တာလီဘန်၊ အိုင်အက်စ်နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တို့ ဘာတွေ ကွာခြားလဲ

  • ဟိုဆေး ကားလို့စ် ကွေ့တို
  • ဘီဘီစီ မွန်ဒိုသတင်းဌာန
တာလီဘန် တိုက်ခိုက်ရေးသမားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တာလီဘန် တိုက်ခိုက်ရေးသမားတွေ

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ပြန်လည်သိမ်းပိုက်ခဲ့မှုကို ကမ္ဘာတ၀န်းမှာရှိတဲ့ ဂျီဟတ်ဝါဒီသမားတွေက အောင်ပွဲခံခဲ့ကြပါတယ်။

ယီမင်နဲ့ တခြားနိုင်ငံတွေမှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်အောင်ပွဲခံခဲ့ကြပါတယ်။

ဆိုမာလီယာနိုင်ငံမှာလည်း အချိုပွဲတွေ ဝေငှပြီး အနောက်နိုင်ငံစစ်တပ်တွေ နိုင်ငံတွင်းကနေ ဆုတ်ခွာသွားတာဟာ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုရဲ့ အောင်ပွဲတရပ်လို့ တောင်အာရှ အစ္စလာမ်မစ်အဖွဲ့တွေရဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

ဒါကြောင့် အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်းမှာ ဂျီဟတ်ဝါဒီ တခေတ်ဆန်းလာမှာကို ကျွမ်းကျင်သူတွေက အခုအခါ စိုးရိမ်နေကြပါတယ်။

အကြီးဆုံး ခြိမ်းခြောက်မှုတခုကတော့ အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ်မစ်နိုင်ငံလို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့ အိုက်အက်စ်အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့တွေဆီက ဖြစ်ပါတယ်။

အိုက်အက်စ်အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အင်အားနည်းသွားခဲ့ပေမယ့် လက်ရှိအချိန်ထိ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

အမေရိကန်နဲ့ သဘောတူထားချက်တွေထဲက တခုကတော့ အနောက်အုပ်စုတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြံရွယ်တဲ့ အကြမ်းဖက်အုပ်စုတွေကို ခိုအောင်းခွင့်ပေးမှာမဟုတ်ဘူးလို့ တာလီဘန်တို့က ကတိပေးထားပါတယ်။

ဒါပေမဲ့ တာလီဘန်တွေနဲ့ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိဆဲဖြစ်ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ ပြိုင်ဘက် အိုက်အက်စ်အဖွဲ့နဲ့ ပတ်သက်လို့ သူတို့ရဲ့ ဆက်စပ်မှုကို ထုတ်ဖော်ပြောဆိုဖို့ ဖိအားတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပြောဆိုကြပါတယ်။

အိုက်အက်စ်အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ခိုရာစန်ပြည်နယ်အခြေစိုက် အိုက်အက်စ်-ကေ ( IS-K) ဒါမှမဟုတ် အိုက်အက်စ်ကေပီ (ISKP) အဖွဲ့ကတော့ အချိန်ကုန်မခံဘဲ သြဂုတ်လ ၂၆ ရက်မှာ ကာဘူးလ်လေဆိပ်အပြင်ဘက်မှာ တိုက်ခိုက်မှု တခု လုပ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၁၃ ဦးအပါအ၀င် လူပေါင်း ၁၇၀ လောက် သေဆုံးခဲ့ရပါတယ်။

ဒါပေမဲ့ ဘာသာရေးအယူဝါဒ ပြင်းထန်တဲ့ အတွေးအမြင်တခုကလွဲရင် ဒီအဖွဲ့သုံးဖွဲ့ကို ဘယ်လိုခွဲခြားသိနိုင်မလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အစ္စလာမစ်နိုင်ငံရဲ့ မြို့တော်လို့ သတ်မှတ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံ ရက်ကာမြို့

နယူးယောက်ခ်မြို့ ဆိုဖန်စင်တာက လုံခြုံရေးဆိုင်ရာ သုံးသပ်သူလည်းဖြစ် သုတေသီတဦးလည်းဖြစ်တဲ့ ကောလင်း ကလာ့ခ်ကတော့ "တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အဓိကအကျဆုံးအဖွဲ့ ဖြစ်တယ်။ အယ်လ်ကိုင်းဒါးအဖွဲ့ကတော့ သူတို့ရဲ့ ကွန်ရက်တွေကို ပြန်လည်တည်ဆောက်နေတဲ့ နိုင်ငံပေါင်းများစွာမှာရှိတဲ့ ဂျီဟတ်ဝါဒီအဖွဲ့ တဖွဲ့ ဖြစ်တယ်။ အိုက်အက်စ်အဖွဲ့ကတော့ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်တို့ နှစ်ဖွဲ့လုံး အသေအကြေတိုက်ရမယ့်ရန်သူ ဖြစ်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

မူလဇာစ်မြစ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်အဖွဲ့တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ အတွင်း ဆိုဗီယက်ကျူးကျော်၀င်ရောက်မှုကို ပြန်လည်ခုခံတော်လှန်မှုနဲ့ ၁၉၉၀ ခုနှစ်အစောပိုင်း အာဖဂန်နစ္စတန် ပြည်တွင်းရေး အကျပ်အတည်းတွေမှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်မစ်နိုင်ငံလို့ သူတို့ကို သူတို့ခေါ်တဲ့ အိုက်အက်စ် အဖွဲ့ကတော့ အီရတ်မှာရှိတဲ့ အယ်လ်ကိုင်းဒါး AQI အဖွဲ့ကနေ ကွဲထွက်လာပြီး နောက်ပိုင်းနှစ်တွေမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

AQI အဖွဲ့ဟာ ၂၀၀၃ ခုနှစ် အီရတ်မှာ အမေရိကန်တို့ ကျူးကျော်၀င်ရောက်မှုကို ပြန်တည်တုံ့ပြန်တဲ့အနေနဲ့ တည်ထောင်ခဲ့ပြီး တဖြည်းဖြည်း အားကောင်းလာတဲ့ ဒေသတွင်း အယ်လ်ကိုင်းဒါးအဖွဲ့ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် အီရတ်မှာ အမေရိကန်တပ်တွေ တဟုန်ထိုး များပြားလာပြီးနောက်ပိုင်း AQI အဖွဲ့ဟာ နှစ်အတော်အတန်ကြာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ ပြန်လည်ခေါင်းထောင်လာခဲ့ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့ကို ၁၉၈၀ ခုနှစ်တွေ နှောင်းပိုင်းမှာ ဆော်ဒီသန်းကြွယ်သူဌေး အိုစမာ ဘင်လာဒင်က တည်ထောင်ခဲ့တာပါ။

သူ့ရဲ့ အဓိပ္ပာယ်ကတော့ အခြေစိုက်စခန်း ဒါမှမဟုတ် ကွန်ရက်လို့ ဆိုနိုင်ပါတယ်။

ဒီအဖွဲ့ဟာ ဆိုဗီယက်ပြည်ထောင်စုကို ဆန့်ကျင်တော်လှန်နေကြတဲ့ မွတ်ဆလင်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေးနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့မှာ ပါဝင်ပူးပေါင်းဖို့ ကမ္ဘာတဝန်းက အစ္စလမ်ဘာသာ၀င်တွေကို ဘင်လာဒင်က စုဆောင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၉၈ မှာ CNN သတင်းဌာနဲ့ အင်တာဗျူးခဲ့တဲ့ အိုစမာဘင်လာဒင်

ပတ်ရှတို ဘာသာစကားအရ ကျောင်းသားတွေလို့ အဓိပ္ပာယ်ရတဲ့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ ဆိုဗီယက်တပ်တွေ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ပါကစ္စတန်မြောက်ပိုင်းမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ပါရှ်ထွန်း (Pashtun) လုပ်ရှားမှုဟာ ဆော်ဒီအာရေဗျနိုင်ငံကနေ ငွေအကုန်အကျခံတဲ့ ဘာသာရေး သင်တန်းကျောင်းတွေကနေ ပထမဆုံးပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။

အဲဒီသင်တန်းကျောင်းတွေဟာ ဆွန်နီ အစ္စလာမ်ဘာသာ၀င်တွေရဲ့ တရားသေ ပြင်းထန်တဲ့ အယူအဆတွေကို ဟောပြောတာပါ။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားမှာရှိတဲ့ ပါရှ်ထွန်း (Pashtun) ဒေသတွေကို သူတို့အာဏာရလာတာနဲ့ တပြိုင်နက် သူတို့ကိုယ်ပိုင် တင်းကြပ်တဲ့ ရှရီရာ အစ္စလာမ် ဥပဒေကို ပြဋ္ဌာန်းပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ တာလီဘန်တို့က ကတိပေးခဲ့ပါတယ်။

တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အနောက်တောင်ပိုင်းကနေ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အလျင်အမြန်ပဲ တိုးချဲ့လာခဲ့ပါတယ်။

တာလီဘန်အဖွဲ့ဟာ ၁၉၉၆ ခုနှစ်မှာ သမ္မတ ဘူရန်နူဒင် ရက်ဘာနီအစိုးရကို ဖြုတ်ချပြီး ကာဘူးလ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်အရောက်မှာတော့ အာဖဂန်နစ္စတန်ရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးကို တာလီဘန်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် အယ်လ်ကိုင်းဒါးအဖွဲ့ဟာ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ထက် ပိုပြီး လုပ်ဆောင်ခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ကမ္ဘာတ၀န်းမှာ ဖွဲ့စည်းမယ့် ရည်မှန်းချက်တွေနဲ့အတူ ဂျီဟတ်ဝါဒီအဖွဲ့အစည်းတခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

ငွေကြေးထောက်ပံမှုတွေ အပြန်အလှန်ရှိမှုနဲ့ ကျေးဇူးတရားတွေကို ထောက်ပြီး တာလီဘန်အစိုးရဟာ သူတို့ကို အာဖဂန်နစ္စတန်မှာ ကြိုဆိုခဲ့ပါတယ်။

ဒါပေမဲ့ အီရတ်မှာရှိတဲ့ နိုင်ငံခြားတပ်တွေ ဝင်ရောက်မှုကို ဆန့်ကျင်တော်လှန်ရာမှာ အဓိက ကျတဲ့ အဖွဲ့တဖွဲ့ ဖြစ်လာတဲ့ AQI အယ်လ်ကိုင်းဒါးအဖွဲ့ဟာ အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ မူလ အခြေခံသဘောတရားတွေနဲ့ ကွဲထွက်တဲ့ အတွေးအမြင်တွေ ရှိလာခဲ့ပြီး ကမ္ဘာ့တဝန်းမှာ ဖွဲ့စည်းချင်တဲ့ ရည်မှန်းချက်တွေ ရှိလာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ AQI အဖွဲ့ဟာ တခြား အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အီရတ်ရဲ့ အစ္စလာမ်မစ်နိုင်ငံဆိုတဲ့ အမည်ကို ပြောင်းလဲခဲ့ပါတယ်။

စစ်ပွဲဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ ဆီးရီးယားမှာ အသာစီးရရှိခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း အိုက်အက်စ်အဖွဲ့ဟာ အီရတ်နဲ့ အနောက်အာရှ ဆီးရီးယားရဲ့ သမိုင်းဝင်ဒေသ လဗန့်တို့ရဲ့ အစ္စလာမ်မစ်နိုင်ငံတို့ သူတို့ကို သူတို့ ပြောင်းလဲ ခေါ်ယူခဲ့ပါတယ်။

အဲဒီဒေသတွေကို သူတို့ပိုင်နက်နယ်မြေတွေလို့ သူတို့ကို သူတို့ သတ်မှတ်ခဲ့သလို တချိန်တည်းမှာပဲ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ခပ်ကင်းကင်း ဖြစ်လာခဲ့ပါတယ်။

အစ္စလာမ်ဘာသာ အဓိပ္ပာယ်ဖွင့်ဆိုချက်

တာဘီဘန်၊ အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေကြား တူညီတဲ့ ဘုံလက္ခဏာတခုကတော့ ဆွန်နီ အစ္စလာမ်တွေရဲ့ ဘာသာရေးအယူစွဲကြီးမားမှု ဖြစ်ပါတယ်။

"လူမှုရေးနဲ့ နိုင်ငံရေးလောကဟာ ဘာသာရေးနဲ့ ခွဲခြားလို့ မရနိုင်ဘူးလို့ ဒီသုံးဖွဲ့လုံးက ယုံကြည်ကြတယ်။ ဘာသာတရားကို သက်ဝင်ယုံကြည်မှုဆိုတဲ့ အမည်နာမအောက်မှာ အကြမ်းဖက်မှုဟာ တရားမျှတတယ်။ ဒါဟာလည်း တာ၀န်တခုဖြစ်တယ်လို့ သူတို့က ယူဆတယ်။ မတိုက်ခိုက်တဲ့ သူတိုင်းဟာ ဆိုးဝါးတဲ့ မွတ်ဆလင် ဖြစ်တယ်လို့လည်း ယုံကြည်ကြတဲ့အကြောင်း" လန်ဒန် King's College တက္ကသိုလ်မှာ စာသင်နေတဲ့ မစ်ရှဲလ် ဂရိုပီက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အဖွဲ့သုံးခုကြားမှာ တူတာက ဆွန်နီအစ္စလာမ်ကို ခံယူချက် ပြင်းထန်ကြပုံချင်း တူညီကြတာပါ

ဒီအယူအဆဟာ ခြိမ်းခြောက်မှုတွေအကြောင်း မတူတဲ့ အခြေအနေတခုမှာ ရေးသားထားတဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ စာသားတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကနေ အစပြုလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ခရစ်ယာန်သမ္မာကျမ်းစာလို ကုရ်အာန်ကျမ်းမှာ အယူဝါဒ ပြင်းထန်တဲ့အပိုဒ်တွေ ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ မွတ်ဆလင်အများစုဟာ ဒီအကြမ်းဖက်မှု အခြေခံသဘောတရားတွေကို လက်သင့်မခံဘူး။ အစ္စလာမ်ဘာသာ ခြိမ်းခြောက်ခံခဲ့ရတဲ့ အစပိုင်းကာလတွေမှာဟာ ဒီပြောဆိုမှုတွေဟာ ကျိုးကြောင်းဆီလျော်ပြီး ဂျီဟတ် ဘာသာရေးစစ်ဖြစ်တယ်ဆိုတာ အဓိပ္ပာယ်ရှိတယ်လို့လည်း ပြောကြတယ်။"

အဲဒီလို အတွေးအမြင်ရှိပေမယ့်လည်း တာလီဘန်၊ အယ်လ်ကိုင်းဒါးနဲ့ အိုင်အက်စ်အဖွဲ့တွေကတော့ အစွန်းရောက်ဝါဒနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရည်မှန်းချက်တွေအပေါ် မူတည်ပြီး တဖွဲ့နဲ့ တဖွဲ့ ကွဲပြားမှု ရှိပါတယ်။

ဒီအချက်ဟာ သူတို့သုံးဖွဲ့ကြား မတူတဲ့ အဓိက ခြားနားမှု ဖြစ်တယ်လို့လည်း သုံးသပ်သူတချို့က ထောက်ပြပြောဆိုကြပါတယ်။

ရည်ရွယ်ချက်များ

တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကိုပဲ အာရုံစိုက်ပေမယ့် အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေကတော့ ကမ္ဘာနဲ့ချီတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။

၁၉၉၀ ခုနှစ်တွေမှာ ရှရီယာ အစ္စလာမ် ဥပဒေကို တာလီဘန်တွေက နောက်ဆုံးအကြိမ် ပြဋ္ဌာန်းခဲ့တုန်းက အမျိုးသမီးတွေအပေါ် တင်းကျပ်တဲ့ ဥပဒေတွေ၊ လူထုရှေ့မှောက် ကွပ်မျက်တာ၊ ကြိမ်ဒဏ်ပေးတာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်တာတွေ အပါအ၀င် ပြင်းထန်တဲ့ ပြစ်မှုတွေ ချမှတ်ခဲ့ပါတယ်။

သမိုင်းက ဖြစ်ရပ်တွေ နောက်တကြိမ် ထပ်ဖြစ်မှာ စိုးရိမ်ထိတ်လန့်မှုတွေကြောင့် တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံသား အများအပြား နိုင်ငံတွင်းကနေ ထွက်ပြေးဖို့ ကြိုးစားနေကြပါတယ်။

အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေရဲ့ အဆုံးအမတွေက ပိုပြီးတောင် အစွန်းရောက်တယ်လို့ ဝါရှင်တန် ဂျော့ဂျ်တောင်းတက္ကသိုလ်က အရှေ့အလယ်ပိုင်းနဲ့ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဒန်နီရယ် ဘိုင်မန်းက ပြောပါတယ်။

"တာလီဘန်တွေဟာ တခြားနိုင်ငံတွေကို ပြောင်းလဲဖို့ ကြိုးစားမှာ မဟုတ်ဘဲ အာဖဂန်နစ္စတန်ကိုစံထားစရာ မွတ်ဆလင်နိုင်ငံအဖြစ် ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်တာ ဖြစ်တယ်" လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၇၈ နဲ့ ၁၉၉၂ ကာလက တာလီဘန်တပ်ဖွဲ့ဝင်တွေ - index picture

အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေဟာ ကမ္ဘာတ၀န်း ရည်မှန်းချက်တွေ ရှိကြပြီး အစ္စလာမ်မစ်နိုင်ငံ တည်ထောင်ဖို့ ဆန္ဒပြင်းပြကြပေမယ့် အင်မတန်အရေးကြီးတဲ့ အပိုင်းတခုမှာတော့ သူတို့ကြား ကွဲပြားမှု ရှိတယ်လို့လည်း ဘိုင်မန်းက ဆိုပါတယ်။

"အိုက်အက်စ်အဖွဲ့ဟာ အစ္စလာမ်မစ်နိုင်ငံကို အခုချက်ချင်း တည်ဆောက်ချင်တယ်။ အယ်လ်ကိုင်းဒါးကတော့ စောလွန်းသေးတယ်လို့ ယူဆတယ်။ ဂျီဟတ်ဝါဒီ အသိုင်းအဝိုင်းနဲ့ မွတ်ဆလင် လူ့အဖွဲ့အစည်းက အဆင်သင့်မဖြစ်ကြဘူးလို့လည်း သူတို့က ယုံကြည်ကြတယ်။ ဒီတော့ ဒါဟာ သူတို့ရဲ့ ဦးစားပေးလုပ်ငန်းစဥ် မဟုတ်ပါဘူး။"

ရန်သူများ

တာလီဘန်၊ အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေမှာ ဘုံရန်သူတွေ ရှိကြပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ ပထမဆုံး ရန်သူတွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီနိုင်ငံတွေရဲ့ မဟာမိတ်တွေပါပါတယ်။ ဘာသာတရားနဲ့ နိုင်ငံတော် အကြားခွဲခြားမှုကို လက်ခံယုံကြည်တဲ့ နိုင်ငံတွေလည်း သူ့တို့ရဲ့ ရန်သူတွေပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အကြမ်းဖက်မှုတိုက်ဖျက်ရေး အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့ ၂၀၀၁ ခုနှစ်မှာ အမေရိကန်သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ်က အမိန့်ပေးခဲ့

"အစပိုင်းကတည်းက အိုက်အက်စ်အဖွဲ့ဟာ အယ်လ်ကိုင်းဒါးထက် ပိုပြီး အကြမ်းဖက်သလို တိုက်ခိုက်မှုလည်း ပိုများတယ်။ အနောက်နိုင်ငံတွေနဲ့လည်း စစ်ပိုဖြစ်တယ်။ သူတို့နဲ့ အယူအဆချင်း မတူညီတဲ့ တခြားမွတ်ဆလင်တွေအပေါ်မှာ ဂိုဏ်းဂဏစွဲအကြမ်းဖက်မှု ရှိတယ်" လို့ ဘိုင်မန်းက ပြောပါတယ်။

ဒါကြောင့် နောက်ထပ်မတူတဲ့ အချက်တချက်က အမေရိကန်ဟာ အယ်လ်ကိုင်းဒါးတို့ရဲ့ အဓိက ရန်သူတော် အဖြစ် ဆက်ရှိနေချိန်မှာ အိုက်အက်စ်ကတော့ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ တခြားလူနည်းစု ဘာသာ၀င်တွေ၊ ရှီယားအသိုင်းအဝိုင်းတွေအပေါ် တိုက်ခိုက်တာတွေ ဆက်လုပ်နေတာ ဖြစ်ပါတယ်။

"ရှီယားတွေဟာ ဘာသာတရားကို စွန့်ပယ်သူတွေလို့ အယ်လ်ကိုင်းဒါးတွေကလည်း သဘောထားပေမယ့် သူတို့ကို သတ်တာကတော့ အင်မတန် အစွန်းရောက်တယ်လို့ မြင်ကြတယ်။ လူအင်အား လက်နက်အင်အား အလဟဿဖြစ်စေသလို ဂျီဟတ်ဝါဒီစီမံကိန်းကြီးကိုလည်း ထိခိုက်နစ်နာစေတယ်လို့ ယူဆကြတဲ့အကြောင်း" ဘိုင်မန်းက ဆိုပါတယ်၊

တာလီဘန်တို့ အာဏာပြန်ရလိုက်တာကြောင့် နောက်ထပ်ကွဲပြားမှုတွေ ထပ်ဖြစ်လာပါတယ်။

အမေရိကန်တပ်တွေ ရုပ်သိမ်းသွားဖို့ အတွက် ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အတွက် တာလီဘန်အဖွဲ့ကို "သစ္စာဖောက်" လို့ အိုက်အက်စ်အဖွဲ့က မြင်တယ်လို့ ဂရိုပီက ပြောပါတယ်။

ဒါပေမဲ့ သူတို့ဟာ တတိယကြားခံအဖွဲ့တခုကနေတဆင့် တာလီဘန်တွေကို နည်းနည်းပါးပါး ဆက်သွယ်ခဲ့ကြပါတယ်။

တာလီဘန်တွေနဲ့ အနီးကပ်ဆက်သွယ်မှုရှိတဲ့ ဟာကာနီကွန်ရက်လို့ခေါ်ကြတဲ့ စစ်သွေးကြွအုပ်စုနဲ့ အာဖဂန်နစ္စတန်က အိုက်အက်စ်အဖွဲ့ကြားမှာ ခိုင်မာအားကောင်းတဲ့ ဆက်ဆံမှုတွေ ရှိကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နည်းလမ်းများ

၉/၁၁ တိုက်ခိုက်မှုလို့ လူသိများတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နယူးယောက်မြို့မှာရှိတဲ့ Twin Towers အဆောက်အအုံကြီးတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် အယ်လ်ကိုင်းဒါးအဖွဲ့ နာမည်ကျော်ခဲ့ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့ဟာ အဲဒီလို အင်မတန် သက်ရောက်မှုကြီးတဲ့ နည်းဗျူဟာတွေသုံးပြီး နေရာစုံက မွတ်ဆလင်တိုက်ခိုက်ရေးသမားတွေ အားတက်စေဖို့ ရည်ရွယ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် လူထောင်ချီသေဆုံးခဲ့တဲ့ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီ တိုက်ခိုက်မှုတွေကို အယ်လ်ကိုင်းဒါးအဖွဲ့က ကြိုးကိုင်ခဲ့

အဓိက ကတော့ ဆော်ဒီအာရေဗျနဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာတွေ နဲ့ အရှေ့အလယ်ပိုင်းကနေ အမေရိကန်တို့ကို မောင်းထုတ်ချင်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဝါဒဖြန့်ချိရေးကတော့ ဂျီဟတ် မွတ်ဆလင်ဘာသာရေးစစ်ပွဲဟာ မွတ်ဆလင်တိုင်းရဲ့ တာ၀န်ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်ကို အဓိက အခြေခံတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ ရည်မှန်းချက်တွေမှာ ဒေသခံတွေကသာ အခရာ ကျပါတယ်။

"အိုက်အက်စ်အဖွဲ့ကလည်း ဒီအချက်တွေကို လုပ်တယ်၊ ဒါပေမဲ့ သူတို့တွေဟာ ပိုပြီး အကြမ်းဖက်တဲ့ ချဥ်းကပ်မှုမျိုးနဲ့ပေါ့" လို့ ဘိုင်မန်းက ပြောပါတယ်။

"အိုင်အက်စ်တွေအတွက် အကြမ်းဖက်မှုဟာ တော်လှန်ရေးစစ်ပွဲရဲ့ တစိတ်တပိုင်းဖြစ်တယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လူအများအပြားကို ကွပ်မျက်တာ၊ လူထုရှေ့မှောက် ခေါင်းဖြတ်တာနဲ့ မုဒိမ်းကျင့်တာတွေ လုပ်ခဲ့တယ်။ ဒေသခံတွေကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး သူတို့လုပ်သမျှ နာခံအောင် လုပ်တယ်။ အယ်လ်ကိုင်းဒါးအဖွဲ့ကတော့ ပိုပြီး ပျော့ပြောင်းတဲ့ ချဥ်းကပ်မှုမျိုးကို သုံးတယ်" လို့လည်း ဆိုပါတယ်။

၂၀၁၄ နဲ့ ၂၀၁၇ ခုနှစ်မှာ အိုက်အက်စ်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားမှာ သူတို့ရဲ့ နယ်မြေတွေကို အကြီးအကျယ် ချဲ့ထွင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း ရုရှားကျောထောက်နောက်ခံ ဆီးရီးယားတပ်တွေ၊ ကာ့ဒ်လက်နက်ကိုင်တပ်တွေနဲ့ အနောက်နိုင်ငံတွေနဲ့ တိုက်ပွဲတွေမှာ အိုက်အက်စ်အဖွဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၉ မတ်လမှာ ဆီးရီးယားမှာ သူတို့ရဲ့ နောက်ဆုံးပိုင်နက်ကို ဆုံးရှုံးလိုက်ရပြီးနောက် ကာလီဖိတ်လည်း တခန်းရပ်ခဲ့ပြီလို့ အိုက်အက်စ်အဖွဲ့က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လျှို့ဝှက်ကွန်ရက်အဖြစ် လှုပ်ရှားနေပြီး ခြိမ်းခြောက်မှုလည်း ဆက်ရှိနေပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့မှာ အာဖဂန်နစ္စတန်မှာရှိတဲ့ အိုက်အက်စ်အဖွဲ့ခွဲ အိုက်အက်စ်-ကေ (IS-K) က ကာဘူးလ်လေဆိပ် အပြင်ဘက်မှာ တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၇၀ အထိ သေဆုံးခဲ့ပါတယ်။

အိုက်အက်စ်-ကေ (IS-K) အဖွဲ့ဟာ နိုင်ငံတွင်းမှာရှိတဲ့ လူနည်းစု မျိုးနွယ်ဝင်တွေကိုလည်း တိုက်ခိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အခုနှစ် သြဂုတ် ၂၆ ရက်က လူ ၁၇၀ သေဆုံးခဲ့တဲ့ ကာဘူးလ်လေဆိပ်တိုက်ခိုက်မှုကို အိုက်အက်စ်အဖွဲ့ခွဲ့ IS-K က တိုက်ခိုက်ခဲ့

တာဘီဘန်တွေကတော့ ကာဘူးလ်မြို့တော်အပါအ၀င် အဓိက မြို့ကြီးတွေနဲ့ တနိုင်ငံလုံးကို သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အာဖဂန်အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး စစ်နည်းဗျူဟာတွေကိုလည်း ထိထိရောက်ရောက် အသုံးချခဲ့ပါတယ်။

တာလီဘန်တိုက်ခိုက်ရေးသမားတွေဟာ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ကန့်သတ်တားမြစ်ချက်တွေ ချမှတ်တာ၊ အာဖဂန်စစ်သားတွေကို ကွပ်မျက်တာတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း အများအပြားလည်း ရှိပါတယ်။

"ဒါပေမဲ့ တာဘီဘန်တွေဟာ အဂတိလိုက်စားမှုအပါအ၀င် နိုင်ငံတွင်းက ပြဿနာအတော်များများကို သူတို့က ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ဆိုပြီး မဖွံ့ဖြိုးတဲ့ကျေးလက်ဒေသတွေက ဒေသခံတွေကို လက်ခံယုံကြည်အောင်လုပ်ကာ အသာစီးရယူခဲ့တယ်" လို့ ဂရိုပီက သုံးသပ်ပါတယ်။

လူသူစုဆောင်းမှု

တာလီဘန်၊ အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အကြောင်းတရားတွေကို တိုက်ပွဲဝင်ဖို့အတွက် ဒေသတွင်းက လူတွေကို လူသစ်စုဆောင်းနိုင်ခဲ့ပါတယ်။

ဂျီဟတ် မွတ်ဆလင်ဘာသာရေးစစ်ပွဲကသာ သူတို့ရဲ့ ဘာသာတရားကို ကယ်တင်နိုင်ပြီး မကောင်းမှု ဒုစရိုက်တွေကိုလည်း "သန့်စင်"ပေးနိုင်လိမ့်လို့ ကတိပေး ဆောင်ရွက်ခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၂၀၁၅ နိုဝင်ဘာ အကြမ်းဖက် တိုက်ခိုက်ခံရသူတွေအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်

ကမ္ဘာတဝန်း ရည်မှန်းချက်တွေနဲ့အတူ အယ်လ်ကိုင်းဒါးနဲ့ အိုက်အက်စ်အဖွဲ့တွေဟာ အရှေ့အလယ်ပိုင်း နယ်နိမိတ်စည်းတွေကို ကျော်လွန်ပြီး လူသစ်တွေ စုဆောင်းနိုင်ခဲ့ပါတယ်။

"အိုင်အက်စ်အဖွဲဟာ ဆီးရီးယားနဲ့ အီရတ်ထဲက သူတို့ပိုက်နက်တွေအတွက် လူသစ်စုဆောင်းဖို့ အင်တာနက်ကို ကောင်းကောင်းကြီး အသုံးချခဲ့တယ်။ ဒီကဏ္ဍမှာတော့ အိုင်အက်စ်အဖွဲ့ဟာ အအောင်မြင်ဆုံးဖြစ်တယ်" လို့လည်း မစ္စတာ ပရိုပီက ဆိုပါတယ်။

"လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အိုက်အက်စ်အဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အားရကျေနပ်စရာကောင်းတယ်" လို့လည်း ဘိုင်မန်းက သဘောတူလက်ခံပါတယ်။

" သူတို့အဖွဲ့ဟာ အနောက်နိုင်ငံတွေကသူတွေကိုတောင် ကောင်းကောင်း စည်းရုံးသိမ်းသွင်းနိုင်တယ်။ အဲဒီသူတွေဟာ အိုက်အက်စ်အဖွဲ့နဲ့ အဆက်အသွယ်လုံးဝမရှိတာ ဒါမှမဟုတ် နည်းနည်းပဲ ရှိတာ၊ ပြီးတော့ အီရတ်နဲ့ ဆီးရီးယားကို မလာနိုင်ပေမယ့်လည်း သူတို့နိုင်ငံတွင်းမှာ တိုက်ခိုက်တာတွေ စီစဥ်ခဲ့တယ်" လို့လည်း ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေထဲမှာ အထင်ရှားဆုံးဖြစ်ရပ်တခုကတော့ ၂၀၁၅ ခုနှစ်အတွင်းက ပါရီမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

စစ်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေအထိ ရောက်ခဲ့ဖူးတဲ့ အိုက်အက်စ်စစ်သွေးကြွတချို့ရဲ့ လက်ချက်နဲ့ လူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီး ဆယ်စုနှစ်တွေနဲ့ချီ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တဲ့ ပြင်သစ်နိုင်ငံတွင်း အဆိုးဝါးဆုံး ရက်စက်ကြမ်းကြုတ်မှု တခုလို့လည်း သတ်မှတ်ခဲ့ကြပါတယ်။