ဘေဂျင်းအိုလံပစ်ကို အမေရိကန် သပိတ်မှောက်တာကို တရုတ်ရှုတ်ချ

ဘေဂျင်း ဆောင်းရာသီအိုလံပစ်ကို သံတမန် သပိတ်မှောက်မယ်လို့ တနင်္လာနေ့ က အမေရိကန်က ထုတ်ပြန်
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပမယ့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အမေရိကန် သံတမန်တွေ မတက်ရောက်ဘဲ သပိတ်မှောက်မယ်ဆိုတဲ့ အစီအစဥ်ကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်ကလည်း တုံ့ပြန်မှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ပြောပါတယ်။ ဘယ်လို တုံ့ပြန်မှုတွေဆိုတာကိုတော့ သူက အသေးစိတ် ဆက်မပြောပါဘူး။
တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေမှာ စိုးရိမ်မှုတွေရှိနေတဲ့ အတွက် သူတို့ သံတမန်တွေကို ဘေဂျင်းအိုလံပစ်ပွဲကို မစေလွှတ်တော့ဘူးလို့ အမေရိကန်ဘက်က ဒီသီတင်းပတ်အစောပိုင်းမှာ ပြောခဲ့တာပါ။
ဒါပေမယ့် အမေရိကန် အားကစားသမားတွေကိုတော့ အမေရိကန်အစိုးရရဲ့ အထောက်အပံ့ အပြည့်အဝပေးပြီး သွားခွင့်ပြုမယ်လို့ဆိုပါတယ်။
အမေရိကန်အစိုးရဟာ အလိမ်အညာတွေနဲ့ကောလာဟလတွေ အခြေခံ သပိတ်မှောက်ပြီး အားကစားမှာ နိုင်ငံရေးမပါရဘူးဆိုတဲ့ မူကိုချိုးဖောက်တာလို့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာကျောက်လီကျန်းက ပြောခဲ့တာပါ။
နှစ်နိုင်ငံကြားက ဆက်ဆံရေးတွေကလည်း တင်းမာနေပါတယ်။ တရုတ်ပြည် အနောက်ပိုင်း ရှန်ကျင်းပြည်နယ်က လူနည်းစု မွတ်ဆလင်တွေကို ဖိနှိပ်မှုတွေလုပ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန်က စွပ်စွဲနေတာကို တရုတ်အစိုးရဘက်ကတော့ အပြင်းအထန် ငြင်းဆိုထား ပါတယ်။
ဟောင်ကောင်ရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို တရုတ်အစိုးရက ဖိနှိပ်ထိန်းချုပ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း နှစ်နိုင်ငံဆက်ဆံရေးက တင်းမာနေတာပါ။
ပြီးတော့ တရုတ်အစိုးရထိပ်တန်းအရာရှိကြီးတစ်ယောက်က သူ့ကိုလိင်အနိုင်ကျင့်တယ်လို့ စွပ်စွဲထားတဲ့ လူမြင်ကွင်းကနေ သီတင်းပတ်တွေချီပျောက်နေတဲ့ တရုတ်တင်းနစ်မယ် ပန်ရွှေကိစ္စနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။
ပန်ရွှေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်မှာလုပ်မယ့်ပြိုင်ပွဲတွေ အားလုံးကိုရပ်ဆိုင်းထားမယ်လို့ နိုင်ငံတကာ အမျိုးသမီး တင်းနစ်အဖွဲ့ WTAက ပြီးခဲ့တဲ့တစ်ပတ် က ထုတ်ပြန်ထားပါတယ်။
အိုလံပစ်ပွဲတွေနဲ့နိုင်ငံရေး
ပုံမှန်အားဖြင့်ဆိုရင် အမေရိကန်နဲ့ အခြားနိုင်ငံတွေက အဆင့်မြင့် အစိုးရကိုယ်စားလှယ်တွေက အိုလံပစ်ပွဲတွေကို တက်ရောက်လေ့ရှိပါတယ်။
ဒီနှစ်အစောပိုင်းမှာကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ပွဲကိုလည်း အမေရိကန်အဖွဲ့ကို သမ္မတကတော် ဂျီလ်ဘိုင်ဒန် ဦးဆောင်ပြီး တက်ရောက်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဒါပေမယ့် ဒီတစ်ခေါက် တရုတ်ပြည်မှာကျင်းပမယ့် အိုလံပစ်အခမ်းအနားကို တော့ အမေရိကန် ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင် တက်ရောက်တော့မှာ မဟုတ်ဘူးလို အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ပါစကီက တနင်္လာနေ့က ထုတ်ပြန်ပြောကြားပါတယ်။
"ရှန်ကျင်းမှာလုပ်တဲ့ ရက်စက်မှုတွေ၊ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘေးဖယ်ထားပြီး အရင်တုန်းကပွဲတွေလိုပဲ ကျွန်မတို့ရဲ့ အမေရိကန်အစိုးရ သံတမန်တွေနဲ့ တရားဝင်ကိုယ်စားလှယ်တွေက ဒီပွဲကို တက်လို့မဖြစ်ပါဘူး" လို့ သူက ပြောခဲ့ပါတယ်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေကြတဲ့ အားကစားသမားတွေကိုတော့ ပြိုင်ပွဲမဝင်ဖို့ မတားဆီးသင့်ဘူးလို့ သူခံစားမိတဲ့အကြောင်း မစ္စပါစကီက ထပ်ဖြည့်ပြောပါတယ်။
တရုတ်ဆောင်းရာသီအိုလံပစ်ကို အမေရိကန် သံတမန်တွေက သပိတ်မှောက်ဆိုတဲ့ အကြောင်းကို တရုတ်လူမှုကွန်ရက်ပေါ် ဝေဘိုမှာ အင်္ဂါနေ့မနက်ပိုင်း က ရှာကြည့်တော့လည်း ဆင်ဆာဖြတ်ထားတာကို တွေ့ရပါတယ်။
တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းစ် မီဒီယာက ကြေညာချက်ထုတ်ထားတဲ့ ပို့စ်တစ်ခု အောက်မှာဆိုရင် ကွန်မန့်တွေအများကြီးကို ဖြုတ်ချထားသလို ကွန်မန့် ၁၅၀၀ နီးပါးထဲ ရှစ်ခုလောက်ကိုပဲ ချန်ထားတာကို တွေ့ရပါတယ်။
သူတို့ချန်ထားတဲ့ ကွန်မန့်တစ်ခုမှာ "အိုလံပစ်ပွဲ ဆိုတာ အားကစားသမားတွေ အတွက်လေ၊ နိုင်ငံရေးသမားတွေက လာပြီးဘာလုပ်ကြမှာလဲ။ သပိတ်မှောက်လိုက်တယ်ဆိုရင်လည်း ခင်ဗျားတို့အားကစားသမားတွေအပါအဝင် ခင်ဗျားတို့ နိုင်ငံကလူတွေပဲ ထိခိုက်မှာ"လို့ ရေးထားတာကို တွေ့ ရ ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနား
ရှန်ဟိုင်းအခြေစိုက် ဘီဘီစီ သတင်းထောက် ရိုဘင်ဘရန့်ရဲ့ သုံးသပ်ချက်
ဒီကိစ္စမျိုးမဖြစ်ရင်လည်း အဲဒီလိုဖိတ်ဖို့ အစီစဉ်မရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပဲ တရုတ်ဘက်က လက်ဦးမှုရယူ ထုတ်ပြန်ထားပါတယ်။
ကိုဗစ် တားမြစ်ချက် စည်းမျဉ်းတွေအရ တရုတ်အစိုးရနဲ့ နိုင်ငံတာကာအိုလံပစ်ကော်မတီက ပြိုင်ပွဲနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အစိုးရအရာရှိကြီးကို ဖိတ်ဖို့ အစီအစဥ်မရှိဘူးလို့ တရုတ်အစိုးရ အာဏာပိုင်တွေက ပြောနေပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ အခုဖြစ်နေတဲ့ပုံစံကို ကြည့်လိုက်ရင် နှစ်ဖက်စလုံးမှာ စစ်အေးကာလတုန်းက သဘောထားရှိနေတယ်ဆိုတာ သုံးသပ်ရပါတယ်။
ဒါပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှု ဂျီနိုဆိုက်တွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့ အစိုးရတစ်ခုက အိမ်ရှင်လုပ်တဲ့ ပြိုင်ပွဲတစ်ပွဲကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဝါရင့်နိုင်ငံရေးသမားတွေက တက်ပြီးအားပေးဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။
ဒီလိုဆုံးဖြတ်ချက်မျိုး ဖြစ်လာနိုင်ဆိုတဲ့သဘောမျိုး ပြီးခဲ့တဲလပိုင်းတုန်းက အမေရိကန် သံတမန်တစ်ယောက်က ပြောခဲ့တာလည်းရှိပါတယ်။
သူတို့ အားကစားသမားတွေကိုရှန်ကျင်းနဲ့ဟောင်ကောင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ အသိပေးသင်ကြားနေတယ်။
ဒီကိစ္စမှာ ယူကေကရော နောက်ကလိုက်လုပ်လာနိုင်မလားလို့ မေးရင် တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ကွန်မြူနစ်အစိုးရက ဂျီနိုဆိုက် ကျူးလွန်နေတယ်လို့ စွပ်စွဲမှုမျိုး ယူကေအစိုးရက တရားဝင်စွပ်စွဲ ထားတာမရှိပါဘူး။ ဒါပေမယ့် နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ် ထရပ်စ်က တစ်ဦးချင်း ပြောတာတွေမှာတော့ အဲ့ဒီကိစ္စကို ထည့်ပြောတယ်လို့ သိရပါတယ်။
တရုတ်ပြည်နဲ့ပတ်သက်တဲ့ မူဝါဒတွေချမှတ်ရာမှာ အတွင်းကျကျပါဝင်တဲ့ ယူကေအစိုးရ တာဝန်ရှိတဲ့သူတစ်ယောက်က လွန်ခဲ့တဲ့လတုန်းက ပြောတာမှာတော့ သူတို့အနေနဲ့ အမေရိကားရဲ့ သပိတ်မှောက်မှုမှာ ပူးပေါင်းပါဝင်ရင်ကောင်းမလားလို့ စဥ်းစားချက်ရှိတယ်လို့ ဆို ပါတယ်။
အမေရိကန်ပြည်တွင်း ထောက်ခံမှု
ဘေဂျင်းအိုလံပစ်ကို သံတမန်တွေသပိတ်မှောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန်ပါတီ နှစ်ပါတီ ၂ ခုလုံးက နိုင်ငံရေးသမားတွေက လက်ခံကျေနပ်ကြပါတယ်။
အိုလံပစ်ကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်နိုင်ငံက ဂျီနိုဆိုက်လိုမျိုးဆိုးရွားတဲ့ ပြစ်မှုတွေ မကျူးလွန်ခဲ့ဘူးဆိုရင် အမေရိကန်နဲ့ ကမ္ဘာကလည်း ဘာမှ တုံ့ပြန်စရာမရှိ ဘူးလို့ ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ နန်ဆီပလိုဆီကလည်း ထုတ်ပြောခဲ့ပါတယ်။
တရုတ်ကိုအရေးယူဖို့ ကိစ္စဟာ သံတမန်တွေ သပိတ်မှောက်တာနဲ့တင် မလုံလောက်သေးဘူးဆိုတဲ့ အမြင်မျိုး အမေရိကန် နိုင်ငံရေးသမားတချို့မှာ ရှိပါတယ်။
အဲ့ဒီလူတွေထဲမှာပါတဲ့ ရီပတ်ဘလစ်ကန်ပါတီ အမတ် တွမ်ကော်တင်က အခုလုပ် နေတာတွေဟာ လုပ်သင့်တာရဲ့ တဝက်ကိုပဲလုပ်နေတာဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ တရုတ်အိုလံပစ်ပွဲကို လုံးဝ သပိတ်မှောက်သင့်တယ်လို့ ပြောနေတာပါ။
အခြားနိုင်ငံတွေကလည်း အဲ့လိုမျိုးလုပ်ဖို့ စဥ်းစားနေကြတာရှိပါ တယ်။
သပိတ်မှောက်တာမှာ ပူးပေါင်းပါဝင်ကြမလားဆိုတာ သူတို့နိုင်ငံအနေနဲ့ စဥ်းစားဆုံးဖြတ်ဖို့ အချိန်ကျနေပြီဆိုတာ ယူကေဒု ဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်က လည်းပြောထားတာရှိသလို သူကိုယ်တိုင် တရုတ်အိုလံပစ်ပွဲကို တက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဘယ်လို ဆုံးဖြတ်ချက်ချရမလဲဆိုတာ သူတို့ဆွေးနွေးနေတယ်လို့ ဂျပန်နဲ့ သြစတြေးလျ အစိုးရတာဝန်ရှိသူတွေကလည်း ပြောထားပါတယ်။
ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နဲ့ သူတို့ တိုင်းပြည်ကြားက သံတမန်ဆက်ဆံရေးတွေ လျှော့ချခဲ့ပြီးနောက် တရုတ်ဆောင်းရာသီအိုလံပစ်ကို သံတမန် သပိတ်မှောက်တာတွေလုပ်မယ်လို့ လစ်သူရေးနီးယားက ပြီးခဲ့တဲ့ တပတ်တုန်းက ကြောညာခဲ့ပါတယ်။
ထိုင်ဝမ်ဟာ သူတို့နိုင်ငံရဲ့ အစိတ်အပိုင်းတရပ်လို့ တရုတ်က ပြောနေပေမယ့် ထိုင်ဝမ်ကတော့ သူတို့နိုင်ငံကို လွတ်လပ်တဲ့နိုင်ငံတခု အဖြစ်ပဲ လက်ခံထားပါတယ်။
ဆက်လက်ဖြစ်ပွားနေဆဲ ကိုဗစ်၁၉ ကြောင့် သူတို့နိုင်ငံက အရာရှိကြီးတွေ တက်ရောက်မှာမဟုတ်ဘူးလို့ နယူးဇီလန်က ပြောထားပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးကိစ္စတွေကို တရုတ်က လုပ်နေတာနဲ့ပတ်သက်ပြီး သူတို့စိုးရိမ်ပူပန်မှု တွေရှိနေတဲ့အကြောင်း၊ ရှင်းရှင်းလင်းလင်းသိဖို့လိုတဲ့ အကြောင်း နယူးဇီလန်ဒုဝန်ကြီးချုပ် ဂရန့်ရောဘတ်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်အစိုးရက ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကို သူတို့ သံတမန်တွေမလွှတ်ဘဲ သပိတ်မှောက်ပေမဲ့ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်တွေကျူးကျော်ခဲ့တုန်းက အမေရိကန်က ၁၉၈၀ မော်စကိုအိုလံပစ်ကို အားကစားသမားတွေကို ဝင်မပြိုင်စေတဲ့အထိ သပိတ်မှောက်တာမျိုးအထိတော့ မဖြစ်ပါဘူး။
အဲ့ဒီတုန်းက အမေရိကန်က သပိတ်မှောက်တာကို တုံ့ပြန်တဲ့ အနေနဲ့ လော့စ်အိန်ဂျလိစ်မြို့မှာကျင်းပခဲ့တဲ့ ၁၉၈၄ နွေရာသီအိုလံပစ်ကို ဆိုဗီယက်ပြည်ထောင်စုနဲ့ သူ့မဟာ မိတ်နိုင်ငံတွေက သွားမပြိုင်ကြဘဲ ပြန်သပိတ်မှောက်ခဲ့ကြပါတယ်။
အမေရိကန်ကတော့ ၂၀၂၈ နွေရာသီအိုလံပစ်ပွဲကို လော့စ်အိန်ဂျလိစ်မြို့မှာ လက်ခံ ကျင်းပဖို့ ရှိပါတယ်။

မြန်မာလူမျိုး အားကစားသမားတစ်ယောက်အနေနဲ့ CDM မှာ ပါ၀င်ချင်တယ်
အာဏာသိမ်း စစ်တပ်ကို မဖယ်ရှားနိုင်မချင်း မြန်မာအလံအောက်ကနေ ပြိုင်ပွဲ မ၀င်ချင်ဘူး