၂၀၂၂ ကမ္ဘာ့ဖလား လုပ်ငန်းခွင်က အလုပ်သမားတွေကို ကာတာက ဘယ်လိုဆက်ဆံခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရှေ့အလယ်ပိုင်းမှာ ပထမဆုံးကျင်းခွင့်ရတဲ့ပြိုင်ပွဲအဖြစ် ၂၀၂၂ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ၂၁ရက်ကနေ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
ပြီးတော့ အဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး ချမ်းသာတဲ့ ပင်လယ်ကွေ့နိုင်ငံက ပြိုင်ပွဲကျင်းပခွင့်ရရှိခဲ့ပုံ၊ အားကစားကွင်းတွေ တည်ဆောက်တာမှာ အလုပ်သမားတွေကို ဆက်ဆံတာ၊ ပြိုင်ပွဲရောက်ရင် LGBTပရိသတ်တွေကို ကြိုဆိုမှာလားဆိုတဲ့မေးခွန်းတွေလည်း ထွက်လာနေပြီး အငြင်းပွားမှုအများဆုံး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတစ်ခု ဖြစ်လာပါတယ်။
နိုင်ငံခြား အလုပ်သမားတွေ ဆက်ဆံပုံ
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ဘောလုံးကွင်း ခုနစ်ကွင်း၊ လေဆိပ်သစ်တစ်ခု၊ မြေအောက်ရထားလမ်းအသစ်နဲ့ လမ်းသစ်တွေကို ကာတာက တည်ဆောက်နေပါတယ်။
ဗိုလ်လုပွဲကို မြို့သစ်ရဲ့ ဗဟိုအချက်အချာကျတဲ့ ကစားကွင်းနေရာမှာကျင်းပမှာဖြစ်ပြီး တခြားပွဲစဉ်ကိုးပွဲကို လည်း အဲဒီမှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။
ဒါပေမယ့် ကာတာဟာ ကမ္ဘာ့ဖလားပွဲနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွင်တွေက ရွှေ့ပြောင်းအလုပ်သမား ၃၀,၀၀၀ ကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကာတာ ကို အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ၂၀၁၆ ခုနှစ်တုန်းက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အလုပ်သမားတန်းလျားတွေက အခြေအနေတွေ ပိုကောင်းလာအောင်လုပ်ပေးမယ်လို့ ကာတာအစိုးရက ကတိပြုထား
အလုပ်သမား အများစုဟာ သူတို့စီစဥ်ပေးတဲ့ ညစ်ညစ်ပတ်ပတ် မသန့်ရှင်းတဲ့နေရာတွေမှာ နေနေရပြီး အလုပ်ရဖို့အတွက်လည်း ငွေတွေအများကြီးပေးနေရသလို လုပ်အားခတွေထုတ်မပေးဘဲ ထိန်းချုပ်ထားတွေ၊ နိုင်ငံကူးလက်မှတ်တွေ သိမ်းဆည်းခံခဲ့ရတာတွေလည်း ရှိနေတယ်လို့ စွပ်စွဲထားတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၁၇ ခုနှစ်ကစပြီး ကာတာအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ငန်းခွင်မှာ ပြင်းထန်လွန်းတဲ့ အပူဒဏ် မခံစားရအောင် ကာကွယ်ပေးတာ၊ အလုပ်ချိန်ကန့်သတ်ချက်နဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ စီမံချက်တွေကို စတင်ချ မှတ်လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြား အလုပ်သမားတွေဟာ ဆိုးရွားစွာ ဆက်ဆံခံရတာတွေနဲ့ တရားမဝင်လုပ်ခ နုတ်ယူခံရတာတွေအပြင် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမဲ့ လုပ်အားခမရတာတွေ လပေါင်းများစွာ ကြုံနေရဆဲပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ကြီးရဲ့ ၂၀၂၁ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အလုပ်ရှင်ရဲ့ သဘောဆန္ဒမပါဘဲ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်က ထွက်လို့မရအောင် လုပ်ထားတဲ့ "ကာဖလာ" သို့မဟုတ် အလုပ်သမား စပွန်ဆာရှစ်စနစ်ကို ဖျက်သိမ်းလိုက်တယ်ဆိုပေမဲ့ အလုပ်သမားတွေ အပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေသေးတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းသာခွင့်အဖွဲ့ကြီးကလည်း ပြောပါတယ်။
"ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နေပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေရရှိနေတဲ့အတွက် စည်းကမ်းဖောက်ဖျက်တဲ့ ကုမ္ပဏီအရေအတွက် ကျဆင်းလာနေပြီ"လို့ ကာတာအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဘီဘီစီကို ပြောပါတယ်။
အလုပ်သမား ဘယ်နှယောက် သေဆုံးခဲ့တာလဲ
ကာတာနိုင်ငံ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရတဲ့ အချိန်ကတည်းက အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၆၅၀၀ သေဆုံးခဲ့တာရှိတယ်လို့ ဂါးဒီးယန်းသတင်းစာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖော်ပြခဲ့ပါတယ်။
အာရှငါးနိုင်ငံက တာဝန်ရှိတဲ့သူတွေ အစီရင်ခံတင်ပြခဲ့တဲ့ အထက်ပါ သေဆုံးမှုအရေအတွက်က အလုပ်မှာသေတဲ့သူတွေလား၊ ဘယ်နေရာမှာ သေတဲ့သူတွေလဲဆိုတာကိုတော့ တိတိကျကျ ခွဲခြားဖော်ပြထားတာ မရှိပါဘူး။
ဒါပေမဲ့ သေဆုံးသူအများစုဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပမယ့် အခြေခံအဆောက်အဦ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရင်းသေကြတာလို့ အလုပ်သမားအခွင့်အရေးကာကွယ်ရေးအဖွဲ့ FairSquare က ပြောထားပါတယ်။
အဲဒီကိန်းဂဏန်းတွေထဲမှာ ကာတာနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင် အလုပ်လုပ်ကိုင်ပြီး သေဆုံးခဲ့တဲ့ ထောင်နှင့်ချီတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်နေတာကြောင့် အရေအတွက်တွေ ပိုတွက်ထားတယ်လို့ ကာတာအစိုးရဘက်က တုံ့ပြန်ထားပါတယ်။
ကာတာမှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ အလုပ်အကိုင်တွေထဲမှာ လုပ်နေတဲ့သူတွေလည်း အများအပြားရှိတယ်လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ဖလား အားကစားကွင်း တည်ဆောက်တဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားသေဆုံးမှု ၃၇ ဦးရှိခဲ့တယ်လို့တော့ ကာတာနိုင်ငံက တရားဝင် ပြောထားတာရှိ ပါတယ်။ အဲ့ဒီထဲက ၃၄ ဦး သေဆုံးမှုဟာ "လုပ်ငန်းခွင်နဲ့မသက်ဆိုင်"ဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကာတာက ဒေါ်လာဘီလျံနဲ့ချီ သုံးစွဲထား
အလုပ်သမားတွေအကြားမှာ ရုတ်တရက် သေဆုံးမှု အရေအတွက်ကိုတော့ ကာတာက ထည့်မတွက်ထားဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ထောက်ပြထားပါတယ်။
"အလုပ်နဲ့ဆက်နွှယ်တာ" မဟုတ်ဘဲ "သဘာဝအကြောင်းတရားတွေ"လို အပူလျှပ်တာတွေ၊ နှလုံးဖောက်တာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုတွေနဲ့ သေဆုံးရတဲ့သူတွေလည်း အဲဒီထဲမှာ ပါဝင်ပါတယ်။
ကာတာ အစိုးရဆေးရုံတွေနဲ့ လူနာတင်ယာဥ်ဝန်ဆောင်မှုတွေဆီကရတဲ့ သေစာရင်းတွေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွင်အားလုံးက ထိခိုက်သေဆုံးမှုစာရင်းတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILOက ပြုစုထားတာလည်း ရှိပါတယ်။
၂၀၂၁ ခုနှစ်တစ်နှစ်တည်းမှာတင် ကာတာနိုင်ငံမှာ အလုပ်သမား ၅၀ သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တခြား ၃၇,၆၀၀ ဟာလည်း ဒဏ်ရာအနည်းငယ်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အဓိကအကြောင်းရင်းတွေက အမြင့်ကနေ ပြုတ်ကျတာ ၊ ယာဉ်မတော်တဆမှုဖြစ်တာနဲ့ ပစ္စည်းတွေပြုတ်ကျတာတွေကြောင့်လို့ သိရပါတယ်။
LGBTတွေအတွက် ကာတာနိုင်ငံက လုံခြုံရဲ့လား
ကာတာနိုင်ငံဟာ ရှေးရိုးဆန်တဲ့ မွတ်ဆလင်နိုင်ငံဖြစ်ပြီး လိင်တူချင်း ဆက်ဆံတာကိုလည်း တရားဝင်ခွင့်မပြုထားပါဘူး ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနဲ့ ကာတာကမ္ဘာ့ဖလားပွဲဖြစ်မြောက်ရေး ကော်မတီတို့ကို LGBT အခွင့်အရေး ထောက်ခံအားပေးနေတဲ့ အဖွဲ့တွေက ပြိုင်ပွဲမစတင်မီ အပြောင်းအလဲတွေ ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။
သူတို့ တောင်းဆိုထားတဲ့အချက်တွေထဲမှာ ဘေးကင်းလုံခြုံရေး အာမခံချက်တွေရဖို့ ၊ကာတာ နိုင်ငံထဲကို ဝင်ခွင့်ပေးဖို့ နဲ့ LGBTကိစ္စတွေ ဆွေးနွေးတာကို ဆင်ဆာမဖြတ်ဖို့ အချက်တွေ ပါဝင် ပါတယ်။
ကာတာကမ္ဘာ့ဖလားပွဲစီစဉ်တဲ့သူတွေက လူတိုင်းကို ကြိုဆိုပါတယ်လို့ အရင်ကပြောခဲ့ဖူးပေမဲ့ "ယေဘုယျအားဖြင့် လိင်တူဆက်ဆံသူတွေနဲ့ လိင်တူဆက်ဆံသူမဟုတ်တဲ့သူတွေ လူပုံအလယ်မှာ ချစ်ခင်ကြင်နာမှုတွေပြတာဟာ သူတို့နိုင်ငံရဲ့ ဓလေ့ထုံးစံမဟုတ်ဘူး"လို့ ပြောထားတဲ့ မှတ်တမ်း ရှိပါတယ်။
အိမ်ရှင် လက်ခံကျင်းပခွင့် ဘယ်လိုရလာတာလဲ
ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဖီဖာက သူတို့ကို အိမ်ရှင်အဖြစ်ကျင်းပဖို့ ခွင့်ပြုပေးခဲ့တဲ့နှစ် ၂၀၁၀ ကစပြီး အငြင်းပွားစရာကိစ္စတခုဖြစ်လာခဲ့ပါတယ်။
ဘောလုံးသမိုင်းကြောင်းနည်းပါးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖူးတဲ့ မှတ်တမ်းတောင်မရှိတဲ့ အလွန် သေးငယ်တဲ့ ကာတာနိုင်ငံက သူ့ထက် အစဥ်လာရှိတဲ့ အမေရိကန်၊ သြစတြေးလျ၊ တောင်ကိုရီး ယားနှင့် ဂျပန်တို့ကို အနိုင်ယူပြီး အိမ်ရှင်အဖြစ်ကျင်းပခဲ့ရသွားတာဟာ အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ကာတာ ကမ္ဘာ့ဖလားကျင်းပခွင့်ရဖို့ ဖီဖာတာဝန်ရှိသူတွေကို လာဘ်ထိုးခဲ့တယ်လို့ စွပ်စွဲမှု တွေထွက်ပေါ်ခဲ့ပေမဲ့ ဖီဖာရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအရ ဒါနဲ့ပတ်သက်လို့ ခိုင်မာတဲ့ အထောက်အထားတွေ မတွေ့ခဲ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ကမ္ဘာ့ဖလား လက်ခံကျင်းပခွင့် ကာတာရရှိသွားတယ်လို့ ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ၂၀၁၀မှာ ကြေညာခဲ့စဥ်
ကိုယ်စားလှယ်တွေဆီကနေ မဲဝယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာတာက ငြင်းဆိုခဲ့ပေမယ့် ပြင်သစ်အာဏာပိုင်တွေကတော့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဖီဖာတာဝန်ရှိသူ သုံးဦး ငွေလက်ခံရယူခဲ့တယ်ဆိုပြီး အမေရိကန်ကလည်း ၂၀၂၀ ပြည့်နှစ်က စွပ်စွဲ ထားပါတယ်။
ကာတာကမ္ဘာ့ဖလားကို ဆောင်းရာသီမှာ ဘာလို့ ကျင်းပရတာလဲ
ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ပုံမှန်အားဖြင့် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ကျင်းပလေ့ရှိပေမဲ့ အဲဒီအချိန်မှာ ကာတာနိုင်ငံရဲ့ အပူချိန်က ပျမ်းမျှ ၄၁စင်တီဂရိတ် (၁၀၆ ဖာရင်ဟိုက်) လောက်ကနေ ၅၀စင်တီ ဂရိတ်(၁၂၂ဖာရင်ဟိုက်) အထိရှိ ပါတယ်။
ရာသီဥတုက အပြင်ထွက်လို့မရလောက်အောင် ပူလွန်းပြီး ဘောလုံးကွင်းထဲမှာ မိနစ်၉၀ အပြည့် ကစားဖို့ဆိုတာလည်း မလွယ်လှပါဘူး။
ကမ္ဘာ့ဖလားကျင်းပခွင့်ရဖို့ လေလံဆွဲတဲ့အချိန်တုန်းက အားကစားကွင်းတွေ၊ လေ့ကျင့်ရေးကွင်းတွေနဲ့ ပရိသတ်တွေရှိတဲ့နေရာတွေမှာ ၂၃ ဒီဂရီစင်တီဂရိတ်အထိ အေးစေမယ့် အဆင့်မြင့် လေအေးပေးစနစ်ကို အသုံးပြုမယ်လို့ ကာတာက ကတိပေးခဲ့ပါတယ်။
ဘယ်လိုအခြေမျိုးတွေပဲရှိရှိ ဆောင်းရာသီမှာ ပြိုင်ပွဲကျင်းပဖို့ ဖီဖာက ၂၀၁၅ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ ပါတယ်။ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက် စတင်ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။
ကျင်းပမယ့်အချိန်က နိုင်ငံအများစုရဲ့ ကလပ်ဘောလုံးရာသီ အလယ်တည့်တည့် ကျရောက်နေပြီး ပြိုင်ပွဲတွေကို အများကြီးအနှောင့်အယှက်ဖြစ်စေမှာ သေချာပါတယ်။
ဥပမာအနေနဲ့ နိုဝင်ဘာ ၁၃ ရက်က ဒီဇင်ဘာ ၂၆ ရက်ကြားကစားမယ့် အင်္ဂလိပ်ပရီးမီးယား လိဂ်ပြိုင်ပွဲ ပွဲစဉ်တွေကို ရပ်ထားရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပြိုင်ပွဲကို ပုံမှန်ထက် တစ်ပတ်စောကျင်းပရမှာဖြစ်ပြီး ပုံမှန်ပြီးချိန်ထက် တစ်ပတ်အကြာမှ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ကမ္ဘာဖလားမှာ ၄၈သင်း တိုးချဲ့ဖို့ ဖီဖာသဘောတူ