ကိုဗစ် သောက်ဆေး - ပထမဆုံး ကိုဗစ်ကု သောက်ဆေးကို ယူကေခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, MERCK
Molnupiravir ဟာ စမ်းသပ်မှုတွေအပြီးမှာ ကိုဗစ်ကုတဲ့ ပထမဆုံး သောက်ဆေးဖြစ်လာခဲ့
ကိုဗစ် ရောဂါလက္ခဏာတွေကို ကုသဖို့အတွက် သောက်ဆေး တမျိုးကို ယူကေက ဆေးဘက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ သောက်ဆေးကို Molnupiravir မိုလ်နျူပီးရဗီးယားခေါ်ပြီး ရောဂါဖြစ်ပွားနေသူတွေကို တနေ့ ၂ ကြိမ် တိုက်ရမှာ ဖြစ်ပါတယ်။ အဲဒီဆေးကို တုပ်ကွေးရောဂါ ကုသဖို့အတွက် ဖော်စပ်ခဲ့ကြတာဖြစ်ပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ကြရာမှာတော့ ဆေးရုံတက်ကုသမှု ခံရယူတဲ့ နှုန်းနဲ့ အသေအပျောက်နှုန်းကို ထက်ဝက်လျှော့ချပစ်နိုင်ခဲ့ပါတယ်။
ယူကေရဲ့ ကျန်းမာရေး ဝန်ကြီး ဆာဂျစ် ဂျာဗစ်က ဒီဆေးကြောင့် ကိုယ်ခံအားချိုးနှိမ်ခံထားရတဲ့ ဝေဒနာသည်တွေနဲ့ အားနည်းလွန်းသူတွေအတွက် များစွာ အကျိုးဖြစ်စေမယ်လို့ ပြောပါတယ်။
သူရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီနေ့ဟာ ယူကေအတွက် သမိုင်းတွင်မယ့် နေ့ဖြစ်ပါတယ်။ ယူကေဟာ ကိုဗစ်ကို အိမ်တွင်းမှာပဲ ကုသနိုင်မယ့် ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ သောက်ဆုံးကို ခွင့်ပြုတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီလို့ ဆိုထားပါတယ်။
ပထမဆုံး သောက်ဆေး
မိုလ်နျူပီးရဗီးယား ဆေးကို အမေရိကန် ဆေးကုမ္ပဏီ Merck, Sharp and Dohme (MSD) နဲ့ Ridgeback Biotherapeutics ဆေးကုမ္ပဏီတွေက ဖော်စပ်ခဲ့တာ ဖြစ်ပြီး ကိုဗစ်ကုသရေးမှာ ထိုးဆေးနဲ့ အကြောထဲသွင်းတဲ့ဆေးမျိုး မဟုတ်တဲ့ ပထမဆုံး သောက်ဆေး အမျိုးအစား ဖြစ်ပါတယ်။
အဲဒီဆေးက ဗိုင်းရပ်စ်တွေ မျိုးပွားရာမှာ သုံးတဲ့ အန်ဇိုင်းတွေကို ပစ်မှတ်ထားတာဖြစ်ပြီး မျိုးဗီဇကို လွဲချော်သွားအောင် ဖန်တီးပစ်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ်စ်ဟာ မျိုးမပွားနိုင်တော့ဘဲ ခန္ဓာကိုယ်အတွင်းက ဗိုင်းရပ်စ် ပမာဏကိုလည်း မတက်လာအောင် ထိန်းထားနိုင်ပြီး ရောဂါ ပြင်းထန်မှုကိုပါ လျှော့ချပစ်လိုက်တာ ဖြစ်ပါတယ်။
Merck ကတော့ ဒီဆေးနဲ့ နောက်ပေါ်လာနိုင်မယ့် မျိုးကွဲပိုးသစ်တွေကိုပါ ထိထိရောက်ရောက် ကုသမှုပေးနိုင်မယ်လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ယူကေက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ MHRA ကတော့ ဒီသောက်ဆေးကို ကိုဗစ် ခပ်ပျော့ပျော့ဖြစ်နေတဲ့ လူတွေ သောက်သုံးနိုင်ဖို့ အတွက်ပါ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်သူ၊ အသက်အရွယ်ကြီးရင့်သူ၊ ဆီးချိုနဲ့ နှလုံးရောဂါ ရှိသူတွေမှာ ရောဂါပိုဆိုးမလာအောင် အထောက်အကူ ဖြစ်စေပါတယ်။
အဲဒီအဖွဲ့ရဲ့ အကြီးအကဲ June Raine ကတော့ ကိုဗစ် ၁၉ ကုသရေးမှာ နောက်ထပ် ကုထုံးသစ် တခု တိုးလာပြီလို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး သွေးကြောထဲ သွင်းစရာမလိုဘဲ ပါးစပ်နဲ့ သောက်လို့ရတဲ့ ဗိုင်းရပ်စ် တိုက်ဖျက်တဲ့ ဆေးဖြစ်တယ်၊ ကိုဗစ် ၁၉ ကို ပိုဆိုးမလာစေဖို့ ဆေးရုံပြင်ပမှာပဲ ကုသပေးလို့ ရနိုင်မယ် အတွက်ကြောင့် ဒါက အရေးကြီးပါတယ်လို့ ပြောပါတယ်။
ယူကေက ကနဦးအဆင့်အဖြစ် မိုလ်နျူပီးရဗီးယား ဆေးပတ်အကြိမ် ၄၈၀,၀၀၀ စာ မှာထားပြီး ဒီနှစ်ကုန်ပိုင်းမှာ ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီဆေးတွေအပြင် တခြား အမေရိကန် ဆေးကုမ္ပဏီတခုဖြစ်တဲ့ ဖိုင်ဇာက စမ်းသပ်ဖော်စပ်နေတဲ့ အလားတူ ဆေးပတ် ၂၅၀,၀၀၀ ကိုလည်း မှာယူထားပါတယ်။
အင်္ဂလန်ရဲ့ ဆေးဘက်ဆိုင်ရာ လက်ထောက် အကြီးအကဲ ဖြစ်တဲ့ ပါမောက္ခ Jonathan Van-Tam က ဗုဒ္ဓဟူးနေ့ကပဲ ကပ်ရောဂါ ကာလရဲ့ ကြမ်းတမ်းတဲ့ လတချို့ကို ဖြတ်သန်းရဖွယ် ရှိတယ်လို့ သတိပေးထားပါသေးတယ်။
သူက ကိုဗစ် ကူးစက်မှုတွေ တည်ငြိမ်လာတယ်လို့ ဆိုနိုင်ပေမယ့် သေဆုံးမှုနှုန်း တက်လာနေတယ်၊ သက်ကြီးရွယ်အိုတွေမှာ ကူးစက်မှုတွေ ရှိလာနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ယူကေမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ်ကူးစက်မှု ၄၁,၂၂၉ ယောက် ရှိခဲ့ပြီး ကူးစက်ခံရတာ တွေ့ရှိခဲ့ပြီးနောက် ၂၈ ရက်အတွင်းမှာ သေဆုံးသူပေါင်း ၂၁၇ ယောက် ရှိခဲ့ပါတယ်။
ဆေးစမ်းသပ်မှုများ
မိုလ်နျူပီးရဗီးယား ဆေးကို ကိုဗစ် လူနာ ၇၇၅ ယောက်မှာ စမ်းသပ်ခဲ့ကြပါတယ်။
- ဆေးသောက်သူ ၇.၃ ရာခိုင်နှုန်း ဆေးရုံတက်ရ
- အဲဒီဆေးမသောက်သူတွေမှာတော့ ၁၄.၁ ရာခိုင်နှုန်း ဆေးရုံတက်ကုသရ
- မိုလ်နျူပီးရဗီးယားဆေးပေးခဲ့တဲ့ အဖွဲ့မှာ သေဆုံးမှု မရှိ၊ ဒီဆေးမသောက်သူ လူ ၈ ယောက် နောက်ပိုင်းမှာ ကိုဗစ် ကြောင့် သေဆုံး
ဒီအချက်အလက်တွေကို ထုတ်ပြန်ထားပေမယ့် တခြား အဖွဲ့အစည်းတွေရဲ့ သုံးသပ်လေ့လာမှု တော့မရှိသေးပါဘူး။
စမ်းသပ်မှုတွေအရ ဒီဆေးကို ရောဂါလက္ခဏာ စပြပြီဆိုတာနဲ့ တန်းသောက်နိင်မှ အာနိသင် ရှိမှာ ဖြစ်ပါတယ်။ အစောပိုင်းက ကိုဗစ်ပြင်းထန်လို့ ဆေးရုံတင်ထားရတဲ့ လူနာတွေမှာ စမ်းသပ်ခဲ့ရာမှာတော့ ရလဒ်တွေက အားရစရာ မရှိတဲ့ အတွက် စမ်းသပ်မှုတွေကို ရပ်ပစ်ခဲ့ရပါတယ်။
MHRA ကတော့ ဒီဆေးကို ကိုဗစ်ပိုးတွေ့ပြီး ချက်ခြင်း ဒါမှမဟုတ် ၅ ရက်အတွင်းမှာ သောက်မှ ထိရောက်မှု ရှိမယ်လို့ ဆိုပါတယ်။ ယူကေအစိုးရက ကနဦးအဆင့်ဝယ်ယူထားတဲ့ ဆေး ၄၈၀,၀၀၀ အတွက် ဘယ်လောက် ပေးရတယ်ဆိုတာကို မကြေညာထားပါဘူး။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ အာဏာပိုင်တွေက ဒီဆေး ဆေးပတ် ၁.၇ သန်းကို ဝယ်ယူခဲ့ရမှာ ဒေါ်လာ ၁. ၂ ဘီလျံ ပေးရပါတယ်။ တနည်းအားဖြင့် လူနာတယောက်အတွက် ဒေါ်လာ ၇၀၀ နှုန်း လောက် ကျမှာဖြစ်ပါတယ်။
Merck ဟာ ကိုဗစ်ကု သောက်ဆေးကို စမ်းသပ်မှု ရလဒ်တွေကို ပထမဆုံး ကြေညာနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို သောက်ဆေးမျိုးကို စမ်းသပ်နေကြတဲ့ တခြား ကုမ္ပဏီတွေလည်း ရှိကြပါတယ်။
Merck အမေရိကန် ပြိုင်ဘက် Pfizer ကုမ္ပဏီကလည်း ဗိုင်းရပ်စ် တိုက်ဖျက်ရေး သောက်ဆေး ၂ မျိုးကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီး ဆွဇ် ကုမ္ပဏီ Roche ကလည်း အလားတူ သောက်ဆေးကို စမ်းသပ်ဖော်စပ်နေပါတယ်။