အာဖဂန်သတင်းထောက် ဘိုင်လယ် ဆာဝါရီ - “ငါချစ်တဲ့မြို့မှာ ချက်ချင်း ဘယ်နေရာမှာမှ မလုံခြုံတော့ဘူး”

အချိန်မတူပေမယ့် မြင်ကွင်းကအတူတူပါပဲ၊ အာဖဂန်တွေ ၂၀၀၁ ခုနှစ်မှာ ကာဘူးလ်ကနေ ထွက်ပြေးရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အချိန်မတူပေမယ့် မြင်ကွင်းကအတူတူပါပဲ၊ အာဖဂန်တွေ ၂၀၀၁ ခုနှစ်မှာ ကာဘူးလ်ကနေ ထွက်ပြေးရစဉ်

အာဖဂန်သတင်းထောက် ဘိုင်လယ် ဆာဝါရီဟာ တာလီဘန်အစိုးရ ဖြုတ်ချခံရတာကို ၂၀၀၁ ခုနှစ်တုန်းကတွေ့ခဲ့ရပါတယ်၊ နောက်ပိုင်း သူ့နိုင်ငံလည်း အသွင်ပြောင်းလဲခဲ့ပါတယ်။ ထာဝရခံမယ့် ငြိမ်းချမ်းရေးကို ဆောင်ယူနိုင်မယ့် အခွင့်အလမ်းကို အမေရိကန်တွေလွဲချော် သွားခဲ့တယ်ဆိုတဲ့ သူ့အမြင်ကို သူကရှင်းပြပါတယ်။ သူ့ဇာတိမြေဟာ သီတင်းပတ် ၂ ပတ်တာကာလ အတွင်းမှာ ကြောက်ရွံ့စရာကောင်းလှတဲ့ အပြောင်းအလဲနဲ့ကြုံခဲ့ရပြီး သူ့ရဲ့ ဘဝဟာလည်း အန္တရာယ်ကြုံရပါပြီ။

၂၀၀၁ ခုနှစ်မှာ ကျွန်တော်က ကော်ဇော အရောင်းသမားတယောက်ပါ၊ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့က အရှေ့တိုင်းပုလဲ ဟိုတယ်မှာရှိနေတာပါ။ အလုပ်လုပ်နေတုန်း ဘဝမှာ အထူးခြားလှဆုံး နေ့တနေ့ကို ကြုံလိုက်ရပါတယ်။

အဲဒီနေ့က အလုပ်လုပ်နေတုန်း ရုပ်မြင်သံကြားကနေ မြင်လိုက်ရတဲ့ မြင်ကွင်းကို တသက်မမေ့နိုင်တော့ပါဘူး။ နယူးရော့ခ်က ကုန်သွယ်ရေးစင်တာကြီးကို ခရီးသည်တင် လေယာဉ်တစီးက ဝင်တိုက်ချလိုက်တာပါ။ နောက်ထပ် တစီးကလည်း တိုက်ပြန်ပါတယ်၊ နောက် တစီးက ပင်တဂွန် စစ်ဌာနချုပ်ကို ပစ်မှတ်ထားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ကျွန်တော်တို့ရဲ့ ဘဝတွေက အရင်ကနဲ့ မတူတော့ပါဘူး။

ဒီတိုက်ခိုက်မှုကို ဦးဆောင်လုပ်ခဲ့တယ်လို့ သံသယရှိကြတဲ့ အိုစမာ ဘင်လာဒင်နဲ့ သူ့ အဲလ်ခိုင်းဒါး အဖွဲ့ကို ခိုလှုံစရာနေရာ ထောက်ပံ့ပေးထားတယ်လို့ တာလီဘန်တွေကို စွပ်စွဲကြပြီး တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ချက်ချင်းကို အာရုံစိုက်လာတော့ပါတယ်။

နောက်နေ့မှာပဲ ဟိုတယ်ရဲ့ ဧည့်ဆောင်ခန်းမမှာ ရာနဲ့ချီတဲ့ နိုင်ငံခြား မီဒီယာအဖွဲ့တွေ ရောက်လာကြပြီး သူတို့အာဖဂန် နယ်စပ်ကို သွားတဲ့အခါမှာ သူတို့အတွက် ဘာသာပြန်လုပ်ပေးနိုင်မယ့် အင်္ဂလိပ်စကားပြောနိုင်သူ ဘယ်သူ့ရရ အသည်းအသန် ရှာဖွေကြပါတော့တယ်။ ကမ်းလှမ်းမှုတခုကို ကျွန်တော်လက်ခံလိုက်ပါတယ်။ အဲဒီအချိန် ကတည်းက ကျွန်တော့ ဘဝ ပြောင်းသွားတာဖြစ်ပြီး အဲဒီအပြောင်းအလဲကို ကျွန်တော် ဒီအချိန်ထိ ရပ်မပစ်လိုက်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Bilal Sarwary

ဓာတ်ပုံ ပုံစာ,

ဘိုင်လယ် ဆာဝါရီ ၂၀၁၄ တုန်းက အာဖဂန်နိုင်ငံ ပါဂမန်မှာ

ဆိုဗီယက် တပ်တွေ ရုပ်သိမ်းသွားတဲ့နောက်ပိုင်း ၁၉၉၀ နှစ်တွေတဝိုက်မှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ အာဖဂန်နစ္စတန်ကနေ ကျွန်တော့ မိသားစုထွက်ပြေးခဲ့တာဖြစ်တော့ ကျွန်တော်က ကလေးဘဝကတည်းက အာဖဂန်မှာ မနေခဲ့ဖူးပါဘူး။ အဲလိုနှစ်ပေါင်းများစွာ ကိုယ့်တိုင်းပြည်နဲ့ ဝေးကွာတဲ့နေရာကနေ ကာဘူးလ်ကို ပထမဆုံးအကြိမ်ပြန်ရောက်တဲ့အခါ အဆောက်အဦ တွေက ကျိုးပဲ့ပြိုလို့၊ သံတိုင်တွေက လိမ်ခေါက်လို့နဲ့ အုတ်ပုံအဖြစ် မြေပေါ်မှာ ပုံလဲ ကျနေတာတွေ အပါအဝင် အပျက်အစီးတွေကို တွေ့လိုက်ရတော့ ကျွန်တော် အတော် ထိပ်လန့်တုန်လှုပ် ခဲ့ရပါတယ်။ လူတွေ ပျားပန်းခပ်မျှ စည်ကားလှုပ်ရှားတာတွေက လုံးဝ ကင်းမဲ့ ပျောက်ကွယ် သွားပါတယ်။ လူတွေကိုကြည့်ရတာ သိပ်ကို ဆင်းရဲကြတယ်၊ ကြောက်ရွံ့နေကြပါတယ်။

ကျွန်တော် စစချင်း အလုပ်လုပ်တာက အဘူဒါဘီ ရုပ်မြင်သံကြားသတင်းဌာနနဲ့ပါ။ တခြား သတင်းထောက် ၅ ယောက်နဲ့အတူ အင်တာကွန်တီနင်တယ် ဟိုတယ်မှာ အခြေပြုပါတယ်။

ကာဘူးလ်ဟာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုရဲ့ အဓိကပစ်မှတ်နေရာဖြစ်လာတော့ မိုးလင်းလာတဲ့ မနက်တိုင်းဟာ ကြောက်ရွံ့စရာ မြူခိုးတွေနဲ့ ဝိုင်းနေတယ်လို့ ကျွန်တော် ခံစားမိ ခဲ့ပါတယ်။ အဲလ်ခိုင်းဒါးက လူတွေ၊ တာလီဘန်တွေ ကျွန်တော်တို့ ဟိုတယ်ကို ဝင်ထွက်နေကြတာပါ၊ အနီးအနားက လမ်းတွေမှာလည်း သူတို့ရှိပါတယ်။ ပေါက်ကွဲမှုတွေက ညဘက်ဆိုရင် ကြားနေရတာပါ။ တနေ့ ကျွန်တော်တို့ ဟိုတယ် အချခံရလိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။

ဒီဇင်ဘာလ အစောပိုင်းက တမနက်မှာတော့ တာလီဘန်တွေ မရှိတော့ပါဘူး။

နာရီပိုင်းအတွင်းမှာပဲ အမျိုးသားတွေဟာ ဆံပင်ညှပ်ဆိုင်အပြင်ဘက်မှာ လူတန်းရှည် တန်းစီကြပြီး သူတို့မုတ်ဆိတ်တွေကို ရိတ်ဖို့ စောင့်ဆိုင်းကြပါတယ်။ ဗုံးကွဲသံတွေ ညံနေခဲ့တဲ့ လမ်းတွေပေါ်မှာ စည်းချက်ညီမြူးကြွတဲ့ အာဖဂန်တေးသံတွေ လွှမ်းသွားပါတယ်။ အဲဒီ မနက် မှာ အာဖဂန်နစ္စတန်ဟာ တဖန်ပြန်မွေးဖွားလာခဲ့ပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တာလီဘန်တွေမောင်းထုတ်ခံရပြီးတဲ့နောက် အမျိုးသားတွေဟာ သူတို့ မုတ်ဆိတ်တွေကို ရိတ်ပစ်ကြ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အဲဒီအချိန်ကတည်းကစပြီး ကျွန်တော်ဟာ ဘာသာပြန် ဘဝကို စွန့်လွှတ်လိုက်ကာ သတင်းထောက်တယောက်အဖြစ်နဲ့ သာမန် အာဖဂန်နိုင်ငံသူနိုင်ငံသားတွေ သူတို့ ပုံမှန်ဘဝတွေကို ဘယ်လိုပြန်သွားနေကြသလဲဆိုတာကို မျက်ဝါးထင်ထင် မြင်အောင် ကြည့်ခဲ့ပါတော့တယ်။ အရှေ့ဘက် တိုရာ ဘိုရာ ကနေ ပက်ခ်တီယာက ရှိုင် ကုတ်စစ်ပွဲအထိ တာလီဘန်တွေ ဘယ်လို ဖယ်ရှားခံခဲ့ရတယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။

သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေ တောင်ထူထပ်တဲ့ ကျေးလက်နယ်တွေမှာ သွားခိုလှုံရပါ တော့တယ်၊ သူတို့ရဲ့ ခေါင်းဆောင်တွေလည်း ပါကစ္စတန်ကို ထွက်ပြေးကြရပါတယ်။ ပြန်ပြီးကြည့်မယ်ဆိုရင် အဲဒီအချိန်မှာ အမေရိကန်တို့အနေနဲ့ တာလီဘန်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စကားဝိုင်းထိုင်သင့်တဲ့ အချိန်လို့ ကျွန်တော်မြင်ပါတယ်၊ ဒီအခွင့်အလမ်းကို အမေရိကန်တို့ ဆုံးရှုံးခဲ့တယ်လို့ ထင်ပါတယ်။ တာလီဘန်တွေရဲ့ တပ်မှူးတွေ၊ တပ်သားတွေက အဲဒီအချိန်မှာ လက်နက်ချဖို့ အမှန်တကယ် ဆန္ဒရှိကြပြီး သူတို့ရဲ့ ပုံမှန် ဘဝကို ပြန်သွားချင်ကြတာကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အမေရိကန်တွေက အဲဒီလို မလုပ်ချင်ခဲ့ကြပါဘူး။ သူတို့ရဲ့ ဆန္ဒက 9/11 တိုက်ခိုက်မှုကို လက်စားချေ ချင်ကြတဲ့ပုံရတယ်လို့ တခြား အာဖဂန်များစွာလိုပဲ ကျွန်တော် တွေးမိခဲ့ပါတယ်။ အဲဒီအတိုင်းလည်း ကျွန်တော် သတင်းတွေထဲမှာ ရေးပါတယ်။

နောက်ပိုင်းနှစ်တွေမှာလည်း အမှားတွေက တန်းစီ စာရင်းဖွဲ့စရာပါ။

အပြစ်မဲ့ပြီး ဆင်းရဲတဲ့ အာဖဂန်ရွာတွေ ဗုံးကြဲခံကြရတယ်၊ ရွာသားတွေအဖမ်းခံကြရတယ်။ နိုင်ငံခြားသားတွေကို စစ်ပွဲဆင်နွှဲစေဖို့ ခွင့်ပြုတဲ့ အာဖဂန်အစိုးရနဲ့ ပြည်သူတွေကြား ကွာဟချက် များလာပါတော့တယ်။ ကာဘူးလ်နဲ့ ဂါဒက်ဇ်ကြားက အဝေးပြေးလမ်းမပေါ်မှာ ဆာရက် အဘာဆင် ဆိုတဲ့ တက်ဆီယာဉ်မောင်းတယောက်ကို အမေရိကန်တို့ မှားပြီး ဖမ်းထားတဲ့ အဖြစ်ကို ကျွန်တော် အသေအချာမှတ်မိနေပါတယ်။ သူ့အဖေက မစ္စတာ ရိုရှန်လို့ခေါ်ပြီး အရီယာနာ လေကြောင်းလိုင်းမှာ နာမည်ကျော်တဲ့ အမှုထမ်းတယောက်ပါ။ ဒီမှားယွင်း ဖမ်းဆီးမှုကို ကျွန်တော်တို့ သတင်းရေးပြီးတဲ့နောက်မှာ မစ္စတာ အဘာဆင် လွတ်မြောက် လာပါတယ်။ ဒါပေမယ့် တခြားသူတွေက ဒီလောက် အဆက်အသွယ် မကောင်းကြသလို ဒီလောက် ကံမကောင်းခဲ့ကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၉ ခုနှစ်တုန်းက ရုရှား တင့်ကားတွေကို သင်တန်းမှာ အသုံးပြုခဲ့ကြ

အမေရိကန်တွေအနေနဲ့ အင်အားအများကြီး ဖိသုံးတဲ့နည်းလမ်းကိုအစဉ်တစိုက်လုပ်ခဲ့ကြပြီး အကျိုးဆက်ကတော့ သာမန် အာဖဂန်တွေရဲ့ အသက်တွေ အများကြီးဆုံးရှုံးခဲ့ရပါတယ်။ အမေရိကန် စစ်သားတွေ အထိအခိုက်အနည်းဆုံးဖြစ်အောင် ရည်ရွယ်ကြိုးစားတဲ့အနေနဲ့ မြေပြင်မှာ တိုက်တဲ့ တိုက်ပွဲတွေထက်စာရင် ဗုံးကြဲတာ၊ ဒရုမ်းနဲ့ ပစ်ခတ်တာတွေကို ပိုဦးစားပေး ခဲ့ကြပါတယ်။ အမေရိကန်အပေါ်ယုံကြည်ကိုးစားမှုတွေက ပြိုကျလာသလို၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေ အာဖဂန်တို့အကြားမှာ မှိန်ဝါးလာပါတယ်။

အဲဒီအချိန်က အာဖဂန်နစ္စတန် ဘာတွေဖြစ်လာသလဲဆိုတာကို တွေးကြည့်မိခဲ့ပါတယ်။ ကီလိုမီတာ ထောင်ပေါင်းများစွာသော လမ်းမတွေပေါ်မှာ သေဘေးကို လုံးဝ မစိုးရိမ်ရဘဲ ကျွန်တော် ကားမောင်းပြီး ခရီးသွားနိုင်ပါပြီ။ ကာဘူးလ်ကနေ ဟိုးဝေးလံခေါင်သီတဲ့ ကို့စ်ပြည်နယ်လို၊ ပက်တီကာပြည်နယ်လိုနေရာတွေအထိ ညဘက်ဖြစ်စေ၊ မနက်ဘက်ဖြစ်စေ နိုင်ငံအနှံ့ ခရီးသွားခဲ့ပါတယ်။ သဘာဝမြင်ကွင်းတွေနဲ့ ရှုမငြီးနိုင်တဲ့ အာဖဂန်တောနယ်ဘက်ကိုလည်း ဖြတ်သန်းသွားလာနိုင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်ကတော့ အကွေ့အချိုးအပြောင်းအလဲ ဖြစ်တဲ့နှစ်ပါ။

လက်နက်ကိုင်သူပုန်တွေ အားအင်အသစ်မွေးကာ စပြီးပြန်တိုက်ခိုက်လာပါတယ်။ နေ့တနေ့ကို အသေအချာမှတ်မိနေပါသေးတယ်၊ အဲဒီနေ့က ကာဘူးလ်မြို့လယ်ခေါင်မှာ ကုန်တင် ထရပ်ကားဗုံးကြီးပေါက်ကွဲခဲ့ပြီး တမြို့လုံးကို တုန်ခါသွားတယ်၊ ပြတင်းပေါက်မှန် တွေလည်း ကွဲကြေသွားပါတော့တယ်။ အဲဒီအဖြစ်အပျက်နေရာကို ပထမဆုံးရောက်သွားတဲ့ သတင်းထောက်တွေထဲ ကျွန်တော်လည်း တယောက်အပါအဝင်ပါ၊ မြင်လိုက်ရတဲ့ မြင်ကွင်းက ပေးလိုက်တဲ့ စိတ်ဒဏ်ရာက တသက်လုံးပါလာ ပါတော့တယ်။ သွေးချောင်းစီးနေတာ၊ အသားစတွေ၊ အလောင်းတွေ စတဲ့ မြင်ကွင်းတွေကို တွေ့လိုက်ရတာဟာ ကျွန်တော့အတွက် ပထမဆုံး အတွေ့အကြုံပါ၊ နောက်ပိုင်းမှာတော့ ဒီအဖြစ်တွေက လူတွေရဲ့ ဘဝမှာ ပုံမှန်ကြုံ နေကျသလို ဖြစ်လာပါတော့တယ်။

အခြေအနေတွေက ပိုဆိုးဆိုးလာခဲ့ပါတယ်။ အာဖဂန်တပ်ဖွဲ့တွေ၊ နိုင်ငံခြားတပ်တွေ၊ လက်နက်မဲ့ ပြည်သူတွေကို မြို့လယ်ခေါင်မှာ အဲဒီ ထရပ်ကားဗုံးခွဲတိုက်ခိုက်တာ၊ အသေခံဗုံးခွဲ တိုက်ခိုက်တာက ပဋိပက္ခရဲ့ သိပ်ကို ရက်စက်ကြမ်းကြုတ်တဲ့ စာမျက်နှာကို စပြီး ဖွင့်လိုက်တာပါပဲ။ တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုကို ပိုသုံးလာခဲ့ပါတယ်၊ တာလီဘန်တွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ ကျေးလက်ပိုင်းတွေမှာ ဆိုရင် မင်္ဂလာဆောင်တွေ၊ စျာပန အခမ်းအနားတွေကိုပါ တိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

သာမန်အာဖဂန်ပြည်သူတွေအနေနဲ့ ကောင်းကင်ဟာ ကြောက်လန့်စရာ ဖြစ်လာပါတယ်၊ နေထွက်တာ၊ နေဝင်တာ၊ ကြယ်စုံတဲ့ညတွေကို ကြည့်ပြီး မျှော်လင့်စရာ၊ ကြည်နူးမှု ခံစားစရာ အစုံကို မိုးကောင်းကင်က ပေးခဲ့တဲ့နေ့တွေက သူတို့အတွက်တော့ ကုန်ဆုံးသွားပါပြီ။

ကန်ဒဟာမြို့အနားက စိမ်းစိုနေတဲ့ အာဂန်ဒါမြစ်ဝှမ်းလွင်ပြင်ကိုလည်း ခရီးတခုထွက်ခဲ့ဖူးပါတယ်။ အဲဒီမှာ နိုင်ငံကျော် သလဲသီးတွေကို မြင်ရဖို့ ကျွန်တော်စိတ်ထက်သန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ သလဲသီးတွေ ဝေစည်နေတာ မတွေ့ရပါဘူး၊ ဒေသခံတွေရဲ့ သွေးတွေကိုသာ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တွေ့ခဲ့ရတာက နိုင်ငံအနှံ့ ကျေးလက်နယ် အများအပြားမှာ ဖြစ်နေကြတဲ့ ပုံစံငယ်လေးမျှသာပါ။

တာလီဘန်တွေက သူတို့တိုက်ခိုက်ရေးသမားတွေကို မြစ်ဝှမ်းဒေသထဲ အရေအတွက် အမြောက်အများထိုးထည့်နေသလို အစိုးရတပ်ဖွဲ့တွေကလည်း သူတို့ကို ပြန်မောင်းထုတ်နိုင်ဖို့ ကြိုးပမ်းကြပါတယ်။ နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေကြားမှာ ကြားညပ်ကြရတာက သာမန် အာဖဂန်ပြည်သူတွေပါ။

တနေ့မှာ ကျွန်တော်ရေကြည့်တာ လေကြောင်းတိုက်ခိုက်မှု ၃၃ ခါတောင် ဖြစ်ခဲ့ပါတယ်။ တာလီဘန်တွေက အသေခံကားဗုံးဖောက်ခွဲတာ ဘယ်နှကြိမ် ပြန်တုံ့ပြန်လုပ်ခဲ့သလဲဆိုတဲ့ အရေအတွက်တော့ ကျွန်တော်မမှတ်နိုင်တော့ပါဘူး။ အိမ်တွေ၊ တံတားတွေ၊ သစ်သီးခြံတွေ အားလုံး ပျက်စီးသွားကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၁၉ က မင်္ဂလာဆောင်တခုကို ဗုံးကြဲတိုက်ခိုက်လို့ လူပေါင်း ၆၀ သေဆုံးခဲ့

ရွာထဲမှာ ပုဂ္ဂိုလ်ရေးအပြိုင်အဆိုင်ကြောင့်၊ မြေယာအငြင်းပွားနေတာတွေကြောင့် အမုန်းတရားအခြေခံနဲ့ မဟုတ်တဲ့ သတင်းတွေပေးပြီးလက်ထောက်ချတာတွေကြောင့် ထောက်လှမ်းရေး သတင်းမှားတွေဖြစ်ပေါ်လာတယ်၊ အဲဒီ သတင်းမှားတွေအပေါ်အခြေပြုတဲ့ အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေ အတော်များများ ဖြစ်ခဲ့ပါတယ်။ မြေပြင်ကတပ်ဖွဲ့တွေနဲ့ သာမန်အာဖဂန်ပြည်သူတွေအကြား မယုံကြည်နိုင်မှုက ပိုပိုများလာတာနဲ့အတူ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အလိမ်အညာသတင်းတွေကြားမှာ အမှန်ကို မသိနိုင်တော့ပါဘူး။ အာဖဂန်ပြည်သူတွေနဲ့ အာဖဂန်အစိုးရကြားကို သပ်လျှို ဖြိုခွဲဖို့အတွက် ဒီတိုက်ခိုက်မှုတွေအကြောင်းကို တာလီဘန်က အသုံးချပြီး သူတို့အတွက် လူသစ်အင်အားစုဆောင်းစရာ ရသွားပါတယ်။

အာဖဂန်ရဲ့ 9/11 မျိုးဆက်လို့ခေါ်ကြတဲ့ လူငယ်တွေဟာ ၂၀၀၁ နဲ့ ၂၀၁၀ ခုနှစ်ကာလကြား တွေမှာ အိန္ဒိယ၊ မလေးရှား၊ အမေရိကန်နဲ့ ဥရောပလို နေရာတွေကို သွားပြီး ပညာသင် ယူနိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ပညာသင်ယူပြီး နိုင်ငံကို ပြန်တည်ဆောက်ဖို့ ပြန်လာခဲ့ကြပါတယ်။ သူတို့ကိုယ်သူတို့ နိုင်ငံကို အသစ်ပြန်တည်ဆောက်မယ့် အင်အားတွေထဲမှာ ပါဝင် နိုင်ကြတော့မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေ့လိုက် ရတာကတော့ စိန်ခေါ်မှုအသစ်တွေ ပါပဲ။ သူတို့ အမေရိကန်က အင်အားအဖြစ် စုစည်းထားတဲ့ စစ်ဘုရင်အသစ်တွေကို တွေ့လိုက်ကြရပါတယ်၊ နောက်ပြီး နေရာတိုင်းမှာ လာဘ်စားတာတွေက မိုးထိုး ထောင်တက် နေတာပါ။ အရင်ရည်မှန်းထားတဲ့ စံထားရာတွေဆီကို နိုင်ငံက မသွားနိုင်ဘဲ တဖြည်းဖြည်း ဝေးကွာလာတဲ့အခါ နေ့စဉ်အမျှ လက်တွေ့ဖြစ်နေတဲ့ အပေါ်တွေမှာပဲ လူတွေက ရှင်သန် လှုပ်ရှားဖို့ ဖြစ်လာပါတယ်။ အပြစ်လုပ်သူတွေ ပြစ်ဒဏ်မခံရဘဲ အေးဆေးလွတ်မြောက်ပြီး နေနိုင်ကြတာမျိုးတွေက စပြီးဖြစ်လာနေပါပြီ။

ကျွန်တော်တို့ နိုင်ငံမှာ သဘာဝတောတောင်ရေမြေအလှက မှင်တက်အံ့သြစရာပါ။

ရှုမငြီးဖွယ်လှပနေတဲ့ တောင်ကြားမြစ်ဝှမ်းနေရာတွေ၊ မတ်စောက်နေတဲ့ တောင်တွေ၊ အကွေ့အဝိုက်တွေများတဲ့ မြစ်တွေ၊ နောက်ပြီး အဲဒီအနီးအနားက ရွာငယ်လေးတွေကို မြင်ရမှာပါ။ ဒီမြင်ကွင်းတွေက အာဖဂန်ပြည်သူတွေကို ငြိမ်းအေးချမ်းမှု မပေးစေတော့ပါဘူး။ သူတို့အိမ်ထဲမှာနေနေကြတာတောင် လုံခြုံစိတ်ချရမှုကို မရကြတော့ ငြိမ်းချမ်းစရာကို ရှာမတွေ့ နိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ ၄ နှစ်လောက်တုန်းက ကျွန်တော် ဝါဒတ် ပြည်နယ်ထဲက ရွာငယ်လေးတခုမှာ ကျင်းပတဲ့ လက်ထပ်မင်္ဂလာဆောင်ပွဲတခုမှာ ရှိနေခဲ့ပါတယ်။ ညပိုင်းရောက်လာတော့ လူတွေစုဝေးကြပြီး ကြယ်တွေပြည့်နေတဲ့ ကောင်းကင်အောက်က လေဟာပြင်မှာ အစားအသောက်တွေ စားကြ ပါတယ်။ ကောင်းကင်တခုလုံးကလည်း ကြည်လင်လို့ပါ။ ရုတ်တရက်ပဲ ဒရုမ်းတွေ၊ လေယာဉ်တွေ မိုးခြိမ်းသံလို ဟစ်ပြီးပေါ်လာပါတော့တယ်၊ အနီးအနားကနေရာတခုကို လေကြောင်းစစ်ဆင်ရေး လုပ်ပါပြီ။ လက်ထပ်ပွဲအခမ်းအနားကတော့ ကမ္ဘာပျက်သလို ဖြစ်သွားပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၁ တုန်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ရေးတပ်သားတွေ

အဲဒီညနက်ပိုင်းမှာတော့ ကျွန်တော်ဟာ ကဘူလီ ပါလော အာဖဂန်ထမင်းတွေ၊ အသားတွေ၊ ပေါင်မုန့်တွေကို တာလီဘန်တိုက်ခိုက်ရေးသမားတယောက်ရဲ့ ဖခင်နဲ့အတူ စားသောက်ရင်း ရှိနေခဲ့ ပါတယ်။ အဲဒီသူက ဟဲလ်မန်းပြည်နယ်မှာ အသက် ၂၅ နှစ်အရွယ် သူ့သား အသတ်ခံရပုံကို အသေးစိတ်ပြောပြပါတယ်။ သူ့သားဟာ ဇနီးဖြစ်သူနဲ့ ကလေးငယ် ၂ ယောက်ကို ထားသွားခဲ့ပါပြီ။

ဒီဖခင်ဖြစ်သူက ရိုးသားတဲ့ တောင်သူတယောက်ပါ၊ သူ့သားဟာ တိုက်ခိုက်ရေးထူးချွန်ပြီး နောက်ဘဝမှာလည်း တိုက်ခိုက်ရေးသမားကောင်းဖြစ်မှာကို သူယုံကြည်တာ၊ သူ့အတွက် သိပ်ကိုဂုဏ်ယူတာတွေကို အဲဒီဖခင်ဖြစ်သူက ပြောပြတဲ့အခါ ကျွန်တော် စကားတလုံးမှ ပြန်မဟနိုင်အောင် အံ့အားသင့်ခဲ့ပါတယ်။ သူ့မျက်နှာမှာလည်း နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ အပြည့်ပါ။ တာလီဘန်တွေ အုပ်ချုပ်မှုအောက်မှာ ဂီတကို ခွင့်မပြုပါဘူး၊ မင်္ဂလာဆောင်ပွဲမှာတောင် သီချင်း မပါရပါဘူး၊ အဲဒီအစား မင်္ဂလာပွဲမှာ အခုန ဇာတ်လမ်းတွေကို ပြောပြကြတာတွေကပဲ ဖုံးလွှမ်းနေပါတယ်။

တာလီဘန်တွေဘက်က လူသားအဆုံးအရှုံးကို လူတွေက သတိသိပ်မမူမိကြပါဘူး၊ စစ်ပွဲရဲ့ တဖက်ခြမ်းမှာလည်း မုဆိုးမတွေ၊ သားဆုံးခဲ့တဲ့အဖေတွေ၊ ကိုယ်အင်္ဂါချို့တဲ့သွားကြသူတွေ အများအပြားရှိပါတယ်။

တာလီဘန်တိုက်ခိုက်ရေးသမားရဲ့ ဖခင်ဖြစ်သူကို သူဘာကိုလိုချင်လဲလို့ ကျွန်တော်မေးကြည့် ခဲ့ပါတယ်၊ သူက မျက်လုံးတွေထဲ မျက်ရေအပြည့်နဲ့အတူ သူပြန်ဖြေတာကတော့ "ကျွန်တော် ဒီတိုက်ခိုက်တာတွေ အဆုံးသတ်စေချင်ပြီ၊ တော်ဖို့ ကောင်းလှပါပြီ၊ သားတယောက် ဆုံးရှုံးရတဲ့ နာကျင်မှုကို ကျွန်တော်သိရပြီ၊ အာဖဂန်နစ္စတန်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှိဖို့လိုပြီ၊ အပစ် ရပ်ကြဖို့လိုပြီ။"

ကာဘူးလ်မှာရှိတဲ့ စစ်ဆေးရုံကြီးနဲ့ ကျွန်တော်တို့ရုံးက ကီလိုမီတာ အနည်းငယ်လောက်ပဲ ဝေးတာပါ။

ကျွန်တော့ဇာတိ ခွန်နာပြည်နယ်က သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ ရင်းနှီးရသူတွေက အဲဒီစစ်ဆေးရုံမှာ သူတို့ဆွေမျိုး အာဖဂန်အစိုးရ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို သွားရွေးထုတ်ယူဖို့ သွားကြရင် အဖော်လိုက်ဖို့ ကျွန်တော့်ကို ခေါ်ကြပါတယ်။ ကျွန်တော်တို့ ပြည်နယ်ရဲ့ စိတ်နှလုံးဟာ လူသေထည့်တဲ့ အခေါင်းတွေရဲ့ ဖိအားနဲ့ ပိကြေနေသလို တခါတခါ ခံစားမိပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒိုဟာမှာ အမေရိကန်တွေ တာလီဘန်နဲ့ စေ့စပ်ညှိနှိုင်းကြတဲ့အခါ အစပိုင်းမှာ ကျွန်တော်တို့ မျှော်လင့်ချက်တွေနဲ့ ပြည့်ဝနေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့ ညှိနှိုင်းဆွေးနွေးရေးကသာ တခုတည်းသောလမ်း မဟုတ်ပါလား။ တခြားသန်းပေါင်းများစွာ သော အာဖဂန်ပြည်သူတွေလိုပဲ ကျွန်တော်လည်း ကျွန်တော့် ဘဝသက်တမ်းအတွင်း ကျွန်တော့နိုင်ငံမှာ ငြိမ်းချမ်းရေးကို မမြင်ခဲ့ရသူဆိုတော့ သိပ်ကိုမျှော်လင့်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဒိုဟာမှာ ၂၀၂၀ က လုပ်တဲ့ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ တာလီဘန် သဘောတူညီချက်ရ

ကျွန်တော်တို့အိပ်မက်တွေ ပြိုကွဲသွားဖို့က သိပ်မကြာလိုက်ပါဘူး။ ဆွေးနွေးပွဲတွေက စစ်ပွဲအောင်မြင်မှုတွေအပေါ် ကိုယ့်ဘက်လိုရာဆွဲပြီး အကျိုးထုတ်ယူလို့ရအောင် ညှိကြတဲ့ပွဲတွေဆိုတာ ရှင်းရှင်းလာခဲ့ပြီး ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ရှုမြင်မှုနဲ့ ဆွေးနွေးကြတာမဟုတ်ပါဘူး။ သာမန်အာဖဂန်ပြည်သူတယောက်အနေနဲ့ ကြည့်ရင် ဒီဟာတွေက အဓိပ္ပါယ်ဘာတခုမှမရှိပါဘူး။ အမေရိကန်က တာလီဘန်တိုက်ခိုက်ရေး သမားတွေ၊ တပ်မှူးတွေ စုစုပေါင်း ၆, ၀၀၀ ကို လွှတ်ပေးပြီး ဒီဆွေးနွေးပွဲဟာ အဓိပ္ပါယ်ပြည့်ဝပြီး အဆင့်အတန်းရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်နေတာဖြစ်တယ်၊ ထာဝရငြိမ်းချမ်းရေး ရမယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးတွေက တကယ် ဖြစ်မလာပါဘူး။

အဲဒီအစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စိတ်နှလုံးပြိုကွဲကျစရာ သတ်ဖြတ်သုတ်သင်မှုတွေနဲ့ ပြည့်နှက်သွားပါတယ်။ သတင်းမီဒီယာ၊ ဥပဒေ၊ တရားစီရင်ရေး စတဲ့ကဏ္ဍတွေဘက်က နိုင်ငံမှာ အစွမ်းဆောင်နိုင်ဆုံးသောသူတွေထဲက တချို့ နိုင်ငံတဝန်းမှာ၊ ကာဘူးလ်က သူတို့ရဲ့ အိမ်ခြေရင်း နားမှာ အသတ်ဖြတ်ခံခဲ့ကြရပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ဆွေးနွေးပွဲတွေကာလက ဒေသခံ ရဲမှူးတယောက် စစ်ကောင်စီ ဆွေးနွေးပွဲတခုမှာ ရုတ်တရက် ထရပ်ပြီး အမေရိကန်တွေဟာ အာဖဂန်တပ်တွေကို စွန့်ပစ်ပြီး ရန်သူနဲ့ စကားပြောနေတာလို့ စွပ်စွဲလိုက်ပါတယ်။ "သူတို့ ငါတို့ နောက်ကျောကို ဓားနဲ့ထိုးတာ"လို့ သူက ဒေါသတကြီးပြောပါတယ်။ အာဖဂန်ပြည်သူအများအပြားလိုပဲ အမေရိကန်နဲ့ ဆက်ဆံမှုက သူ့ကို နာနာကျင်ကျင် ကျန်ရစ်စေခဲ့ပါတယ်။

ကျွန်တော့်ကျောင်းနေဘက်ဟောင်း သူငယ်ချင်းတယောက်က တာလီဘန် အဖွဲ့ဝင်ပါ။ ကျွန်တော်တို့က သက်တူရွယ်တူတွေပါပဲ။ သူ့မှာ ကျွန်တော်နဲ့ မတူတဲ့ အတွေးအခေါ်တွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်အချိန်မှာတော့ သူ့ကို မင်္ဂလာပွဲတခုမှာ တွေ့ရပါတယ်၊ သူ့သဘောထားက တင်းမာပြီး စိတ်ချဉ်ပေါက် မလိုလားနေတာတွေကို တွေ့ရပါတယ်။ ပဋိပက္ခက အာဖဂန်တွေ အကြား ဘယ်လောက်တောင် ခွဲပစ်လိုက်သလဲဆိုတာကို မြင်ခဲ့၊ ခံစားမိခဲ့ပါတယ်။ အရင် အချိန် တွေ့ခဲ့ကြတုန်းက တယောက်နဲ့ တယောက်က သိပ်ကို ကွဲပြားနေတာ မဟုတ်ပါဘူး။ ကျွန်တော်မှတ်မိနေဆဲဖြစ်တဲ့ ပက်ရှ်ဝါမှာ ခရစ်ကက် အတူကစားခဲ့တုန်းက၊ တယောက်မျက်နှာ တယောက် လိမ္မော်သီး အသားဖတ်တွေနဲ့ ပွတ်နယ် စနောက်ကြတုန်းက သူနဲ့ အခုသူက သိပ်ကို ကွာခြားသွားပါပြီ။

သူတခြားတဖက်ကို ဘယ်လိုရောက်သွားလဲဆိုတာ ကျွန်တော် ဆန်းစစ်ကြည့်မိပါတယ်။

သူ့ဇာတ်လမ်းကို ကြည့်လိုက်ရင် ပုဂ္ဂိုလ်ရေး ဆုံးရှုံးရမှုတွေက အတော်ကို ပြင်းထန်ပါတယ်။ သူ့ အစ်ကို၊ သူ့အဖေ၊ သူ့ဦးလေးတွေ လေကြောင်းတိုက်ခိုက်မှု တခုအတွင်းမှာ သေခဲ့ရပါတယ်၊ ဒေသခံအချင်းချင်း မလိုမုန်းထားပြီး သတင်းမှားတွေ ပေးကြတာကို အခြေပြုတဲ့ တိုက်ခိုက်မှုမှာ သေခဲ့ကြရတာပါ။ လူတွေအကြား ဘယ်လိုပင်ကွဲပြားနေကြပေမယ့် အမျိုးသား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ အနာဂတ်ကို ကျွန်တော်မျှော်လင့်နေခဲ့ပါသေးတယ်။

ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေက သိပ်ဝေးသွားပြီလို့ အခုအချိန်မှာ ခံစားရမိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစိုးရ တပ်ဖွဲ့ဘက်က လူတွေအများအပြား လက်နက်ချကြတာနဲ့ အတူ ပြည်နယ်မြို့တော်တွေ တမြို့ပြီးတမြို့ တာလီဘန်တွေ လက်ထဲကို ကျသွား ပါတယ်။ ဒါပေမယ့် ကာဘူးလ်ကို သူတို့ ရောက်မလာနိုင်သေးဘူး၊ မြို့တော်ကို သိမ်းနိုင်မှာ မဟုတ်သေး ဘူးလို့ပဲ ထင်ခဲ့မိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, US Army

ဓာတ်ပုံ ပုံစာ,

ကာဘူးလ်လေဆိပ်က ဒုက္ခသည်တွေ

ကာဘူးလ်မကျခင် ညကတောင် ကျွန်တော်နဲ့ စကားပြောခဲ့တဲ့ အစိုးရအရာရှိတွေက အမေရိကန် လေကြောင်းအကူအညီပေးထားရင် သူတို့မြို့ကို ထိန်းထားနိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တော့ အားလုံးပါဝင်နိုင်တဲ့ အစိုးရဆီကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲဖို့ စကားပြောတာ ဖြစ်လာပါတယ်။ ဒါပေမယ့် သမ္မတ ဂါနီက ဟယ်လီကော့ပတာနဲ့ ထွက်ပြေးသွားပြီး တာလီဘန်တွေက မြို့ထဲကို ချက်ချင်းရောက်လာပါတယ်။ လူတွေက သူတို့ပြန်လာတာကို သိပ်ကြောက်ကြပါတယ်၊ မြို့ဟာ ကြောက်ရွံ့မှုနဲ့ ဖုံးလွှမ်းသွားပါတယ်။

နောက်ပိုင်းမှာတော့ အသက်အန္တရာယ်ကျရောက်လာနိုင်တယ်လို့ ကျွန်တော့်ကို သတိပေး လာကြပါပြီ။

ကျွန်တော့် ဇနီးသည်၊ သမီးလေးနဲ့ မိဘတွေကို ခေါ်၊ အဝတ်တစုံ ၂ စုံလောက် အိတ်ထဲကောက်ထည့်ပြီး ပုန်းဖို့နေရာတခုကို ပြေးရပါတော့တယ်။ ဒီမြို့က ဘယ်နေရာမဆိုကို ကျွန်တော်သိပါတယ်၊ ကျွန်တော်ပိုင်ဆိုင်တဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မြို့မှာ ကျွန်တော့်အတွက် ဘယ်နေရာမှာမှ မလုံခြုံတော့ပါဘူး။

သမီးလေး ဆိုလာ (သူ့နာမည်ရဲ့ အဓိပ္ပါယ်က ငြိမ်းချမ်းရေးပါ) အနာဂတ်အတွက် ကျွန်တော်တို့ မျှော်လင့်ထားချက်တွေ အားလုံး တစစီ ကြေမွသွားပါပြီ။ ကျွန်တော် လေဆိပ်ကို ထွက်ခွာလာတဲ့အချိန် ကျွန်တော့်ဘဝမှာ ၂ ကြိမ်မြောက် သတိထားမိလိုက်တာကတော့ ကျွန်တော် အာဖဂန်ကို ထားရစ်ခဲ့ရပြန်ပြီ ဆိုတာပါ။ လေဆိပ်ကိုရောက်တော့ အစိုးရအရာရှိ တွေနဲ့ အတူခရီးသွားခဲ့တာ၊ ရှေ့တန်း စစ်မြေပြင်မှာ ဒေသခံ လူတွေနဲ့ တွေ့ခဲ့တာတွေ အပါအဝင် သတင်းထောက်တယောက်အနေနဲ့ နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ဘဝပုံရိပ်တွေကို ပြန်မြင်ယောင် လာပါတယ်။

နိုင်ငံကနေထွက်ခွာကဖို့ စီတန်းနေကြတဲ့ လူတွေ၊ မိသားစုတွေကို လေဆိပ်မှာ တွေ့ရပါတယ်။ အာဖဂန်ရဲ့ မျိုးဆက်တခု သူတို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကို မြေမြှုပ်ခဲ့ရပြန်ပါပြီ။

ဒီတခါမှာတော့ သူတို့ရဲ့ အကြောင်းတွေကို သတင်းပို့ဖို့ ကျွန်တော် ဒီနေရာကိုရောက်နေတာ မဟုတ်ပါဘူး၊ ကျွန်တော် သူတို့စီထားတဲ့ လူတန်းမှာ သွားပေါင်းဖို့ ရောက်လာတာပါ။