နိုင်ငံခြားမှာ ကျောက်မီးသွေးသုံးစွမ်းအင်စက်ရုံ အသစ်တွေ မလုပ်တော့ဘူးလို့ တရုတ် ကတိပေး

ရှီကျင့်ဖျင်က သူ့မိန့်ခွန်းဗီဒီယိုဖိုင်ကို ကုလသမဂ္ဂညီလာခံကို ပေးပို့ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရှီကျင့်ဖျင်က သူ့မိန့်ခွန်းဗီဒီယိုဖိုင်ကို ကုလသမဂ္ဂညီလာခံကို ပေးပို့ခဲ့

တရုတ်နိုင်ငံဟာ နိုင်ငံရပ်ခြားမှာ ကျောက်မီးသွေး လောင်စာသုံး စွမ်းအင်ထုတ်စက်ရုံအသစ်တွေ တည်ဆောက်တော့မှာ မဟုတ်ပါဘူး၊ ဒါဟာ ကမ္ဘာ့ကာဗွန်ထုတ်လွှင့်မှုအရေးကို ဖြေရှင်းကြတဲ့ နေရာမှာ အရေးကြီးတဲ့ အရွေ့တခုလို့ ဆိုနိုင်ပါတယ်။

သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂအထွေထွေညီလာခံကိုပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ အဲဒီအချက်ကို ထည့်သွင်းကြေညာခဲ့ပါတယ်။

ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်း (Belt and Road Initiative - BRI)လို့ အသိများပြီး အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး စီမံချက်တွေ အများအပြားပါဝင်တဲ့ စီမံကိန်းကြီး ရဲ့အောက်မှာ အင်ဒိုနီးရှားလို၊ ဗီယက်နမ်လို နိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားမှာ ကျောက်မီးသွေးလောင်စာသုံး စွမ်းအင်ထုတ်စက်ရုံ စီမံချက်တွေကို တရုတ်က ရန်ပုံငွေ ထုတ်ပေးနေတာပါ။

ဒါပေမဲ့ ကမ္ဘာက ပဲရစ်ရာသီဥတုသဘောတူညီချက်မှာ ပါဝင်တဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းလာကြတာနဲ့အတူ ကျောက်မီးသွေးသုံးစက်ရုံတွေကို အားမပေးဖို့ အတွက် တရုတ်ဟာ အရင်ထက်ပိုများလာတဲ့ ဖိအားအောက်မှာရောက်လာနေပါတယ်။

"တရုတ်အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီထောက်ပံ့ရေးမှာ သန့်ရှင်းတဲ့၊ ကာဗွန် အထွက်နည်းတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေကို တိုးမြှင့်အားပေးသွားမှာဖြစ်ပြီး နိုင်ငံရပ်ခြားမှာ ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်စက်ရုံသစ်တွေ တည်ဆောက်တော့မှာ မဟုတ်ဘူး"လို့ သမ္မတ ရှီကျင့်ဖျင်က ကုလသမဂ္ဂညီလာခံ အစည်းအဝေးကို ပေးပို့တဲ့ ဗီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။

မိန့်ခွန်းထဲမှာ ထပ်အသေးစိတ်ပြီး ပြောမသွားပါဘူး၊ ဒါပေမယ့် တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်း (BRI) အောက်က ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကျောက်မီးသွေး လောင်စာသုံး စွမ်းအင်စက်ရုံတွေတိုးချဲ့မှုကို ကန့်သတ်သွားမယ့်ပုံပါ။

BRI မှာ တရုတ်က ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေ၊ ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်စက်ရုံတွေအတွက် နိုင်ငံအများအပြားမှာ ရန်ပုံငွေချပေးနေခဲ့ပြီး၊ အဲဒီနိုင်ငံတွေ ထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတော်များများပါဝင်ပါတယ်။ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်ဟာ ၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်းမှာ ကျောက်မီးသွေး စီမံချက်တွေကို ရန်ပုံငွေ မပေးခဲ့ပါဘူး။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တရုတ်ဟာ တစ်ဖက်မှာလည်း ကမ္ဘာမှာ ဖန်လုံအိမ်ဓာတ်ငွေ့အထုတ်လွှင့်ဆုံး နိုင်ငံဖြစ်ပြီး သူ့ ပြည်တွင်း စွမ်းအင်လိုအပ်ချက်အတွက် ကျောက်မီးသွေးကို အကြီးအကျယ် အားထား နေရ ပါတယ်။

တရုတ်ဟာ ၂၀၃၀ ခုနှစ်နောက်ပိုင်းမှာ ကာဗွန်ထုတ်လွှင့်မှုတွေကို လျှော့ချသွားမှာဖြစ်ပြီး ၂၀၆၀ ကျရင် ကာဗွန်ထုတ်လွှင့်မှုနဲ့ ကာဗွန်စုပ်ယူမှု ညီမျှတဲ့အခြေအနေ (carbon neutrality) ရသွားအောင် လုပ်မယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းက သူကတိပြုထားတဲ့အချက်ကို မစ္စတာရှီက အခု မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

ရာသီဥတုဆိုင်ရာ အမေရိကန်ရဲ့ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီက ဒီကြေညာချက်ကို ကြိုဆိုလိုက်ပြီး သူ့အနေနဲ့ "သမ္မတရှီက အရေးကြီးတဲ့ ဒီဆုံးဖြတ်ချက် ချလိုက်တာကို ကြားလိုက်ရတဲ့အတွက် သိပ်ဝမ်းမြောက်မိတယ်"လို့ ပြောပါတယ်။

နောက်လအတွင်း စကော့တလန်မှာ ကျင်းပဖို့ရှိနေတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲရေး ဆိုင်ရာ ညီလာခံ (COP26) ရဲ့ အကြီးအကဲ ကလည်း ဒီသတင်းကို အားပေးထောက်ခံ ခဲ့ပါတယ်။

မစ္စတာ အလွတ်ခ် ရှားမားက တွစ်တာက တဆင့် သတင်းပါးရာမှာ "ကျောက်မီးသွေးလောင်စာ သုံးစွမ်းအင်တွေကို ပိုင်းခြားကာရံလိုက်တဲ့ တံတိုင်းမှာ ကမ္ဗည်းထိုးလိုက်တာပါ၊ နိုင်ငံရပ်ခြားမှာ ကျောက်မီးသွေး စီမံချက်သစ်တွေ ရပ်တန့်မယ်ဆိုတဲ့ သမ္မတရှီရဲ့ ပိုင်းဖြတ်လုပ်ဆောင်မှုကို ကျွန်တော် ကြိုဆိုပါတယ်၊ ဒီကျောက်မီးသွေးအရေးဟာ တရုတ်ကို ကျွန်တော်ခရီးသွားစဉ် ဆွေးနွေးခဲ့တဲ့အရေးတွေထဲက အဓိကအရေးတခုပါ" လို့ ရေးပါတယ်။

ရှန်ဟိုင်းက ဘီဘီစီ သတင်းထောက် ရော်ဘင် ဘရန့်ကတော့ ဒီကြေညာချက်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း သုံးသပ်ပါတယ်။

တရုတ်ကနေ အခုလိုကြေညာချက်ထွက်လာဖို့ အများက ပိုပိုပြီး မျှော်လင့်ခဲ့ကြတာပါ။

ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်းမှာ ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်စက်ရုံတွေ အတွက် တရုတ်က ရန်ပုံငွေတွေပေးနေတာ ဆယ်စုနှစ်တစုနီးပါးလောက် ရှိနေခဲ့ပါပြီ။

ဒါပေမဲ့ ဒီ ကျောက်မီးသွေး စွမ်းအင်စီမံကိန်းတွေကို အခုတလောမှာ သူတို့ သိသိသာသာ လျှော့ချလာခဲ့ပါတယ်။

ဒီကြေညာချက်က ဘယ်တော့ အသက်ဝင်မှာလဲ ဆိုတဲ့ အသေးစိတ်က မပါတော့ ဒီအပေါ်မှာ မေးခွန်း ထုတ်စရာက ရှိနေပါတယ်၊ နောက်ပြီး အတည်ပြုထားပြီး မတည်ဆောက်ရသေးတဲ့ ကျောက်မီးသွေးစက်ရုံ စီမံချက်တွေကော ဆက်မလုပ်မယ့်အထဲ အကျုံးဝင်မှာလား၊ နိုင်ငံခြားမှာ အဲဒီနိုင်ငံတွေက တည်ဆောက်မယ့် ကျောက်မီးသွေးသုံး စွမ်းအင်ထုတ် စက်ရုံ အသစ်တွေကို တရုတ်က ရန်ပုံငွေ မပေးတော့ဘူးလား၊ စတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

အခုခြေလှမ်းက တိုးတက်မှုတခုပါ၊ ဒါပေမယ့် တရုတ်မှာ စွမ်းအင်အတွက် ကျောက်မီးသွေးက အလွယ်တကူရတဲ့ ရင်းမြစ်ပါ။

ကမ္ဘာမှာ ကျောက်မီးသွေးကိုလောင်စာအဖြစ်သုံးတာရဲ့ တဝက်က တရုတ်မှာပါ။ နှစ်ပေါင်း ၄၀၊ ၅၀ သက်တမ်းရှည်ဦးမယ့် ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်စက်ရုံသစ်တွေ အတော်များများ တရုတ်မှာ ထပ်တိုးပြီး တည်ဆောက်နေဆဲပါ။

မေးခွန်းကြီးတခုက အခုထိ အဖြေမရဘဲရှိနေပါသေးတယ်၊ တရုတ်ဟာ သူ့နိုင်ငံ နယ်နမိတ် အတွင်းမှာ ကျောက်မီးသွေးလောင်စာသုံး စွမ်းအင်ထုတ်စက်ရုံ အရေအတွက် အတော် များများကို လျှော့ချဖို့ နဲ ဒီလို စွမ်းအင်ထုတ်လုပ်တဲ့ နည်းကို မှီခို အားထားမှု လျှော့ချဖို့တွေကို ဘယ်တော့ စလုပ်မှာလဲ ဆိုတာပါပဲ။