တာလီဘန် ခေါင်းဆောင်တွေက ဘယ်သူတွေလဲ

ဓာတ်ပုံ ရင်းမြစ်, AFGHAN ISLAMIC PRESS
မော်လာဝီ ဟီဘက်တူလာ အက်ခွန်ဇားဒါဟာ တာလီဘန်ရဲ့ အာဏာအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်
အာဖဂန်နစ္စတန် နိုင်ငံတဝန်းက မြို့ငယ်တွေ၊ မြို့ကြီးတွေကို ၁၀ ရက်အတွင်း အလျင် အမြန်သိမ်းပိုက်နိုင်တဲ့ တာလီဘန်တွေကို အများက အံ့အားသင့်ခဲ့ကြပါတယ်။
အခုထက်ထိတော့ အာဖဂန်ကို အုပ်ချုပ်မယ့် အစိုးရသစ်မှာ ဘယ်သူတွေပါဝင်လဲ ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ တာလီဘန်ကို ဦးဆောင်နေတဲ့သူတွေကတော့ သူတို့ပါ။
၁။ ဟီဘက်တူလာ အက်ခွန်ဇားဒါ
ဟီဘက်တူလာ အက်ခွန်ဇားဒါဟာ ၂၀၁၆ မေလ မှာ တာလီဘန်တွေရဲ့ အထွတ်အထိပ် ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာတို့မှာ အာဏာအမြင့်ဆုံး ပုဂ္ဂိုလ်ပါ။
၁၉၈၀ နှစ်တွေ တဝိုက်တုန်းက သူဟာ အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ကို ဆန့်ကျင်တဲ့ အစ္စလာမ်မစ် လက်နက်ကိုင်ခုခံရေးစစ်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အခန်းကဏ္ဍက စစ်ရေးဆိုင်ရာ တပ်မှူးထက်စာရင် ဘာသာရေးခေါင်းဆောင်တယောက် အဖြစ်ပါဝင်ခဲ့တာပါ။
အက်ခွန်ဇားဒါဟာ ၁၉၉၀ နှစ်တွေ တဝိုက်မှာ ရှာရီယားတရားရုံးတွေရဲ့ အကြီးအကဲ တရားသူကြီးချုပ်အဖြစ် လုပ်ခဲ့ပါတယ်။
၁၉၉၀ နှစ်တွေမှာ တာလီဘန်တွေ အာဏာရစဉ် သူတို့ဟာ သူတို့မူနဲ့ အစ္စလာမ်မစ် ဥပဒေတွေကို အဓိပ္ပါယ်ဖော်ကာ ကျင့်သုံးအပြစ်ပေးပါတယ်။ အဲဒီထဲမှာ လူသတ်သမားတွေ၊ အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို လူအများရှေ့မှာ သတ်ဖြတ်စီရင်တာတွေ ပါသလို၊ သူခိုးတွေကို ခြေလက် ဖြတ်ပစ်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီအချိန်က ခေါင်းဆောင် မူလာ မိုဟာမက် အိုမာ (သူဟာ ၂၀၁၃ ခုနှစ်အတွင်း သေဆုံးသွားခဲ့ပြီလို့ ယူဆကြပါတယ်) လက်ထက်မှာ တာလီဘန်တွေဟာ တီဗီ၊ ဂီတ၊ ရုပ်ရှင်ကြည့်တာတွေကို တားမြစ်ခဲ့သလို၊ မိတ်ကပ်လူးတာကို ပိတ်ပင်ပါတယ်။ ၁၀ နှစ်နဲ့ အထက် မိန်းကလေးတွေ ကျောင်းမသွားရလို့လည်း ပိတ်ခဲ့တာပါ။
ဓာတ်ပုံ ရင်းမြစ်, EPA
၂၀၁၃ တုန်းက သေဆုံးသွားတဲ့ အရင် တာလီဘန်ခေါင်းဆောင် မူလာ မိုဟာမက် အိုမာ
အက်ခွန်ဇားဒါဟာ အသက် ၆၀ ကျော်ရှိပြီလို့ ယူဆကြပြီး သူ့ဘဝအများစု အချိန်က အာဖဂန်နစ္စတန်မှာ နေထိုင်ခဲ့တာပါ။
ဒါပေမဲ့ လေ့လာသူတွေ အဆိုအရ သူဟာ ပါကစ္စတန်က ကွက်တာမြို့မှာ အခြေစိုက်နေထိုင်တာ များတယ်လို့လည်း သိရပါတယ်။
၂။ အဘ်ဒူလ် ဂါနီ ဘာရဒါ
မူလာ အဘ်ဒူလ် ဂါနီ ဘာရဒါဟာ တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စတန်မှာ ၁၉၉၄ ခုနှစ်က တည်ထောင်တဲ့သူ ၄ ယောက်ထဲက တယောက်ပါ။
၂၀၀၁ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေက တာလီဘန်အစိုးရကို ဖြုတ်ချလိုက်တဲ့ အခါမှာ သူဟာ တာလီဘန်သူပုန်တွေရဲ့ အဓိက ကြိုးကိုင်သူ ဖြစ်လာပါတယ်။
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ပါကစ္စတန်တောင်ပိုင်းက ကရာချိမြို့မှာ အမေရိကန်နဲ့ ပါကစ္စတန် ပူးပေါင်းစစ်ဆင်ရေးနဲ့ သူ့ကို ဖမ်းမိခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
မူလာ အဘ်ဒူလ် ဂါနီ ဘာရဒါ (အလယ်ပုံ)ဟာ တာလီဘန်ကို အာဖဂန်နစ္စတန်မှာ တည်ထောင်တဲ့ ၄ ယောက်ထဲက တယောက်ဖြစ်
ဘာရဒါဟာ ထောင်ထဲမှာ ၈ နှစ်ကြာ နေခဲ့ရပြီးတဲ့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အစီအစဉ်အတွက် ထောင်ထဲကနေ လွတ်မြောက်လာခဲ့ပါတယ်။ ၂၀၁၉ ဇန်နဝါရီလကတည်းက ကာတာက တာလီဘန် နိုင်ငံရေးရုံးမှာ အကြီးအကဲအဖြစ် သူတာဝန်ယူခဲ့ပါတယ်။
၂၀၂၀ မှာ ဘာရဒါဟာ ဒေါ်နယ်ထရမ့်ကို ဖုန်းနဲ့စကားပြောခဲ့ပြီး အမေရိကန်သမ္မတတယောက်ကို တိုက်ရိုက်ဆက်သွယ်ပြောဆိုခဲ့တဲ့ ပထမဆုံးသော တာလီဘန်ခေါင်းဆောင် ဖြစ်လာပါတယ်။
ဒီနေ့မှာတော့ သူဟာ တာလီဘန်ရဲ့ အဓိက နိုင်ငံရေးခေါင်းဆောင် ဖြစ်လာပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း ဒိုဟာမှာ အဲဒီအချိန်တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အဘ်ဒူလ် ဂါနီ ဘာရဒါတို့ တွေ့ဆုံစဉ်
၃။ မိုဟာမက် ယာကွတ်
မိုဟာမက် ယာကွတ်က တာလီဘန် တည်ထောင်သူ မူလာ မိုဟာမက် အိုမာရဲ့ သားပါ။
သူ့အသက်က ၃၀ နည်းနည်းကျော်ပြီလို့ မှန်းဆကြပြီး လက်ရှိမှာ သူက တာလီဘန်ရဲ့ စစ်ရေး ခေါင်းဆောင်ပါ။
၂၀၁၆ ခုနှစ်မှာ တာလီဘန် စစ်ရေးခေါင်းဆောင် အက်ခ်တာ မန်ဆာ သေတော့ သူ့ကို စစ်သွေးကြွတချို့က စစ်ရေးခေါင်းဆောင်ခန့်ခဲ့ကြပြီး တချို့ကတော့ သူက သိပ်ငယ်သေးတယ်၊ အတွေ့အကြုံလည်းမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
ဒေသတွင်းသတင်းတွေအရ ယာကွတ်ဟာ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ နေထိုင်တယ်လို့ သိရပါတယ်။
၄။ ဆီရာဂျူဒင် ဟာကာနီ
ဆီရာဂျူဒင် ဟာကာနီဟာ အဖွဲ့ရဲ့ ဒုတိယ ထိပ်တန်းခေါင်းဆောင်တွေထဲက တယောက်ပါ။
သူ့အဖ ဂျာလာလူဒင်း ဟာကာနီ သေဆုံးပြီးတဲ့နောက်ပိုင်းမှာ သူက ဟာကာနီ ကွန်ရက်ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာပါတယ်။ အဲဒီကွန်ရက်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အာဖဂန် အစိုးရတပ်တွေ၊ နိုင်ငံခြားတပ်ဖွဲ့တွေကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့ အဖွဲ့လို့ သတ်မှတ်ကြပါတယ်။
အခုထက်ထိလည်း ဟာကာနီ ကွန်ရက်ဟာ ဒေသတွင်းမှာ အင်အားအကောင်းဆုံး၊ လန့်စရာ အကောင်းဆုံး စစ်သွေးကြွအုပ်စု ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, FBI
ဟာကာနီ ကွန်ရက်ဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အင်အားအကောင်းဆုံး စစ်ရေးအုပ်စုဖြစ်
အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ ဒီကွန်ရက်ဟာ ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ်တလျှောက်က ဘဏ္ဍာရေး ရင်းမြစ်နဲ့ စစ်ရေးဆိုင်ရာ နေရာတွေကို ကြီးကြပ်နေပါတယ်။
ဟာကာနီက အသက် ၄၅ နှစ်လောက်ရှိပြီလို့ မှန်းဆကြပြီး သူဘယ်မှာ ရှိနေလဲဆိုတာ မသိကြပါဘူး။
၅။ အဘ်ဒူလ် ဟာခီးမ်
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းမှာ ဒိုဟာက တာလီဘန် စေ့စပ်ညှိနှိုင်းရေး အကြီးအကဲသစ် အဖြစ် အဘ်ဒူလ် ဟာခီးမ် ခန့်အပ်ခြင်း ခံရပါတယ်။
သူ့အသက်က ၆၀ တဝိုက်လောက်မှာ ရှိပြီလို့ ယူဆကြပါတယ်။ ပါကစ္စတန်နိုင်ငံ ကွက်တာ က အစ္စလာမ်မစ် ဘာသာရေးကျောင်း တကျောင်းကို စီမံကွပ်ကဲနေပြီး အဲဒီကနေ တာလီဘန်တွေရဲ့ တရားစီရင်ရေးကို ဦးစီးကြီးကြပ်နေတယ်လို့ ဆိုကြပါတယ်။
တာလီဘန်ခေါင်းဆောင်အများစုဟာ ကွက်တာမှာ ခိုလှုံကြပြီး အဲဒီကနေ သူတို့အဖွဲ့ကို ခေါင်းဆောင်နေကြတာလို့လည်း ပြောကြပါတယ်။
ဟာခီးမ်ဟာ သြဇာကြီးတဲ့ ဘာသာရေးပညာရှင် ကောင်စီကို ဦးဆောင်ထားသလို၊ အထွတ်အထိပ် ခေါင်းဆောင်ကြီး အက်ခွန်ဇားဒါနဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်လို့ ယုံကြည်ကြပါတယ်။