ကန် အာရှ ဗျူဟာ ကာကွယ်ရေးဝန်ကြီးရှင်းလင်း

leon panetta ဓာတ်ပုံ မူပိုင် AP
Image caption ကန် ကာကွယ်ရေး ဝန်ကြီး ပင်နက်တာ

အာရှ ပစိဖိတ် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေး ဝန်ကြီး လီယွန် ပင်နက်တာက စင်ကာပူ နိုင်ငံမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

တကယ်တော့ ခု ဇန်နဝါရီလထဲက အမေရိကန် ကာကွယ်ရေး ဝန်ကြီးက သူတို့ရဲ့ အာရှ ပစိဖိတ် ဒေသနဲ့ ဆိုင်တဲ့ ဗျူဟာသစ်ကို ကြေညာခဲ့ရာမှာ အမေရိကန်ရဲ့ စစ်အင်အားကို အရှေ့ဘက်ကို ပိုအားပြုမယ်လို့ ကြေညာခဲ့ပါတယ်။

အီရတ်မှာ အမေရိကန်တပ် အများစု ပြန်ရုပ်ပြီး ဖြစ်သလို အာဖဂန်နစ္စတန်က စစ်ဆင်ရေးတွေကိုလည်း အရှိန် ပြန်ချနေပြီမို့ အမေရိကန်ဟာ သူ့ရဲ့ အာရုံကို တခြားကို ရွှေ့ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းထောက်တွေက ပြောပါတယ်။

အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို အာရှက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေက ကြိုဆို ပေမယ့် တရုတ် အစိုးရကိုတော့ မသက်မသာ ဖြစ်စေခဲ့ပါတယ်။

တဆက်ထဲမှာ ဥရောပနဲ့ အရှေ့ အလယ်ပိုင်းက အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေ အတွက်လည်း အမေရိကန်ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

အခု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အာရှ ခရီးစဉ်မှာ ဇန်နဝါရီလတုန်းက ကြေညာခဲတဲ့ သူတို့အခေါ် re-balancing strategy အရှေ့အာရှ အင်အားချိန်ခွင်လျှာ ပြန်ညှိရေး ဗျူဟာနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံ အသိပေးဖို့ အာရှကို ခရီးလှည့်လာတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ ပြီးရင် သူဟာ ဗီယက်နမ်နဲ့ အိန္ဒိယ တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

အခု အမေရိကန် ကာကွယ်ရေး ဝန်ကြီး အဓိက သိစေချင်တဲ့အချက်က အမေရိကန် ဟာ အရှေ့အာရှမှာ resident power အထိုင်ချမယ့် နိုင်ငံ အဖြစ် လာမှာဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီတော့ မေးစရာတွေ အများကြီး ရှိလာပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဘတ်ဂျက် လျှော့ချဖို့ ဖိအားပေးခံ လာရချိန်မှာ အဲဒီလို အထိုင်ချနိုင်ဖို့ ငွေအင်အား အလုံအလောက် သုံးနိုင်ပါ့မလား ဆိုတဲ့ အချက်က မေးစရာ ဖြစ်ပါတယ်။

ဒါ့အပြင် အာရှမှာ လက်ရှိ ရှိနေပြီးသား အမေရိကန် စစ်အင်အားအပြင် နောက်ထပ် ဘယ်လို ပုံစံမျိုး ထပ်ပြီး ချမလဲဆိုတာကလည်း မေးခွန်းထုတ်ကြမှာ ဖြစ်ပါတယ်။

အာလုံးထဲမှာ အဓိက အကျဆုံး မေးခွန်းကတော့ အမေရိကန်ရဲ့ အင်အား ချိန်ခွင်လျှာ ညှိမှုကနေ တရုတ် အမေရိကန် တင်းမာမှု ဖြစ်လာတာကို အမေရိကန် အနေနဲ့ ဘယ်လို ထိန်းမလဲ ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် မားကပ်စက သတင်းပေးပို့ထားပါတယ်။