ခရစ္စတီယာနို ရော်နယ်ဒိုကို ပြန်ခေါ်ယူခဲ့ပြီလို့ မန်ချက်စတာယူနိုက်တက် အတည်ပြု

ခရစ္စတီယာနို ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, Reuters

မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်း ခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကို အီတလီ ဂျူဗန်းတပ်စ်ကနေ ပြန်လည်ခေါ်ယူခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။

၃၆ နှစ်အရွယ် ရော်နယ်ဒို မန်ချက်စတာ စီးတီးကို သွားလိမ့်မယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့သေးပေမယ့် ဖြစ်မလာတော့ဘူးလို့ ဘီဘီစီ အားကစား သတင်းမှာ ဖော်ပြထားတယ်။

ဂျူဗဲန်းတပ်စ် နည်းပြ မက်ဆီမို အလက်ဂရီက ရော်နယ်ဒိုက အသင်းမှာ ဆက်ပြီး မကစားချင်တော့တဲ့ အကြောင်း ပြောခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ အိုလေး ဂွန်နာ ဆိုးလ်ရှားကလည်း သောကြာနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားနေတာကို ရော်နယ်ဒို သိပါတယ်လို့ ပြောထားခဲ့ပါတယ်။

မန်ချက်စတာ ယူနိက်တက်ဟာ ရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်မှာ စပို့တင်း လစ္စွဘွန်း အသင်းကနေ စတာလင်ပေါင် ၁၂.၂ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အသင်းအတွက် ၂၉၂ ပွဲ ကစားခဲ့ရာမှာ ၁၁၈ ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရော်နယ်ဒိုကို ခေါ်ယူဖို့ ယူနိုက်တက် ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်မလာခင် သောကြာနေ့ အစောပိုင်းမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ၅ ကြိမ် ရခဲ့တဲ့ ရော်နယ်ဒို အီတလီမှာ ဆက်မကစားချင်တော့ဘူးဆိုတာကို အံ့သြမိတဲ့ အကြောင်းပြောခဲ့ပါတယ်။ ဆက်လက်ပြီး ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ဘရူနို ဖာနန်ဒက်စ်နဲ့လည်း အဆက်အသွယ် ရှိတဲ့အကြောင်း ပြောပါတယ်။

ခရစ္စတီယာနို ဂျူဗဲန်းတပ်စ် အသင်းက ခွာလိမ့်မယ်လို့ သူမထင်ထားခဲ့ကြောင်း၊ ရော်နယ်ဒိုရဲ့ အနာဂတ်အတွက်အခုရက်ပိုင်းအတွင်းရော ဒီနေ့ မနက်ပိုင်းအထိပါ ခန့်မှန်း ပြောဆိုနေကြတာတွေတော့ ရှိနေတဲ့အကြောင်း ဆိုးလ်ရှားက ပြောပါတယ်။

နောက်ပြီး ဘရူနိုကလည်း သူနဲ့ အမြဲ အဆက်အသွယ်ရှိတယ်၊ အသင်းက သူ့အပေါ် ဘယ်လို သဘောထားရှိလဲ ဆိုတာလည်း သူသိပါတယ်၊ တကယ်လိုများ ဂျူဗဲန်းတပ်စ် အသင်းက ခွာဖို့လုပ်မယ်ဆိုရင်တော့ သူ့အတွက် မန်ချက်စတာ ယူနိုက်တက် ရှိနေတာကို ရော်နယ်ဒို သိပါတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။