တယ်လီဂရမ်မှာ ပို့စ်တင်တဲ့ ကမ္ဘောဒီးယား ဆယ်ကျော်သက် အော်တစ်ဇင်ကလေး အဖမ်းခံရ

အသက် ၁၆ နှစ်အရွယ် ကက်ဆိုဗန်ချဟေး

ဓာတ်ပုံ ရင်းမြစ်, PRUM CHANTHA

ဓာတ်ပုံ ပုံစာ,

အသက် ၁၆ နှစ်အရွယ် ကက်ဆိုဗန်ချေး

အာဏာရပါတီကလူတွေကို ဝေဖန်စော်ကားမှုနဲ့ အော်တစ်ဇင်ရောဂါသည် ကမ္ဘောဒီးယား ဆယ်ကျော်သက် လူငယ်တစ်ဦး ဇွန်လတုန်းက အဖမ်းခံခဲ့ရတယ်။

အဲ့ဒီအချိန် ကတည်းက သူနဲ့ သူ့မိသားစု အဆက်အသွယ် မရတော့ပါဘူး။

အဲ့ဒီ ကလေးငယ် လွတ်မြောက်ရေးအတွက် သူတို့ တောင်းဆိုထားပြီး အဲ့ဒီကိစ္စအတွက် အရမ်းကို အံ့အားသင့် စိတ်မကောင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂက ကျွမ်းကျင်သူတွေက ပြောပါတယ်။

တကယ်တော့ အဖမ်းခံထားရတဲ့ အသက်၁၆နှစ် ကက်ဆိုဗန်ချေးရဲ့ဘဝက အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။

သူ့ဟာ အော်တစ်ဇင်ရောဂါဝေဒနာရှင်တစ်ယောက်ဖြစ်ပြီး သူ့ အသက် ၉နှစ်မရောက်ခင် အထိ စကားကောင်းကောင်း မပြောနိုင်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မြို့က သူ့တက်တဲ့ကျောင်းမှာလည်း တစ်ခြားကျောင်းသားတွေက သူ့ကို လှောင်ပြောင်ကြပြီး နေ့ခင်းထမင်းစားတဲ့ အချိန်ဆိုရင် သူတစ်ယောက်တည်း စားရတာများသလို သူ့အချိန်တွေအများစုဟာလည်း ကစားကွင်းက အမှိုက်တွေရှင်းတာနဲ့ အချိန်ဖြုန်း နေရပါတယ်။

ကျွန်မတို့နဲ့ စကားပြောတဲ့အချိန်ဆိုရင်လည်း တစ်ခွန်းနှစ်ခွန်းပဲပြောတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ သူ့အမေ ချန်သာ ပြောပါတယ်။

"ထမင်းစားချိန်ရောက်ရင် အောက်ကိုဆင်းလာတယ်။ ပြီးရင် အပေါ်ကို ပြန်တက်သွားရော" လို့ သူ့အမေက ပြောပါတယ်၊ စကားနည်းနည်းပဲပြောနိုင်ပေမဲ့ သူက နိုင်ငံရေးနဲ့ ကမ္ဘောဒီး ယား သမိုင်း ကို စိတ်ဝင်စားတဲ့သူဖြစ်ပါတယ်။ ပြီးတော့ သူ့မိသားစုရာဇဝင်ကလည်း ထူးခြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PRUM CHANTHA

ဓာတ်ပုံ ပုံစာ,

ဆိုဗန်ချေးနဲ့ သူ့အမေ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သူ့အဖေ ကက်ခွန်ပီယားဟာ တရားမဝင်အတိုက်အခံပါတီ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ (CNRP)ပါတီရဲ့ ဝါရင့် အဖွဲဝင်တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန် ထောင်ထဲမှာ ရောက်နေပါတယ်။

သူ့အဖေ ကက်ခွန်ပီယားက သူ့ကို ပါတီရဲ့ အခမ်းအနားတွေကို ခေါ်သွားလေ့ရှိပါတယ်။

ဆိုဗန်ချေးက သူ့အခန်းထဲမှာ CNRPပါတီရဲ့ အလံတွေ အလှဆင်ထားလေ့ရှိပြီး ခမာ အင်ပါယာရဲ့ သြဇာအာဏာအရှိဆုံး ဂျယာဗာမန်ရဲ့ ပုံတွေကိုလည်း အမှတ်တရ သိမ်းထားပါတယ်။

အခုတော့ သူ့အိပ်ခန်းက ညစ်ပတ်ပေရေနေတဲ့ အကျဥ်းထောင်တစ်ခုထဲမှာ ဖြစ်နေပြီး အခြားအကျဥ်းသား အယောက် ၂၀နဲ့ အခန်းကို မျှသုံးနေရပါတယ်။

သူ့မိသားစုနဲ့ သူမတွေ့ရတာ ၃လနီးပါးကြာသွားပါပြီ။ တယ်လီဂရမ်ပေါ်မှာ အငြင်းပွားစရာ မက်ဆေ့ချ်တစ်ခု သူတင်ပြီးနောက်ပိုင်း သူအဖမ်းခံခဲ့ရပါတယ်။

သူရေးတဲ့ အကြောင်းအရာက ဘာမှန်း သေသေချာမသိပေမဲ့ သူ့အမျိုးသားကို အစိုးရထောက်ခံတဲ့ အုပ်စုကလူတွေက သစ္စာဖောက်လို့ ခေါ်တာကို သူ့သားက ဒေါသထွက်ပြီး တုံ့ပြန်ခဲ့တာလို့ သူ့အမေ ချန်သာကပြောပါတယ်။

ကနေဒါမှာနေတဲ့ ကမ္ဘောဒီးယားတစ်ယောက်က အာဏာပိုင်တွေကို ကောင်လေးရဲ့ မက်ဆေ့ချ်တွေကို ပို့ခဲ့တာလို့ ကောင်လေးရဲ့ ရှေ့နေ တစ်ယောက် အပြောအရ သိရပါတယ်။

သူမက်ဆေ့ချ်ပိုစ်တစ်ခု ရေးတင်ပြီး တစ်နာရီလောက်အကြာမှာ သူနေတဲ့ အိမ်ကို AK-47 သေနတ်ကိုင်ထားတဲ့ ရဲတစ်ချို့နဲ့အတူ ဖမ်းဝရမ်းမပါဘဲ အိမ်ကိုလာဝိုင်းပါတယ်။ ပြီးတော့ ဆိုဗန်ချေးကို လက်ထိတ်ခတ်ပြီး ကားပေါ်အတင်းဆွဲတင်သွားတယ်လို့ သူ့အေမ ချန်သာက အတည်ပြုပါတယ်။

အသက်၁၆နှစ်သာရှိသေးတဲ့ ကောင်လေးကို အစိုးရခေါင်းဆောင်တွေကို စော်ကားမှုနဲ့ တရားစွဲထားပါတယ်။ အစိုးခေါင်းဆောင်တွေ အကြည်ညိုပျက်အောင် လှုံ့ဆော်မှုသာ ပြစ်မှုမြောက်တယ်ဆိုရင် ထောင်၂နှစ် ကျခံရဖို့ရှိပါတယ်။

ဆိုဗန်ချေး ပစ်မှတ်ထားခံရတာ အခုအကြိမ်က ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

ပိတ်ထားတဲ့ CNRP ဌာနချုပ်ရုံးကို ကျော်တက်ပြီး သူ့အခန်းအတွက် အဲ့ဒီက အလံတွေသွားယူမှုနဲ့ အောက်တိုဘာလတုန်းကလည်း သူ အဖမ်းခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ အဲ့ဒီတုန်းက ၂ရက်ပဲ အဖမ်းခံရပြီး လွတ်လာပေမယ့် အခုလို ကျုးလွန်တာကို အကျိုးစီးပွားပျက်စီးတာကိုဖြစ်စေတယ်လို့သူက ဝန်ခံခဲ့ပြီး တောင်းပန်ခဲ့တဲ့ အကြောင်း အစိုးရအာဘော် Fresh Newsက ဖော်ပြခဲ့ပါတယ်။

ပြီးတော့ ဧပြီလတုန်းကလည်း ဆိုင်ကယ်တိုက်တာခံရပြီး ခေါင်းကွဲသွားလို့ ဆေးရုံတက်ရတာလည်း ရှိပါတယ်။ ဆိုင်ကယ်နဲ့တိုက်တဲ့သူတွေကို ရှာမတွေ့ပေမဲ့ ကမ္ဘောဒီးယားမှာ အတိုက်အခံထောက်ခံသူတွေကို တိုက်ခိုက်တာမျိုးတွေကလည်း လတ်တလောမှာရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PRUM CHANTHA

ဓာတ်ပုံ ပုံစာ,

နိုင်ငံရေးလှုပ်ရှားမှု တွေလုပ်နေတဲ့ ချန်သာ

ကမ္ဘာ့ သက်တမ်းအရှည်ဆုံး အစိုးရခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဟွန်ဆန် ခေါင်းဆောင်တဲ့ အာဏာရပါတီကို ဖြုတ်ချဖို့ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ကျမယ့် ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ အတိုက်အခံဘက် လူ၁၅၀ကျော်ထဲမှာ သူ့အဖေလည်း ပါဝင်နေပါတယ်။

ဟွန်ဆန် အုပ်ချုပ်တဲ့ ၃၆နှစ်အတွင်းမှာ အတိုက်အခံတွေကို အာဏာသုံးဖိနှိပ်ပြီး သူ့ကိုဆန့်ကျင်တဲ့ သူအများစုကို ထောင်ထဲထည့်ခဲ့ပါတယ်။ ၂၀၁၇မှာ CNRP ပါတီ တရားမဝင်ပါတီဖြစ်သွားပြီး ကမ္ဘောဒီးယားနိုင်ငံကလည်း တစ်ပါတီစနစ် ပုံစံဖြစ်သွားပါတယ်။

သူ့မိဘတွေက အာဏာရပါတီကို ဝေဖန်နေတဲ့ အတွက် သူ့ သား ပစ်မှတ်ထားခံနေရတယ်လို့ သူ့ အမျိုးသားလို နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြတာတွေလုပ်နေတဲ့ ချန်သာက ယုံကြည်ထားပါတယ်။

အခုဆို ကျွန်မမှာ မိသားစုအတွက် ငွေရှာပေးတဲ့သူတွေနဲ့ ကျွန်မကလေး မရှိတော့ဘူး။ ကျွန်မစိတ်ဓာတ်ကို ပျက်ပြားအောင်လုပ်ပြီး အခြားသူတွေကိုလည်း အဲ့ဒါကိုပြချင်တာ။ သူတို့ကို ဘယ်သူမှလာထိလို့မရဘူး၊ သူတို့ကိုလာထိတဲ့သူ ကျွန်မလိုပဲ ဖြစ်သွားမယ်ဆိုတာမျိုးကို ဖြစ်အောင်လုပ်နေတာလို့ သူ ကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကို ဘီဘီစီကမေးကြည့်တော့ ဘာမှပြန်မပြောပါဘူး။

ဒါပေမဲ့ ဇွန်လတုန်းက ဖနွမ်းပင်မြူနီစပယ်ရဲအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆန်ဆိုခ်ဆေးယာက ဒီမိုကေရေစီအသံ သတင်းဌာနကို ဒီကောင်လေးကို ဖမ်းတာ ဥပဒေနဲ့ ညီတယ်လို့ ပြောပါတယ်။

"သူများကို စော်ကားတာတွေ၊ လှုံ့ဆော်တာတွေမလုပ်ဘူးဆိုရင် သူ့ကိုဘယ်သူမှ ဖမ်းလို့မရဘူး။ လုပ်တဲ့သူတွေအားလုံးကတော့ အဖမ်းခံရမှာပဲလေ။ "

ဒါပေမဲ့ ဆိုဗန်ချေးရဲ့ အမှုကိုကြည့်ရင် အတိုက်အခံတွေနဲ့ သူတို့ကိုထောက်ခံတဲ့သူတွေ၊ဆွေမျိုးတွေကို အမဲလိုက်သလို လိုက်နေပြီး တိုက်ခိုက်နေတာတွေ့ရတယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေးစင်တာရဲ့ အမှုဆောင်ဒါရိုက်တာ ချက်ဆိုဟိပ်က အခုလိုပြောပါတယ်။

"မသန်စွမ်းကလေးတွေကိုတောင် သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို လျစ်လျုရှုပြီး ထောင်ထဲ ထည့်နေတယ်ဆိုရင် အစိုးရမှာ အတိုက်အခံတွေကို ဘယ်လောက် ဖိအားပေး ထိန်းချုပ်ချင်နေတဲ့စိတ် ရှိတယ်ဆိုတာ ဒီကိစ္စကိုကြည့်ရင် သိနိုင်ပါတယ်။

ဆိုဗန်ချေးကိစ္စဟာ ဟွန်ဆန်နဲ့ သူ့ အာဏာရပါတီက ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတယ်ဆိုတာ ပြနေတယ်လို့ အမေရိကန်မှာ ပြည်ပြေးဖြစ်နေတဲ့ CNRPပါတီ ဒုဥက္ကဋ္ဌ မူဆိုချုဟာ ကလည်း ထောက်ပြ ပါတယ်။

"အာဏာရှင်တွေအားလုံးမှာ ရှိတဲ့ ပြဿနာတစ်ခုလိုပဲ၊ သူတို့မှာလည်း ကိုယ့်ကိုယ်ကိုယ် မလုံခြုံမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ ရှိနေပြီလို့ ထင်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, AFP VIA GETTY IMAGES

ဓာတ်ပုံ ပုံစာ,

ကမ္ဘာ့ သက်တမ်းအရှည်ဆုံး အစိုးရခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဟွန်ဆန်

ဆိုဗန်ချေး ရဲ့ ရှေ့နေ ဆမ်ဆိုကွန်တစ်ယောက်တည်းသာ ထောင်ထဲမှာ အဖမ်းခံရတဲ့ ဆိုဗန်ချေးနဲ့ တွေ့ခွင့်ရပါတယ်။

ကောင်လေးမှာ အော်တစ်ဇင်ရောဂါရှိနေတယ်လို့ တရားရုံးကို တင်သွင်းဖို့ သူကြိုးစားပေမယ့် နောက်ကျတယ်ဆိုပြီးပယ်ချခံခဲ့ရပါတယ်။ ဒီကိစ္စကို အမှုမစစ်ခင် တရားသူကြီးသိအောင်တော့ သူကြိုးစားထားပါတယ်။

ဆိုဗန်ချေးရဲ့အမှုကို တရားရုံးမှာ စက်တင်ဘာ၂၉ရက်နေ့ စစစ်ဖို့ရှိပါတယ်။

အစိုးရကိုဝေဖန်မှုတွေကြောင့် ကမ္ဘောဒီးယားက တောက်လျှောက် ပစ်မှတ်ထားတိုက်ခိုက်ခံနေရသူ ရာနဲ့ချီသူတွေထဲမှာကမ္ဘောဒီးယား ဆယ်ကျော်သက် အော်တစ်ဇင်ကလေးရဲ့အမေ ချန်သာလည်း တစ်ဦးအပါဝင်ဖြစ်ပါတယ်။

CNRPပါတီကို ထောက်ခံသူ တက်ကြွလှုပ်ရှားသူ ပိုင်ရန်ရဲ့ သမီး အသက်၂၁နှစ် လူဆာနီဟာ ဖမ်းထားတဲ့ အတိုက်အခံတွေ လွတ်မြောက်ရေးတောင်းဆိုတဲ့ ဒီဇင်ဘာလက ချီတက်ဆန္ဒပြပွဲပါဝင်ခဲ့လို့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသူဖြစ်ပါတယ်။

ဆာနီက ဆိုဗန်ချေးကို သိပြီး သူဟာ နူးညံ့သိမ်မွေ့ပြီး အလုပ်ကို အာရုံစူးစူးစိုက်စိုက်လုပ်တတ်တဲ့ ကလေးလို့ ပြောပါတယ်။

"သူက သူ့ လုပ်ဖော်ကိုင်ဖက်တွေကို ချစ်တတ်တယ်။ သီချင်းဟောင်းတွေကိုလည်း ကြိုက်တယ်။ ပျော်စရာကောင်းတာတွေကိုပဲ သဘောကျတတ်တဲ့ ကလေးတွေနဲ့ သူက မတူဘူး။"

အခုလိုမျိုး တယ်လီဂရမ်မှာ ပို့စ်တင်တဲ့ ကမ္ဘောဒီးယား ဆယ်ကျော်သက် အော်တစ်ဇင်ကလေး အဖမ်းခံရတဲ့ကိစ္စဟာ နိုင်ငံတော်တော်များများမှာ တွေ့ရမှာမဟုတ်ဘူး။ ဒါကြောင့် တစ်ချို့လူတွေက လန့်ပြီး စိုးရိမ်နေကြတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ မကြောက်ကြပါဘူး။ ဒီကိစ္စကြောင့် လူတွေကပိုပြီး တွန်းလှန်တိုက်ခိုက်ချင်စိတ် ကိုတောင်ဖြစ်လာစေပါတယ် လို့သူက ပြောပါတယ်။