေမယ့် တာဂျစ်ကစ္စတန်မှာ ရှိတဲ့ အာဖဂန်သံရုံးက သံအမတ် မိုဟာမက် ဇာဟီ အက္ကဘာကတော့ အမ္မရူလာ ဆာလာဟ်ရဲ့ အိမ်စောင့် အစိုးရကို အသိအမှတ်ပြု ဖို့ ရည်ရွယ်ထားတယ် ဆိုပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

တိုင်းပြည်က ထွက်ပြေးသွားတဲ့ အာရှရပ်ဖ်ဂါနီကိုလည်း အမိမြေကို သစ္စဖောက်သူ ဆိုပြီး ဝေဖန်တဲ့ အပြင် မစ္စတာဂါနီဟာ ဒေါ်လာ ၁၆၉ သန်း ယူဆောင်ပြီး ပြေးသွားတာ ဖြစ်တယ်လို့ သံအမတ် ဇာဟီ အက္ကဘာ စွပ်စွဲပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

တာလီဘန် အလံကို ဖြုတ်ချ

လူသေဆုံးရတဲ့ အထိ ဂျလာလာဘတ် ဆန္ဒပြပွဲ ဖြိုခွင်းခံရ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အာဖဂန်နစ္စတန် အရှေ့ဘက်ပိုင်းမြို့ ဂျလာလာဘတ်မှာ တာလီဘန် ဆန္ဒပြပွဲ ဖြစ်ခဲ့တာမှာ ပစ်ခတ် ဖြိုခွဲ ခံရပါတယ်။

ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူတစ်ယောက် သေဆုံးကြောင်း သတင်းတွေ ရထားပါတယ်။

ဂျလာလာဘတ် မြို့လယ်ရင်ပြင်မှာ အာဖဂန်နစ္စတန် နိုင်ငံတော် အလံကို ပြန်လည် လွှင့်တင်ဖို့ ဆန္ဒပြသမားတွေ ကြိုးစားခဲ့ရာက တာလီဘန် လက်နက်ကိုင်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

နန်ဂါဟာ ပြည်နယ်ထဲက ဂျလာလာဘတ်မြို့ ဟာ ပါကစ္စတန်နဲ့ကြား ဆက်သွယ်ထားတဲ့ လမ်းတွေကို ထိန်းချုပ်ဖို့ရာ ဗျူဟာမြောက် အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

အဲဒီမြို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အစောပိုင်းက ခုခံမှု တစုံတရာ မရှိပဲ တာလီဘန်တွေ သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာတော့ အာဖဂန်နိုင်ငံတော် အလံဟောင်းကို ကိုင်ပြီး ဆန္ဒပြနေကြသူတွေကို တွေ့မြင်လာရပါတယ်။

ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက် လူစုကွဲသွားတယ် ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။

တာလီဘန် အလံကို ဖြုတ်ချပြီး အာဖဂန် နိုင်ငံတော် အလံဟောင်းကို လွှင့်တင်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်း တချို့လည်း ပေါ်ထွက်လာပါတယ်။

တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အစ္စလာမ်မစ် နိုင်ငံအဖြစ် ကြေညာထားပြီး အလံအဖြစ် ဘာသာရေး ယုံကြည်ချက် စာတန်းပါ အလံနက်ကို အသုံးပြု နေပါတယ်။

အဲဒီ အလံကနေ နိုင်ငံတော် အလံတော် အသစ်တစ်ခု ပေါ်ထွန်းလာဖို့ ဆွေးနွေး နေကြပြီး၊ နောက်ပေါ်ပေါက်လာတော့မယ့် အစိုးရ အသစ်က အလံတော်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ တာလီဘန် ပြောခွင့်ရ ဇာဘီဟူလာလ် မူဂျာဟစ်က ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

လေဆိပ်ဝင်း ဂိတ်ဝကို လူတွေစုပြုံတိုး

ကာဘူးလ်လေဆိပ်မှာ အခြေအနေတွေ ရှုပ်ထွေးနေမြဲ

ကာဘူးလ် လေဆိပ်ဝင်းထဲ လူတွေကို စနစ်တကျ သွင်းနိုင်ဖို့ အနောက်နိုင်ငံတွေ အတော်လေး ကြိုးစား ရုန်းကန်နေရပါတယ်။ လေဆိပ်ဝင်း ဂိတ်ဝကို လူတွေစုပြုံတိုးနေစဥ် သေနတ်သံတချို့ ထွက်လာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

မကြာသေးခင် နာရီ အနည်းငယ်ကပဲ ပြင်သစ်၊ ဂျာမနီ၊ဒတ်ချ်နဲ့ ချက် နိုင်ငံတွေက လေယာဥ်တွေ ကာဘူးလ် လေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီ လေယာဥ်တွေပေါ် သက်ဆိုင်ရာ နိုင်ငံသားတွေနဲ့ အာဖဂန် တချို့လည်း ပါသွားခဲ့ကြပါတယ်။

ကာဘူးလ်ကနေ ကယ်ထုတ်လာသူတွေကို တင်လာတဲ့ ဗြိတိသျှ တော်ဝင် လေတပ် RAF က လေယာဥ်တစ်စင်းလည်း ဒေသအချိန် အင်္ဂါညပိုင်းမှာ အင်္ဂလန် အလယ်ပိုင်း ဘရိုက်ဇ်နော်တန် RAF လေတပ် အခြေစိုက်စခန်းမှာ ဆင်းလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကာတာကနေတဆင့် ပြန်ဝင်လာ

ပြည်တော်ပြန် တာလီဘန်ခေါင်းဆောင်တွေ

တာလီဘန် နိုင်ငံရေးခေါင်းဆောင် မူလာ အဗ္ဗဒွလ် ဂါတီ ဘာရာဒါ အပါအဝင် တခြား နိုင်ငံရေးပိုင်း ဆိုင်ရာ ဦးစီးဦးဆောင်တချို့ ပြည်ပမှာ နေထိုင် နေခဲ့ကြရာကနေ အခု အာဖဂန်နစ္စတန် နိုင်ငံထဲ ပြန်ဝင်လာကြပြီ ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။

သူတို့ဟာ ကာတာကနေတဆင့် အာဖဂန် တောင်ပိုင်းက ကန်ဒါဟာမြို့ကို ရောက်လာကြတာလို့ နားလည်ရပါတယ်။

ဘာရာဒါဟာ တာလီဘန်ကို စဖွဲ့ခဲ့သူတွေထဲ ပါဝင်ပါတယ်။ ၂၀၁၀ မှာ ပါကစ္စတန်၊ ကရာချီးမြို့မှာ လက်ရ ဖမ်းဆီး မိပြီး အကျဥ်းချ ခံထားရကနေ လွတ်မြောက် လာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ကြား ပြုလုပ်နေခဲ့တဲ့ ကာတာနိုင်ငံ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ တာလီဘန် ကိုယ်စားလှယ် အဖွဲ့ထဲ ပါဝင်သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ,

တာလီဘန်တွေရဲ့ ဘဏ္ဍရေးပိုင်းနဲ့ စစ်ရေးပိုင်းကို တာဝန်ယူခဲ့သူ

ဟာမစ်ကာဇိုင်းနဲ့ ဟက်ကနီတို့ တွေ့ဆုံ

ဟက်ကနီ ကွန်ရက် ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် အာနပ်စ် ဟက်ကနီနဲ့ အာဖဂန်နစ္စတန် သမ္မဟောင်း ဟာမစ် ကာဇိုင်းတို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဓာတ်ပုံတွေအရ အဲဒီ တွေ့ဆုံပွဲမှာ အရင် အာဖဂန် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဗ္ဗဒွလ်လာ အဗ္ဗဒွလ်လာလည်း ရှိနေပါတယ်။

ဟက်ကနီကွန်ရက်ဟာ အာဖဂန်- ပါကစ္စတန် နယ်စပ်တလျှောက် တာလီဘန်တွေရဲ့ ဘဏ္ဍရေးပိုင်းနဲ့ စစ်ရေးပိုင်းကို တာဝန်ယူခဲ့တဲ့ အဖွဲ့ဖြစ်ပြီး၊ အမေရိကန်က အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားပါတယ်။

အာနပ်စ် ဟက်ကနီကိုလည်း ဖမ်းပြီး ၂၀၁၆ မှာ သေဒဏ် ချထားရာက ၊၃ နှစ် အကြာမှာတော့ အကျဥ်းသား လဲလှယ်ရေး သဘောတူမှုနဲ့ ပြန်လွှတ် ပေးခဲ့ရပါတယ်။

ကာဘူးလ်မြို့မှာ အလုပ်လုပ်ရင်း လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အနောက်နိုင်ငံသား ပါမောက္ခ ၂ ယောက် လွတ်မြောက်ရေး အတွက် ဟက်ကနီနဲ့ လဲခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ အခု တွေ့ဆုံတယ် ဆိုတဲ့ သမ္မတဟောင်း ဟာမစ်ကာဇိုင်းနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဗ္ဗဒွလ်လာ အဗ္ဗဒွလ်လာတို့ဟာ တာလီဘန်တွေထံ အာဏာလွှဲပေးရေး ကြီးကြပ် ကောင်စီထဲ ပါဝင်သူတွေ ဖြစ်ပါတယ်။

အာနပ်စ် ဟက်ကနီနဲ့ကြား ဘာတွေ ဆွေးနွေးခဲ့လဲ ဆိုတဲ့ အသေးစိတ် အချက်အလက် တွေတော့ ထွက်မလာသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, အယ်လ်အေတိုင်းမ်စ်

ဓာတ်ပုံ ပုံစာ,

ဒုတ်တွေနဲ့ ကြိုးတွေနဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်

ကာဘူးလ် လေဆိပ်နားက ပစ်ခတ်မှု

မြို့တာ် ကာဘူးလ် လေဆိပ်နားမှာ ဩဂုတ်လ ၁၇ ရက်၊ အင်္ဂါနေ့တုန်းက ပစ်ခတ်မှု တချို့ ဖြစ်ခဲ့တယ်လို့ မျက်မြင်ကြုံခဲ့ရသူ အမေရိကန် အယ်လ်အေတိုင်းမ်စ် သတင်းထောက် မားကပ်စ်ယမ်က ပြောပါတယ်။

တာလီဘန် တပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေကို မိုးပေါ်ထောင်ပြီး ပစ်ခတ်တာတွေ၊ လူအုပ်ကို ခြောက်လှန့် ချိန်ရွယ်တာတွေ ပြုလုပ်ခဲ့သလို ဒုတ်တွေနဲ့ ကြိုးတွေနဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မားကပ်စ်ယမ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲ အမျိုးသမီးတစ်ယောက် အနာတရ ဖြစ်နေတဲ့ ပုံတွေ၊ ကလေးတစ်ယောက် ဦးခေါင်း ဒဏ်ရာနဲ့ သွေသံရဲရဲ ဖြစ်နေပုံတွေ ပါဝင်ပါတယ်။

သူကိုယ်တိုင် အခင်းဖြစ်ရာကို ဓာတ်ပုံ ရိုက်နေတုန်း ခြေထောက်ကို အရိုက်ခံရတယ်လို့ ဆိုပါတယ်။