မက်သာဖက်တမင်းနဲ့ ဘိန်းဖြူ ထုတ်လုပ်မှု အာဖဂန်နစ္စတန်မှာ ပိုတိုးလာ

  • ဆာခွန်ဒါ ခါမေနီ
  • ဘီဘီစီသတင်းဌာန၊ အာဖဂန်နစ္စတန်
အာဖဂန်နစ္စတန်၊ မက်သာဖက်တမင်း၊ ဘိန်းဖြူ၊ မူးယစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဟိုးကတည်းက ဘိန်းဖြူထုတ်လာခဲ့တဲ့ အာဖဂန်နစ္စတန်မှာ လတ်တလောနှစ်တွေမှာ မက်သာဖက်တမင်း ထုတ်လုပ်မှုလည်း ပိုတိုးလာနေ

အာဖဂန်နစ္စတန်တောင်ပိုင်း ကျေးလက်ဒေသက အခန်းငယ်တစ်ခုမှာ တွေ့ရတဲ့ ပလပ်စတစ်အိတ်တွေထဲမှာ ပြည့်မောက်နေတဲ့ အဖြူရောင် အခဲတွေက အရောင်တလက်လက် တောက်နေပါတယ်။

အဲဒီအခဲတွေဟာ "နိုင်ငံခြား တင်ပို့နိုင်တဲ့ အရည်အသွေးကောင်း" မက်သာဖက်တမင်း စိတ်ကြွဆေးတွေ ဖြစ်ပြီး သြစတြေးလျလို ဝေးတဲ့ နိုင်ငံတွေအထိ ရောက်အောင် မှောင်ခိုလမ်းကြောင်းကနေ တင်ပို့သွားဖို့ ရှိပါတယ်။ ဒီအခန်းမှာ ထားထားတဲ့ စိတ်ကြွဆေး ကီလိုဂရမ် ၁၀၀ က အဲဒီကို ရောက်သွားရင် ကာလ‌ပေါက်စျေး ပေါင် ၂ သန်း (‌ဒေါ်လာ ၂ သန်း ၆ သိန်း ) ဝန်းကျင် စျေးရပါလိမ့်မယ်။ အိမ်အပြင်ဘက်မှာတော့ အသစ်ထပ်ရောက်လာတဲ့ မက်သာဖက်တမင်းတွေကို စည်ပိုင်းနှစ်ခုနဲ့ ချက်နေတာကို မီးခိုးတလူလူနဲ့ တွေ့နေရပါတယ်။

မူးယစ်ဆေးဝါးဟာ အာဖဂန်နစ္စတန်မှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်ပြီး တာလီဘန် လက်အောက်မှာ မူးယစ်ဆေးဝါး အရောင်းအဝယ်တွေ တိုးလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်ဟာ ဟိုးကတည်းကိုက ဘိန်းဖြူ မှောင်ခိုလုပ်ငန်းနဲ့ ဆက်နွှယ် ပတ်သက်နေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာတော့ အာဖဂန်နစ္စတန်ဟာ မူးယစ်ဆေး နောက်တမျိုးဖြစ်တဲ့ မက်သာဖက်တမင်း အခဲတွေ သိသိသာသာ တိုးထုတ်လုပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။

နိုင်ငံအနောက်တောင်ပိုင်းက မူးယစ်ဆေး ထုတ်လုပ်ရာ ဝေးလံခေါင်သီတဲ့ ခရိုင်တစ်ခုမှာ အခုဆိုရင် ယာယီစက်ရုံ ၅၀၀ ကျော်ကနေ မက်သာဖက်တမင်း အခဲ ကီလိုဂရမ် ၃၀၀၀ လောက် နေ့စဥ် ထုတ်နေတယ်လို့ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ သတင်းရပ်ကွက်တစ်ခုက ဆိုပါတယ်။

‌ဒေသခံတွေအခေါ် "အိုမန် "ဆိုတဲ့ အလေ့ကျ အရိုင်းပင်တစ်မျိုးကနေ မက်သာဖက်တမင်း ဆေးမှာ အဓိကပါတဲ့ အက်ဖက်ဒရင်းကို ထုတ်နိုင်တယ် ဆိုတာကို သိလာခဲ့ကြအပြီးမှာ မက်သာဖက်တမင်း ထုတ်လုပ်မှုတွေ သိသိသာသာ တိုးလာခဲ့ပါတော့တယ်။

အာဖဂန်နစ္စတန်ရဲ့ မက်သာဖက်တမင်း မူးယစ်ဆေး ရောင်းဝယ်ရေး ဆုံချက်နေရာ ဖြစ်တဲ့ သဲကန္တာရအတွင်းပိုင်းက စျေးတစ်စျေးမှာဆိုရင် အဲဒီအပင်တွေကို တခါမှမကြုံစဖူး ပမာဏမျိုး အစုလိုက်အပုံလိုက် ရောင်းနေကြတာ တွေ့ရပါတယ်။

အရင်ကတော့ အက်ဖက်ဒရာလို့ ခေါ်တဲ့ အဲဒီအပင် ရောင်းရင် တာလီဘန်တွေက အခွန်ကောက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကပဲ ဒီအပင်ကို စိုက်တာကို ပိတ်ပင်တားမြစ်တဲ့ အမိန့်ဒီခရီတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ လူတွေကြားထဲမှာတော့ ကျယ်ကျယ်ပြန့်ပြန့် မကြေညာထားပါဘူး။ လက်ရှိမှာ မက်သာဖက်တမင်း စက်ရုံတွေကို လည်ပတ်ခွင့် ဆက်ပေးထားပါတယ်။

အက်ဖက်ဒရာ ပင်တွေကို တားမြစ်ပိတ်ပင်လိုက်တာကြောင့် နေ့ချင်းညချင်းဆိုသလို မက်သာဖက်တမင်း လက်ကားစျေးက နှစ်ဆ တက်သွားခဲ့တယ်လို့ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်တဲ့ အာဖဂန်လူမျိုး တစ်‌ယောက်က ကျေနပ်ပြုံးကြီးနဲ့ ပြောပြပါတယ်။ မူးယစ်ဆေးတွေ နောက်ထပ်ထုတ်ရာမှာ သုံးဖို့ အဲဒီအပင်တွေက ဂို‌ဒေါင်တွေနဲ့ အပြည့် ရှိနေဆဲပါ။

ဒေါက်တာ ဒေးဗစ် မန်းစ်ဖီးလ်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုကိစ္စအကြောင်း ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ မက်သာဖက်တမင်း ထုတ်လုပ်တဲ့ စက်ရုံ ဓာတ်ခွဲခန်းတွေကို ဂြိုဟ်တုရုပ်ပုံ အကူအညီနဲ့ လိုက်ခြေရာခံရင်း မက်သာဖက်တမင်း ထုတ်လုပ်မှု တိုးလာနေတဲ့ အကြောင်းကို လေ့လာ စုံစမ်းနေသူ ဖြစ်ပါတယ်။

"အက်ဖက်ဒရာပင် စိုက်ပျိုးမှု ပိတ်ပင်တဲ့ အမိန့်ကို ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီးသွားတဲ့ အချိန်မျိုးကျမှ ထုတ်ပြန်ခဲ့တာကြောင့် အက်ဖက်ဒရာပင်တွေ ရိတ်သိမ်းချိန် နောက်နှစ် ဇူလိုင်လအထိ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

လက်ရှိအချိန်မှာ တာလီဘန်တွေက မက်သ်ချက်တဲ့စက်ရုံတွေကို ဆက်လက်ခွင့်ပြုထား

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အာဖဂန်နစ္စတန်မှာ မက်သာဖက်တမင်း မူးယစ်ဆေး ထုတ်လုပ်မှုပမာဏဟာ နဂိုအရင် အခြေခိုင်ပြီးသား ဘိန်းဖြူ ထုတ်လုပ်မှု ပမာဏထက်တောင် အများကြီး ပိုများနိုင်တယ်လို့ ဒေါက်တာမန်းစ်ဖီးလ် က ယူဆနေပါတယ်။

အာဖဂန်နစ္စတန် ဘိန်းခင်းတွေကနေ ထွက်တဲ့ ဘိန်းပမာဏဟာ ကမ္ဘာ့ ဘိန်းပမာဏရဲ့ ၈၀% လောက် ရှိတယ်လို့ ခန်းမှန်းထားပြီး အဲဒါကလည်း ပိုတိုးလာမယ့်ပုံ ရှိပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းက လယ်သမားတွေဟာ သူတို့ရဲ့ လယ်ကွင်းတွေကို ထွန်ချ ပြင်ဆင်၊ ဘိန်းမျိုးစေ့တွေ ချနဲ့ အလုပ်များ နေကြပါတယ်။ ကန်ဒါဟာမြို့အပြင်ဘက် လယ်ကွင်းထဲမှာ မြေကြီး တူးဆွရင်း လယ်သမား မိုဟာမက် ဂါနီက "ဒါက လူတွေကို ထိခိုက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် တခြားဘာသီးနှံပဲ စိုက်စိုက် ကျွန်တော်တို့ အမြတ်မပေါ်ဘဲ ဖြစ်နေလို့ပါ" လို့ ပြောပြပါတယ်။

ဒီနှစ်အစောပိုင်းက အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်လိုက်တဲ့အတွက် နိုင်ငံတကာက အထောက်အပံ့တွေ ရုပ်သိမ်းသွားခဲ့အပြီးမှာ နိုင်ငံစီးပွားရေး ပြိုပျက်သွားခဲ့ရပါတယ်။ လယ်သမား အတော်များများအတွက်လည်း ဘိန်းစိုက်ရောင်းတာကသာ အကောင်းဆုံး ရွေးချယ်နည်းလို့ ယူဆကြပုံ ရပါတယ်။ မိုးခေါင်မှုကြောင့် ရေရှားပါးလာတာကလည်း ဒီလမ်းကို သူတို့ရွေးဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

"ရေတွင်းတူးဖို့ လိုတယ်။ တကယ်လို့ ရုံးပတီ၊ ခရမ်းချဥ်သီး စိုက်မယ် ဆိုရင် ရေတွင်းတူးခရဲ့ တစ်ဝက်တောင် ပြန်ရမှာ မဟုတ်ဘူး"လို့ မစ္စတာ ဂါနီက ပြောပါတယ်။

ဘိန်းစိုက်ပျိုးတာကို တာလီဘန်တွေက တဖြည်းဖြည်း တားမြစ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေကြောင့် ဘိန်းဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီအတွက် ဘိန်းပိုစိုက်ဖို့ အားပေးသလို ဖြစ်လာနေတယ်လို့ လယ်သမားတွေက ပြောပြပါတယ်။

လောလောဆယ်မှာတော့ ဘိန်းလုပ်ငန်းက ကြီးထွားလာနေပါတယ်။ လာဘ်စားတဲ့ အစိုးရ အရာရှိတွေကို လာဘ်ထိုး၊ ဘိန်းတွေကို အိတ်အထူကြီးတွေထဲ ထည့်ပြီး ပုန်းလျှိုးကွယ်လျှိုး ရောင်းနေကြရတဲ့ ဘိန်းမှောင်ခိုတွေက အခုဆိုရင် စျေးတွေမှာ ဆိုင်ခင်းပြီး ပေါ်ပေါ်ထင်ထင် ရောင်းနေကြပါပြီ။

"တာလီဘန်တွေလက်ထဲ နိုင်ငံ့အာဏာ ရောက်သွားခဲ့ပြီးကတည်းက ကျွန်တော်တို့ လုံးဝ လွတ်လပ်သွားခဲ့ပါပြီ"လို့ ဘိန်း လက်ကားရောင်းသူတစ်ဦးက ပြုံးပြီး ပြောပြပါတယ်။

ဒါပေမဲ့လည်း တာလီဘန်တွေက ဘိန်းကုန်ကူးမှုနဲ့ ပတ်သက်လို့ အတိမ်းအစောင်း မခံ၊ ထိလွယ်ရှလွယ် ဖြစ်နေဆဲပါ။

ဟယ်လ်မန်းပြည်နယ်မှာ နာမည်ဆိုး ထွက်နေတဲ့ ဘိန်းစျေးကြီးတစ်ခုအကြောင်း ဘီဘီစီက သတင်းရယူ ရိုက်ကူးတာကို "ကန့်သတ်နယ်မြေ"ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်ကူး ခွင့်မပေးခဲ့ပါဘူး။

Mohammad Ghani
BBC
We know it's (opium's) harmful... but nothing else we grow makes any money.
Mohammad Ghani
Opium farmer

ဘိန်းကုန်ကူးမှုကနေ တာလီဘန်အဖွဲ့ဝင်တချို့ အကျိုးအမြတ် ခံစားနေရတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မီဒီယာတွေကို သတင်းယူခွင့် အခုလို ပိတ်ပင်တာလားလို့ ဖိမေးတဲ့အခါ ပြည်နယ် ယဥ်ကျေးမှု ကော်မရှင်အကြီးအကဲ ဟာဖဇ် ရာရှစ် က အင်တာဗျူး ပေးနေတာကို ရုတ်တရက် ဖြတ်လိုက်ပြီး ရိုက်ထားတဲ့ ဗီဒီယိုပုံတွေကို မဖျက်ပစ်ဘူးဆိုရင် ကင်မရာကို ရိုက်ခွဲပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

အနားက ကင်ဒါဟာ ပြည်နယ်မှာလည်း ကနဦးတုန်းက ဘိန်းစျေးတစ်စျေးကို သတင်းရိုက်ကူးခွင့် ပြုထားခဲ့ပြီးမှ တကယ်တန်း အဲဒီကို ရောက်သွားတဲ့အခါ ရိုက်ကူးဖို့ မဖြစ်နိုင်တော့ဘူး ဆိုပြီး အတားခံခဲ့ရပါတယ်။

ကာဘူးလ်မြို့က တာလီဘန် ပြောခွင့်ရသူ ဘီလားလ် ကရီမီ က သူတို့ဟာ လယ်သမားတွေအတွက် ဝင်ငွေရနိုင်မယ့် တခြားနည်းလမ်းတွေကို ကြိုးစား ရှာပေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ "တခြားနည်းတစ်ခုခု မရှာပေးနိုင်ပဲနဲ့ ဒီလူတွေ ဘိန်းစိုက်နေတာ မတားနိုင်ဘူး" လို့ သူက ပြောပါတယ်။

တာလီဘန်တွေ ပထမတစ်ခါ အာဏာရခဲ့ချိန်တုန်းကတော့ ဘိန်းထုတ်လုပ်မှုကို တားမြစ် ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပြန်ရဖို့ ပုန်ကန် တိုက်ခိုက်နေစဥ်ကာလတွင်းမှာ ဘိန်းခွန်တွေက တာလီဘန်တွေရဲ့ ဝင်ငွေ အရင်းအမြစ် ဖြစ်လာခဲ့ပါတယ်။ လူတွေရှေ့မှာတော့ သူတို့ ဒီလိုမလုပ်ပါဘူးလို့ ငြင်းချက်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့က စျေးတစ်ခုမှာ ချရောင်းနေတဲ့ ဘိန်းထုပ်တွေကို တွေ့ရစဥ်

ဘိန်းမှောင်ခိုကုန်သည်တချို့ကတော့ တာလီဘန်တွေကသာ တကယ်တန်း ဘိန်းအရောင်းအဝယ်ကို တကယ်တန်း တားမြစ်ချင်တယ် ဆိုရင် ပိတ်ပင်ချက်တစ်ခု ထုတ်ပြီး ထိထိရောက်ရောက် ပိတ်ပင် တားမြစ်နိုင်ပါလိမ့်မယ်လို့ ပြောပါတယ်။ တခြားသူတွေကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြပါတယ်။

"သူတို့ အခုလို အောင်မြင်ခဲ့တာက ဘိန်းရဲ့ ကျေးဇူးကြောင့်ပါ " လို့ လယ်သမားတစ်ယောက်က မကျေမနပ် ပြောပါတယ်။

"အာဖဂန်ပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီ မပေးမချင်း ဘိန်းစိုက်ပျိုးခွင့် ပိတ်ပင်ဖို့ သူတို့ကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီလိုသာဆို ကျွန်တော်တို့အားလုံး ငတ်ကုန်ပြီး မိသားစုတွေကို ကြည့်ရှုစောင့်ရှောက်နိုင်တော့မှာ မဟုတ်ဘူး"

စီးပွားရေး အကျပ်အတည်းနဲ့ ဆက်နွှယ်ပြီး အစားအစာနဲ့ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းတွေ စျေးတက်လာတာကြောင့်လည်း လယ်သမားတွေနဲ့ ဘိန်းချက်တဲ့ စက်ရုံပိုင်ရှင်တွေကို ဘိန်းမှောင်ခိုလုပ်ငန်း ပိုတိုးလုပ်ဖို့ တွန်းအားပေးသလို ဖြစ်လာနေတယ်လို့ ဒေါက်တာ မန်းစ်ဖီးလ်က သတိပေး ပြောသွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်က နေရာတချို့မှာဆိုရင် မူးယစ်မှောင်ခိုလုပ်ငန်းဟာ ဒေသတွင်း စီးပွားရေးထဲမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်နေတာပါ။

ဟယ်လ်မန်ခရိုင်ထဲက လူသူအရောက်နည်းတဲ့ ဂန်ဒမ် ရက်ဇ် ရွာစုဆီကို ရောက်အောင် သွားဖို့ ဆိုရင် ဖုန်ထူတဲ့ လမ်းကြောင်းတစ်ခုကနေပဲ သွားလို့ရပါတယ်။ ဒါပေမဲ့ အဲဒီနေရာဟာ ကမ္ဘာ့ ဘိန်းဖြူလုပ်ငန်းကြီးရဲ့ အချက်အချာ နေရာ ဖြစ်ပါတယ်။

အဲဒီမှာ ဘိန်း အဓိကထား သီးသန့်ရောင်းတဲ့ စျေးဆိုင်တွေ အများကြီး ရှိသလို အလုပ်သမား ၆၀၊ ၇၀ လောက် ခန့်ထားတဲ့ ဘိန်းဖြူချက် စက်ရုံတွေလည်း ရှိပါတယ်။

အဲဒီကနေ မူးယစ်ဆေးဝါးတွေကို ပါကစ္စတန်နဲ့ အီရန်နိုင်ငံတွေထဲ မှောင်ခို တင်သွင်းပြီး ဥရောပ အပါအဝင် အနောက်ဘက်ခြမ်းက ကမ္ဘာ့နိုင်ငံတွေဆီ တင်သွင်းလေ့ ရှိပါတယ်။

အာဖဂန်ပြည်တွင်းက သတင်းရပ်ကွက်တစ်ခုရဲ့ အဆိုအရ ပြည်ပကိုတင်ပို့မယ့် ဘိန်းဖြူ တစ် ကီလိုဂရမ်ကို ပါကစ္စတန် ရူပီး ၂၁၀,၀၀၀ (ပေါင် ၉၀၀၊ ဒေါ်လာ ၁,၁၉၀) စျေးပေါက်တယ်လို့ သိရပါတယ်။

အဲဒီဘိန်းဖြူ တစ်ကီလိုဂရမ်က ဗြိတိန်ကို ရောက်သွားတဲ့အခါ ပွဲခတွေ ဘာတွေ နုတ်ပြီးရင်တောင် ကာလပေါက်စျေး က ဒေါ်လာ ၆၆,၀၀၀ ဝန်းကျင် စျေးဖြစ်သွားလိမ့်မယ် လို့ အရင်က ယူကေမှာ မူးယစ်မှောင်ခို ရောင်းဝယ်ခဲ့ဖူးသူ တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

နိုင်ငံတကာကို မူးယစ်ဆေး မှောင်ခိုဖြန့်တဲ့ သူတွေကပဲ အမြတ်ငွေ အများစုကိုရကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တာလီဘန်တို့ကတော့ ဘိန်း ထုတ်လုပ်တဲ့ သူတွေပေါ်မှာပဲ အခွန်ကောက်လေ့ ရှိပါတယ်။

ဒေါက်တာမန်းစ်ဖီးလ်ရဲ့ အဆိုအရ တာလီဘန်တွေ မူးယစ်ဆေးဝါးကနေ ရတဲ့ ဝင်ငွေပမာဏကို လူတွေက မကြာခဏဆိုသလို ချဲ့ကား ပြောတတ်ကြပြီး တခြားဝင်ငွေ အရင်းအမြစ်တွေလောက်တောင် မရကြပါဘူး။ ဒါပေမဲ့လည်း ၂၀၂၀ ခုနှစ်မှာ မူးယစ်ဆေး ထုတ်လုပ်မှုအပေါ် အခွန်ကောက်ခံမှုကနေ သူတို့လိုအပ်နေတဲ့ ငွေပမာဏ ဖြစ်တဲ့ ‌ဒေါ်လာ ၃၅ သန်းလောက် တာလီဘန်တွေ ရခဲ့တယ်လို့ သူက ခန့်မှန်းပြောခဲ့ပါတယ်။

"တာလီဘန်တွေ ပထမဆုံးအကြိမ် အာဏာရခဲ့ချိန်တုန်းက မူးယစ်ဆေးဝါး တားမြစ်ချက်ကို တကယ်လက်တွေ့ ကျင့်သုံးဖို့ ခြောက်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အဲဒီတုန်းက ဘိန်းတစ်မျိုးကိုပဲ သူတို့ တားမြစ်ခဲ့တာပါ"လို့ သူက ပြောပါတယ်။

လက်ရှိ အာဖဂန် စီးပွားရေးအခြေအနေအရ အခုချိန်မှာ ဒီလို တားမြစ်ပိတ်ပင်တာတွေ လုပ်မယ် ဆိုရင် အရင်က တာလီဘန်တွေကို "ထောက်ပံ့ အားပေးထားခဲ့တဲ့ နယ်မြေတစ်ခုကို ပြစ်ဒဏ်ပေးတဲ့ပုံမျိုး ဖြစ်နေလိမ့်မယ်လို့ ‌ဒေါက်တာ မန်းစ်ဖီးလ် က ပြောပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အမြစ်ဖြတ် ချေမှုန်းတာဟာ အာဖဂန်နစ္စတန်နိုင်ငံအတွက်ရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ အထောက်အကူ ဖြစ်စေမှာမို့ ကမ္ဘာ့နိုင်ငံတွေက ကူညီသင့်တယ်လို့ တာလီဘန် ပြောခွင့်ရသူ ဘီလားလ် ကာရီမီ က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

ကာဘူးလ်မြို့တော်ရဲ့ လမ်းဘေးမှာ မူးယစ်ဆေး သုံးစွဲနေသူတွေ

အာဖဂန်နစ္စတန်နိင်ငံရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုက သူတို့တင်ပို့တဲ့နေရာတွေကိုတင် ထိခိုက်စေတာမဟုတ်ပါဘူး။ ပြည်တွင်းမှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ တိုးပွားလာနေတာ တွေ့ရပြီး အာဖဂန်လူမျိုးတွေအပေါ်မှာလည်း ကြီးမားတဲ့ ဆိုးကျိုးကြီး ဖြစ်စေခဲ့ပါတယ်။

ကာဘူးလ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေက လူစည်ကားတဲ့ လမ်းဘေးတစ်ခုမှာဆို ရာနဲ့ချီတဲ့ အမျိုးသားတွေ အုပ်စုလိုက် မက်သာဖက်တမင်းနဲ့ ဘိန်းဖြူ ရှူနေကြတာ တွေ့ရမှာပါ။

"အခုဆိုရင် မူးယစ်ဆေးဝါးတွေက အာဖဂန်နစ္စတန်ကနေ ထုတ်တာဆိုတော့ အရမ်းကြီး စျေးမကြီးလှဘူး။ ဟိုးတုန်းက အီရန်ကနေ ဝင်တာ၊ အဲဒီတုန်းကဆို မက်သာဖက်တမင်း တစ်ဂရမ်ကို အာဖဂန်ငွေ ၁,၅၀၀ (၁၅ ဒေါ်လာ) လောက်ပေးခဲ့ရတာ၊ အခုတော့ အာဖဂန်ငွေ ၃၀ ကနေ ၄၀ (၀.၃၁ ဒေါ်လာကနေ ၀.၄၁) စျေး ပဲရှိတယ်" လို့ တစ်ယောက်ကပြောပါတယ်။

အဲဒီလူတွေ နေနေကြတဲ့ အခြေအနေတွေက အတော်လေး ဆိုးပါတယ်။ တချို့ ဆို မိလ္လာမြောင်းထဲမှာတောင် နေနေကြတာပါ။

"ငါတို့နေရတဲ့ဘဝက ခွေးထက်တောင် ဆိုးသေးတယ်" လို့ နောက်အမျိုးသား တစ်ယောက်က ပြောပါတယ်။

မကြာခဏဆိုသလို တာလီဘန်တွေက သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဖမ်းခေါ်သွားပြီး မပြည့်မစုံ ပြန်လည်ထူထောင်ရေးစခန်းတွေဆီ ခေါ်သွားလေ့ရှိပါတယ်။ အများစုကတော့ ချက်ချင်းပဲ ဒီကို ပြန်လာကြတယ်လို့ သူတို့က ပြောပါတယ်။

လောလောဆယ်မှာတော့ မူးယစ်ဆေးဝါးတွေက အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာရော ပြည်ပက လမ်းမတွေပေါ်မှာပါ ပိုရောက်လာနေပုံ တွေ့ရပါတယ်။