ကိုဗစ်ကာကွယ်ဆေး - ဂျပန်မှာ မဒါးနား ၁.၆ သန်းကို ဆေးညစ်ညမ်းမှု စိုးရိမ်မှုတွေကြောင့် ထိုးနှံမှု ဆိုင်းငံ့

ကာကွယ်ဆေးထိုး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဂျပန်က Moderna မဒါးနား ကိုဗစ်ကာကွယ်ဆေး ၁.၆၃ သန်းကို ညစ်ညမ်းမှု ရှိနေတယ်ဆိုပြီး ထိုးနှံမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ကာကွယ်ဆေး လုံးရေ ၅၆၀,၀၀၀ ထဲမှာ ပြင်ပအရာတွေ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ဂျပန်မှာ Moderna ဆေးကို ဖြန့်ဖြူးရောင်းချပေးနေတဲ့ Takeda Pharmaceutical ဆေးကုမ္ပဏီကတော့ Moderna ကလည်း သူတို့ ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေး ၃ သုတ် ကို အသုံးမပြုဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း ပြောပါတယ်။

ပြဿနာက စပိန်က ကာကွယ်ဆေး ထုတ်လုပ်ရာမှာ ဖြစ်ခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပေမယ့် အကျယ်တဝံ့ မပြောပါဘူး။ လတ်တလော အချိန်အထိ ဘေးကင်းလုံခြုံမှုနဲ့ ဆေး အာနိသင်တွေနဲ့ ပတ်သက်လို့ တိတိကျကျ မပြောနိုင်သေးဘူးလို့ Moderna ဘက်က ပြောပါတယ်။ ဆေးဘက် ဆိုင်ရာ အာဏာပိုင်တွေအပြင် Takeda နဲ့ ပါပူးပေါင်းပြီး စုံစမ်းမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ပြင်ပအရာတွေဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ် ဖော်ပြထားတာမျိုး မရှိပါဘူး။ Takeda က အဲဒီအရာဟာ particulate matter အမှုန်တမျိုး အဖြစ်သာ ပြောခဲ့ပြီး အရေးပေါ် စစ်ဆေး လေ့လာမှုတွေ လုပ်ခဲ့ကြောင်းပြောပါတယ်။

ဗီဒီယို ပုံစာ,

ကိုဗစ် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု

ဒီလို ကာကွယ်ဆေး ညစ်ညမ်းမှု တွေဖြစ်နေတဲ့ အကြောင်းကို တခြား ကာကွယ်ဆေး ထိုးနှံရေး စင်တာ ၇ ခုမှာလည်း တွေ့ခဲ့ရကြောင်း Japan Times သတင်းစာမှာ ဖော်ပြထားပါတယ်။ စုစုပေါင်း ဆေးလုံးရေ ၃၉၀ မှာ တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ဒီ ကာကွယ်ဆေး အသုတ်ရဲ့ နံပါတ်တွေကို ထုတ်ပြန်ကြေညာပေးထားပြီး ဖြစ်တာကြောင့် ဆေးထိုးနှံမှုတွေ မဆိုင်းငံ့ခင်မှာ ထိုးနှံခဲ့ပြီးသူတွေအနေနဲ့ ညစ်ညမ်းနေတဲ့ ဆေးများအထိုးခံခဲ့ရသလားဆိုတာ စစ်ကြည့်နိုင်ကြမှာ ဖြစ်တယ်လို့ Japan Times မှာ ဖော်ပြထားပါတယ်။

ဂျပန်မှာ ကိုဗစ် ကူးစက်မှုတွေ ထောင်တက်လာနေတာကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြရပါတယ်။ ဗုဒ္ဓဟူးနေ့ကပဲ နောက်ထပ် စီရင်စုပေါင်း ၈ ခုမှာ အရေးပေါ်အခြေအနေ ထပ်တိုးကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြို့တော် တိုကျိုမှာ မသန်စွမ်း အိုလံပစ် ပြိုင်ပွဲတွေလည်း ကျင်းပနေပါတယ်။

ဂျပန်ဟာ Pfizer ဖိုင်ဇာ နဲ့ AstraZeneca အက်စထရာဇန်နကာတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ အသုံးပြုဖို့ ခွင့်ပြုထားပြီးသား ဖြစ်ပြီး Moderna ဆေးကိုတော့ ပြီးခဲ့တဲ့ မေလအတွင်းမှာ စတင် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဂျပန်မှာ နိုင်ငံ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ၂ လုံးပြည့်အောင် ထိုးနှံထားပြီး ဖြစ်ကာ ဆေး ပထမတလုံးကို ထိုးပြီးသူကတော့ ၅၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။

ဗီဒီယို ပုံစာ,

ကမ္ဘာ့ အကြာဆုံး ကိုဗစ်လူနာ