ဂျာမနီ ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ အိုလတ်ဖ် ရှို့လ်ဇ် ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှို့လ်ဇ် ကို တင်မြှောက်ချင်ရင် SPD ကို မဲပေးပါ ဆိုတဲ့ အိုလတ်ဖ် ရှို့လ်ဇ်ရဲ့ မဲဆွယ်ပိုစတာ
ပြီးခဲ့တဲ့ ဂျာမနီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အရင်က ဝန်ကြီးချုပ် အန်ဂလာ မာကယ်လ်ရဲ့ လက်ထောက်အဖြစ် ၃ နှစ်တာဝန် ထမ်းဆောင်ခဲ့သူ အိုလတ်ဖ် ရှို့လ်ဇ်ဟာ အခုတော့ ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကို ဦးဆောင်တော့မှာ ဖြစ်ပါတယ်။
တချိန်က Scholzomat ဆိုတဲ့ နာမည်ပြောင်တောင် အပေးခံခဲ့ရတဲ့ အိုလတ်ဖ် ရှို့လ်ဇ်ဟာ သူရဲ့ စက်ရုပ်လူသားလို နိုင်ငံရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အရှိန်အဝါကြီးတဲ့ ပုံရိပ်ဟောင်းတွေကို ချန်ထားပြီး သူအုပ်ချုပ်ခွင့် ရဖို့ အတွက် Greens ပါတီအပြင် Free Democrats တွေနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အိုလတ်ဖ် ရှို့လ်ဇ်ဟာ အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး တချိန်က ဟမ်းဘတ်ဂ် မြို့တော်ဝန် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူကိုယ်တိုင်က အတိုက်အခံ Social Democratic Party (SPD) က ဖြစ်ပေမယ့် ကွန်ဆာဗေးတစ် မစ္စစ် မာကယ်လ် ရဲ့ အစိုးရအောက်မှာ ၁၆ နှစ် နေခဲ့ပြီးဖြစ်ကြတဲ့ မဲဆန္ဒရှင်တွေကို အရင်အခြေအနေတွေ အတိုင်း ဆက်အုပ်ချုပ်သွားဖို့လည်း ကတိပြုထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
အိုလတ်ဖ် ရှို့လ်ဇ် ဟာ ဒုတိယ ဝန်ကြီးချုပ်အဖြစ် မာကယ်လ် အစိုးရမှာ ၃ နှစ် တာဝန် ထမ်းဆောင်ခဲ့ဖူး
အိုလတ်ဖ် ရှို့လ်ဇ် ဟာ ကိုဗစ်ကပ်ရောဂါ ကာလတွေအတွင်းမှာ သူ့ရဲ့ လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းမှုတွေကြောင့် ဂုဏ်သတင်းကျော်ဇောပြီး လူကြိုက်များလာခဲ့ပါတယ်။
သူ့ကို ဝေဖန်ပုတ်ခတ် ကြသူတွေကတော့ သူ့ရဲ့ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဥ်က ဖြစ်ခဲ့တဲ့ ဘဏ္ဍာရေး အရှုပ်တော်ပုံ ၂ ခုနဲ့ ပတ်သက်ပြီး သူ့ အားနည်းချက်တွေကို ထောက်ပြနေကြပါတယ်။
ကိုဗစ်အရေး ကိုင်တွယ်ဖြေရှင်းမှု
ကပ်ရောဂါ ကာလအတွင်း ဂျာမန် စီးပွားရေး လုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ ရှင်သန်နိုင်ရေးအတွက် ဘဏ္ဍာရေး ဝန်ကြီးဖြစ်တဲ့ အိုလတ်ဖ် ရှို့လ်ဇ် ပြည်ထောင်စု အစိုးရရဲ့ အရေးပေါ် ကူငွေအဖြစ် ယူရိုငွေ ဘီလျံ ၇၅၀ ကို မတည် ကူညီပေးခဲ့ပါတယ်။
ဒါက တကယ်အလုပ်ဖြစ်မယ့် ဘဇူကာလက်နက်ကြီးပါ၊ အခုကြုံနေရတဲ့ ပြဿနာတွေ စီးပွားရေး စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့် လက်နက်တွေအကုန် ထုတ်သုံးမှာပါလို့ မစ္စတာ ရှို့လ်ဇ်က ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် မာကယ်လ် ကိုဗစ်အတွက် တကိုယ်ရည် သီးသန့် ခွဲနေရတဲ့ အချိန်မှာပဲ သူက ကက်ဘိနက် အစည်းအဝေးတွေကို ဦးဆောင်ခဲ့ပါတယ်။ လက်ဝဲ အမြင်ရှိတဲ့ အိုလတ်ဖ် ရှို့လ်ဇ်ဟာ ကိုဗစ်ကပ်ရောဂါရဲ့ ပြဿနာတွေကြားကပဲ လူမှုဖူလုံရေးနဲ့ လူထု ပေါင်းစည်းညီညွတ်မှုတွေ ရှိနေဖို့ အတွက် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ပြီးခဲ့တဲ့ လက ဝန်ကြီးချုပ် မာကယ်လ် အီးယူ သဘောတူညီချက်ရဖို့ မစ္စတာ ရှို့လ်ဇ်က ကူညီခဲ့
သူ SPD ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် မကြေညာခင်မှာ သူ့ကို ဝင်ရောက်ယှဥ်ပြိုင်မှာလားလို့ မေးကြတဲ့ အခါမှာ သူက ပကာသနတွေကြား ဇိမ်ခံနေဖို့ မဟုတ်ဘူး အားလုံး အလုပ်လုပ်ဖို့ လိုတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
ပြင်သစ်နဲ့ သွေးစည်းညီညွတ်
ဥရောပသမဂ္ဂ အီးယူရဲ့ ကပ်ရောဂါကာလလွန် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ယူရို ဘီလျံ ၇၅၀ မတည်ရေးမှာလည်း မစ္စတာ ရှို့လ်ဇ်ဟာ ပြင်သစ်နဲ့ အတူ လက်တွဲ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်က ကိုဗစ်-၁၉ လူနာတွေကို ဂျာမနီက လေကြောင်းနဲ့ သယ်ပို့ပေးရမှာ အိုလတ်ဖ်ရဲ့ ညီ ဒေါက်တာ ယန်းစ် ပါဝင်ကူညီခဲ့
ပြင်သစ်နဲ့ အနီးကပ် ဆက်ဆံရေး ရှိခဲ့တဲ့ အန်ဂလာမာကယ်လ် လက်ထက်မှာ ပြင်သစ်-ဂျာမန် ညီညွတ်ရေးကို ထိန်းထားနိုင်ခဲ့တာဟာလည်း မစ္စတာ ရှို့လ်ဇ် အတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်။
ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနို လာမဲ က ပြင်သစ်နဲ့ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ သူ့ကို သာမက ကိုဗစ်-၁၉ ရောဂါ ပြင်းထန်နေတဲ့ ပြင်သစ် လူနာ ၆ ယောက်ကို Kiel မြို့က ဆေးရုံမှာ ကုသပေးဖို့အတွက် ရဟတ်ယာဥ်နဲ့ သယ်ယူပေးခဲ့တဲ့ သူ့ ညီတော်တဲ့ ဒေါက်တာ ယန်းစ် ရှို့လ်ဇ်ကိုပါ ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီ တုန်းက အင်မတန် အကုန်အကျများပေမယ့် ကုန်ကျစရိတ်တွေကို ဂျာမန်အစိုးရကပဲ ကျခံပေးခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ လာမဲက အိုလတ်ဖ်ရော သူ့ညီရောကို ကျေးဇူးတင်ပါတယ်။ ရှို့လ်ဇ် မိသားစုဟာ တကယ့် ဂုဏ်သတင်းကောင်းတဲ့ ဂျာမန်မိသားစုကောင်းဖြစ်ပါတယ် လို့ ဂုဏ်ပြုခဲ့ပါတယ်။
အလိုမကျတဲ့ လက်ဝဲများ
SPD ပါတီထဲမှာတော့ အိုလတ်ဖ် ရှို့လ်ဇ်ကို ရှေးရိုးဝါဒီတယောက်အဖြစ် ရှုမြင်ကြပါတယ်။ ပါတီကို လက်ဝဲအမြင် ပိုရှိကြတဲ့ Saskia Esken နဲ့ Norbert Walter-Borjans တို့က ပူးတွဲ ဦးဆောင်နေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၈ အတွင်းက SPD ပါတီဝင်များနဲ့ တွေ့ရသော အိုလတ်ဖ် ရှို့လ်ဇ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
SPD ပါတီဝင် တယောက်ပဲ ဖြစ်တဲ့ ဘစ်တာ အန့်စ်နဲ့ လက်ထပ်ခဲ့တဲ့ မစ္စတာ ရှို့လ်ဇ်ဟာ ဟမ်းဘတ်ဂ် မြို့မှာ ကြီးပြင်းခဲ့ပါတယ်။ ဥပဒေ ပညာသင်ယူခဲ့အပြီးမှာ ဆိုရှယ်လစ် လူငယ်ခေါင်းဆောင် အဖြစ် နိုင်ငံရေး လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၁၈ အတွင်းမှာ ဟမ်းဘတ်ဂ် မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ သူ့ရဲ့ နိုင်ငံရေး အမြင်တွေဟာ အရင်လောက် အစွန်းမရောက်တော့ပါဘူး။ သူဟာ ၁၉၉၈ ခုနှစ်မှာ ပြည်ထောင်စု ပါလီမန် (Bundestag) အမတ်အဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။
သူ့ရဲ့ SPD ပါတီဟာလည်း ပြီးခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်းမှာ ဝန်ကြီးချုပ် မစ္စစ် မာကယ်လ်ရဲ့ Christian Democrats (CDU) ပါတီရဲ့ အငယ်တန်း မဟာမိတ် ပါတီတခုလည်း ဖြစ်ပါတယ်။ GroKo လို့ ခေါ်ကြတဲ့ အဲဒီ ညွန့်ပေါင်း မဟာမိတ်အဖွဲ့ ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ တော့ SPD ပါတီဝင် တော်တော်များများက ရှေးရိုးဆန်လွန်းတယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။
တဖက်မှာတော့ သူ့ကို လက်ဝဲ Die Linke နဲ့ မဟာမိတ် ဖွဲ့မလား ဆိုတာကို မငြင်းဆိုခဲ့ဘူးဆို ကွန်ဆာဗေးတစ် ပြိုင်ဘက် Armin Laschet က အကြိမ်ကြိမ် စွပ်စွဲ နေပါတယ်။ ဒီလို ဖြစ်လာမယ့် အခြေအနေမျိုး မရှိပေမယ့် မစ္စတာ ရှို့လ်ဇ် အနေနဲ့ အပြတ်ငြင်းဆိုလိုက်မယ်ဆိုပြန်ရင်လည်း နိုင်ငံရေးမှာ မပါးနပ်သလို ဖြစ်သွားနိုင်ပါတယ်။
နေတိုးအဖွဲ့ကနေ နုတ်ထွက်မယ့် Die Linke ရဲ့ မူဝါဒတွေကိုလည်း မစ္စတာ ရှို့လ်ဇ်က လက်မခံပါဘူး။ စကားစစ်ထိုးပွဲ တခုမှာ သူ့အကြောင်းသိတဲ့သူတွေက သူဘာလုပ်ပေးနိုင်တယ်ဆိုတာ ကောင်းကောင်း သိပါတယ်လို့ ပြောခဲ့ပါတယ်။
မဲဆန္ဒရှင်တွေဘက်ကလည်း သူဟာ ဝန်ကြီးချုပ် အန်ဂလာ မာကယ်လ် နဲ့ အတူ ဒုတိယ ဝန်ကြီးချုပ်အဖြစ် ရှေ့သွားနောက်လိုက်လို အောင်မြင်စွာ စွမ်းဆောင်ပြခဲ့တာကို သိကြပါတယ်။ ဒါကြောင့်လည်း ဝန်ကြီးချုပ် မာကယ်လ် ကိုယ်တိုင် သူ့ကို ဆက်ခံဖို့အတွက် အဆိုပြုခဲ့တဲ့ ကိုယ်စားလှယ်လောင်းထက် ပိုပြီး ထောက်ခံမှု ရခဲ့တာ ဖြစ်ပါတယ်။
သူ စကားစစ်ထိုးပွဲမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ကြိုတင် ခန့်မှန်းလို့ ရနိုင်ရင်တောင်မှ သူ့စကားတွေက ယုံကြည်စရာကောင်းတယ် ခိုင်မာမှု ရှိတယ်ဆိုပြီး တော်တော်များများက ချီးမွမ်းကြပါတယ်။ ပြိုင်ဘက် Mr Laschet ရဲ့ အားရစရာ မကောင်းလှတဲ့ မဲဆွယ်မှုတွေကလည်း သူအောင်မြင်ဖို့ ပိုပြီး အထောက်အကူ ဖြစ်သွားခဲ့ပါတယ်။
သူ့ ဝန်ကြီးဌာနက ကိုင်တွယ်ခဲ့တဲ့ Wirecard နဲ့ cum-ex trading fraud ဘဏ္ဍာရေး အရှုပ်တော်ပုံ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ သူ့မှာ ခုခံနိုင်စွမ်း သိပ်မရှိခဲ့ပါဘူး။
Wirecard ဆိုတဲ့ ငွေပေးချေမှုနဲ့ တခြားဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်တဲ့ ကုမ္ပဏီ ပြိုလဲခဲ့တာဟာ ခေတ်သစ် ဂျာမနီမှာ အကြီးမှားဆုံး လိမ်လည်မှုကြီး တခုဖြစ်သွားခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ရဲ့ လစ်ဟာမှုမှာ တာဝန်ရှိသူဟာ အိုလတ်ဖ် ရှို့လ်ဇ် ဖြစ်တယ်လို့ ဒီနှစ်ထဲမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။
နောက်ပြီး သူ ဟမ်းဘတ်ဂ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဥ်အတွင်း ယူရိုငွေ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အခွန်အမ်းငွေ ပြန်ထုတ်တဲ့ cum-ex ငွေကြေး လိမ်လည်မှုမှာလည်း သူ့နာမည်က တွဲပါသွားခဲ့ရပါတယ်။
ဒီလို အဖြစ်တွေ ကြုံခဲ့ရပေမယ့် မဲဆန္ဒရှင်တွေ အပေါ်မှာတော့ သိပ်ပြီး ရိုက်ခတ်သွားတာမျိုး မရှိပါဘူး။ ဒီ အရှုပ်တော်ပုံတွေက တော်တော်ကို ရှုပ်ထွေးနေတာကြောင့် မဲဆန္ဒရှင်တွေအနေနဲ့ ဒါတွေကိုပါ လိုက်ပြီး စဥ်းစားမနေချင်ကြဘူးလို့ လေ့လာသူတွေက ပြောကြပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် ၆ ရက်အလိုမှာ ပါလီမန် အမတ်တွေရဲ့ ငွေခဝါချမှုတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မမျှော်လင့်ထားဘဲ သူကိုယ်တိုင် လာရောက် ထွက်ဆိုခဲ့ပါတယ်။ လစ်ဘရယ် အမတ်တယောက်ကဆို သူ့ဇာတ် သူမနိုင် ဖြစ်ခဲ့တာလို့ တောင် ပြောပါတယ်။