ဆီးရီးယား သမ္မတ ပါလီမန်သစ်မှာ မိန့်ခွန်းပြောကြား

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြည်ပက ထိုးနှက်တဲ့ တကယ့် စစ်ပွဲတခုကို ရင်ဆိုင်နေရာတယ်လို့ သမ္မတ အာဆတ်ပြော

ဆီးရီးယား နိုင်ငံမှာ အသစ်ပြန်လည် ရွေးကောက် တင်မြောက်လိုက်တဲ့ ပါလီမန်မှာ သမ္မတ အာဆတ် မိန့်ခွန်းပြောကြားရာ၊ သူ့နိုင်ငံဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ တို့ရဲ့ ထိုးနှက် တိုက်ခိုက်နေတဲ့ တကယ့်စစ်ပွဲ တခုကို ရင်ဆိုင် နေရတယ်လို့ ပြောကြားသွားပါတယ်။

ဒါပေမယ်လို့ ဆီးရီးယား ပြည်သူတွေ အနေနဲ့ နိုင်ငံတကာရဲ့ ဝင်ရောက် စွက်ဖက်မှုကို လက်မခံပဲ ပယ်ချခဲ့ပြီး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဟိုလိုမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အစိုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တော့လည်း သမ္မတ အာဆတ်က ပထမဆုံး အကြိမ် လူသိရှင်ကြား သူ့အမြင်ကို ပြောကြားသွား ပါတယ်။

သမ္မတ အာဆတ်က ဘီလူး တိရိစ္ဆာန်တွေတောင် အခုလို သတ်ဖြတ်မှုမျိုးကို လုပ်မှာ မဟုတ်ဖူးလို့ ပြောကြားပြီး၊ သွေးထွက် သံယိုဖြစ်မှုတွေ အလျင်အမြန် အဆုံးသတ် သင့်ပြီလို့ ပြောပါတယ်။

သူ့အဆို အကြမ်းဖက် လုပ်ရပ်တွေ တိုးပွားလာနေတာကို ရည်ညွှန်း ပြောကြားရာမှာ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုး ဆောင်ရွက်နိုင်ဖို့ အတွက် အကြမ်းဖက်မှုတွေ အဆုံးသတ်ရမယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံ တပ်ဖွဲ့တွေနဲ့ ဆွေးနွေး အဖြေရှာရေး တံခါးကိုလည်း ဆက်လက် ဖွင့်ထားပြီး၊ အကြမ်းဖက် တိုက်ခိုက်သူတွေနဲ့ နိုင်ငံခြား သြဇာခံတွေ အနေနဲ့ ဆွေးနွေးရေး တံခါးကို ဝင်လာ ကြဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ