အာဖဂန်ကျောင်းသူတွေအတွက် တာလီဘန်ရဲ့ စည်းမျဉ်းဥပဒေသစ်

အာဖဂန်နစ္စတန်၊ အမျိုးသမီး၊ တက္ကသိုလ်၊ ပညာရေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

စနေနေ့က ကာဘူးလ်မြို့ ရှာဟီးဒ် ရက်ဘာနီ ပညာရေးတက္ကသိုလ်က တာလီဘန် ထောက်ခံတဲ့ ဆန္ဒပြပွဲမှာ ခေါင်းမြီးခြုံဝတ်စုံနဲ့ ကျောင်းသူတွေ လာရောက်ထောက်ခံခဲ့ကြ

အာဖဂန်နစ္စတန်နိုင်ငံက တက္ကသိုလ်တွေမှာ အမျိုးသားနဲ့ အမျိုးသမီး ခွဲပြီး ပညာသင်ယူကြရမှာ ဖြစပြီး သတ်မှတ်ထားတဲ့ အဝတ်အစားပုံစံသစ်ကိုပဲ ဝတ်ရမယ် လို့ တာလီဘန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသမီးတွေကို ပညာသင်ယူခွင့်ပေးမှာ ဖြစ်ပေမဲ့ အမျိုးသားတွေနဲ့ အတူ ယှဉ်တွဲပြီး သင်ယူခွင့် မပြုဘူးလို့ အဆင့်မြင့် ပညာရေးဝန်ကြီး အဗ္ဗဒူလ် ဟက်ကာနီက ပြောပါတယ်။

ဒါ့အပြင် ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးမယ့် ဘာသာရပ်တွေကိုလည်း ပြန်စိစစ် သုံးသပ်မယ်လို့ သူက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

တာလီဘန်တွေ အုပ်ချုပ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် ကာလအတွင်းတုန်းက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကျောင်းတက်ခွင့်၊ တက္ကသိုလ်တက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

အခု တာလီဘန်အစိုးရသစ်ကတော့ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ဒါမှမဟုတ် အလုပ်လုပ်ခွင့်ကို တားမြစ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံကို သူတို့ သိမ်းပိုက်ခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က စပြီး တာလီဘန်အစိုးရက လူထုကျန်းမာရေး ကဏ္ဍမှာ အလုပ်လုပ်နေသူ အမျိုးသမီးတွေက လွဲပြီး ကျန်တဲ့ အမျိုးသမီးတွေအားလုံးကို လုံခြုံရေးအခြေအနေ ပြန်ကောင်းလာတဲ့အချိန်အထိ အလုပ်မဆင်းကြဖို့ ညွှန်ကြားထားပါတယ်။

တာလီဘန်တွေက သူတို့ရဲ့ အစိုးရအဖွဲ့ အစပြုပြီဆိုတာကို ပြတဲ့အနေနဲ့ သမ္မတအိမ်တော်မှာ တာလီဘန်အလံ လွှင့်ခဲ့အပြီး တစ်ရက်အကြာ တနင်္ဂနွေနေ့မှာ အဆင့်မြင့်ပညာရေး မူဝါဒ ကြေညာချက်ကို အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်က အာဖဂန်နစ္စတန်နိုင်ငံကို ရွေးကောက်ခံ အစိုးရအဖွဲ့လက်ထဲကနေ တာလီဘန်တွေ သိမ်းပိုက်ခဲ့တာပါ။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒီပညာရေးမူဝါဒဟာ တာလီဘန်တွေ မသိမ်းပိုက်ခင် အခြေအနေတုန်းကနဲ့ အများကြီး ကွာခြားသွားပါပြီ။

အဲဒီတုန်းက ကျောင်းသူတွေကို ဘာအဝတ်အစား ဝတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ မရှိဘဲ တက္ကသိုလ်တွေမှာ ကျောင်းသား၊ ကျောင်းသူ အတူထိုင်ပြီး စာသင်ယူခွင့် ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီမူဝါဒ အပြောင်းအလဲနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီး ဟက်ကာနီက တောင်းပန်တဲ့ အမူအရာမျိုး မပြခဲ့ပါဘူး။

"ကျား မ တွဲပြီး ပညာသင်ယူတဲ့ စနစ် အဆုံးသတ်လိုက်တာနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိပါဘူး၊ အာဖဂန်ပြည်သူတွေဟာ မွတ်ဆလင်တွေ ဖြစ်တဲ့ အတွက် သူတို့ လက်ခံကြပါလိမ့်မယ်" လို့ သူကပြောပါတယ်

ဒါပေမဲ့ တက္ကသိုလ်တွေမှာ အမျိုးသမီးနဲ့ အမျိုးသား ခွဲသင်ဖို့ သီးခြား စာသင်ခန်းတွေ ထားရလောက်အောင် အရင်းအမြစ် မလုံလောက်တဲ့အတွက် ဒီမူဝါဒသစ်ဟာ အမျိုးသမီးတွေကို ပညာရေးလောကကနေ ဖယ်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မယ်လို့ တချို့က ထောက်ပြကြပါတယ်။

ဒါပေမဲ့ မစ္စတာ ဟက်ကာနီကတော့ အမျိုးသမီး ဆရာမတွေ အလုံအလောက် ရှိနေပါတယ်။ သူတို့က ဒီအလုပ်ကလွဲပြီး တခြားပြောင်းလုပ်ဖို့ လမ်းရှိမှာ မဟုတ်ပါဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။

"ဒါတွေအားလုံးက တက္ကသိုလ်ရဲ့ လုပ်နိုင်အားပေါ်မှာ မူတည်နေပါတယ်။ အမျိုးသား ဆရာတွေကို ကန့်လန့်ကာ ခြားပြီး သင်ခိုင်းတာမျိုး ဒါမှမဟုတ် နည်းပညာသုံးပြီး ပညာသင်ယူတာမျိုးတွေ လုပ်နိုင်ပါတယ်" လို့ သူက ပြောပါတယ်။

မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေမှာလည်း အာဖဂန်နစ္စတန်နိုင်ငံတဝန်း ပုံမှန် ဖြစ်နေပြီးသား ပုံစံအတိုင်း ကျောင်းသား၊ ကျောင်းသူ ခွဲပြီး ပညာသင်ယူကြရမှာပါ။

အမျိုးသမီးတွေ ခေါင်းဖုံးတဲ့ ဝတ်စုံ ဝတ်ဖို့ လိုအပ်ပေမယ့် မျက်နှာကိုရော မဖုံးမနေရ ဖုံးဖို့ လိုသလား ဆိုတာကိုတော့ မစ္စတာ ဟက်ကာနီက အတိအကျ မပြောခဲ့ပါဘူး။

တာလီဘန်အစိုးရလက်ထက်မှာ အသစ်ခန့်အပ်လိုက်တဲ့ ပညာရေးဝန်ကြီးသစ် မစ္စတာ ဟက်ကာနီက တက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ ဘာသာရပ်တွေကို ပြန်စိစစ် သုံးသပ်သွားမယ်လို့လည်း ဆိုပါတယ်။

"တဖက်မှာလည်း တခြားနိုင်ငံတွေနဲ့ အမီလိုက်စွမ်းရှိပြီး အစ္စလာမ်ဘာသာနဲ့ရော၊ နိုင်ငံနဲ့ သမိုင်းတန်ဖိုးနဲ့ပါ ကိုက်ညီတဲ့ ကျိုးကြောင်း ဆီလျော်တဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေကို ပြဌာန်းသွားဖို့ တာလီဘန်အစိုးရက စီစဉ်ထားတယ်"လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တာလီဘန်အစိုးရသစ်ရဲ့ ကျားမ ခွဲခြားတဲ့ မူဝါဒကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသူ အာဖဂန်ကျောင်းသူတွေ

ဒီထုတ်ပြန်ကြေညာချက်ဟာ ကာဘူးလ်မြို့ ရှာရှဟီးဒ် ရှက်ဘာနီ ပညာရေးတက္ကသိုလ်မှာ တာလီဘန်တွေရဲ့ ကျားမခွဲခြားတဲ့ မူဝါဒကိုထောက်ခံတဲ့ အမျိုးသမီး ဆန္ဒပြပွဲအပြီးမှာ ထွက်ပေါ်လာတာပါ။

အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ အမျိုးသမီး ရာပေါင်းများစွာထဲက အများစုဟာ ‌ခေါင်းမြီးခြုံဝတ်စုံ အမည်းကို ဝတ်ထားကြပြီး တာလီဘန်အလံငယ်တွေကို ကိုင်ထားကြပါတယ်။

အဲဒီ အမျိုးသမီးတွေဟာ တာလီဘန်အစိုးရသစ်ကို ချီးကျူးပြောဆိုပြီး နိုင်ငံတဝန်းက အမျိုးသမီးအခွင့်အရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတွေမှာ ပါဝင်တဲ့သူတွေကို ဝေဖန်ပြောဆိုထားတဲ့ မိန့်ခွန်းတွေကို လာနားထောင်ခဲ့ကြပါတယ်။

တာလီဘန်တွေ အာဏာလက်လွှတ်ခဲ့ရတဲ့ ၂၀၀၁ခုနှစ် နောက်ပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံမှာ ပညာသင်ယူသူတွေနဲ့ ပညာတတ်မှုနှုန်းအရေအတွက် ဟာ အတော်ကြီး သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ယူနက်စကို အဖွဲ့က မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတစ်ခုမှာ တာလီဘန်အစိုးရ ပြုတ်ကျခဲ့အပြီး ၁၇ နှစ်အတွင်း မူလတန်းတက်တဲ့ မိန်းကလေး အရေအတွက်က သုညနီးပါး ကနေ ၂ သန်းခွဲလောက်အထိ တက်လာတယ်လို့ ဖော်ပြထားပါတယ် ။

ဒါ့အပြင် အမျိုးသမီး စာတတ်မြောက်မှုနှုန်းကလည်း ဆယ်စုနှစ်အတွင်းမှာ ၃၀% အထိ နှစ်ဆနီးပါး တက်လာတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အခု တာလီဘန် အစိုးရသစ်က အမျိုးသမီးရေးရာ ဝန်ကြီးဌာန နေရာမှာ အကျင့်စာရိတ္တ ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ပြောင်းလဲ အစားထိုးလိုက်ပါတယ်။

လူအတော်များများ ကြောက်ကြတဲ့ ဒီဌာနဟာ အရင် တာလီဘန်အစိုးရ လက်ထက်တုန်းက ရှာရီယာဥပဒေကို လိုက်နာဖို့ လမ်းတွေပေါ်မှာ ဘာသာရေး ရဲတွေလွှတ်ပြီး စောင့်ကြည့် စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

အဲဒီဌာနဟာ အမျိုးသမီးတွေ ကာယိန္ဒြေမဲ့ ဝတ်စားတာ၊ အမျိုးသားအုပ်ထိုးသူ မပါဘဲ အပြင်ထွက်တာမျိုးလို စည်းကမ်းချိုးဖောက်တဲ့ အမျိုးသမီးတွေကို ရိုက်နှက် အပြစ်ပေးလေ့ ရှိတာမျိုးမှာ နာမည်ကြီးပါတယ်။

အထင်ကရ ကျွမ်းကျင်ပညာရှင် အာဖဂန် အမျိုးသမီးအတော်များများဟာ တာလီဘန်တွေ အာဏာ ပြန်ရလာမယ်ဆိုတာကို သိတာနဲ့ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ထွက်ပြေးကုန်ကြပါတယ်။

အာဖဂန်နစ္စတန်က နာမည်အကြီးဆုံး ပေါ့ပ် အဆိုတော် အာယာနာဆာရိ ဆိုရင် အမေရိကန် ကုန်တင်လေယာဉ်တစင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးခဲ့သလို နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ ဆာရား ကာရီမီကိုလည်း ယူကရိန်းကို ကယ်ထုတ်ခဲ့ရပါတယ်။