ဆီးရီးယား ပြည်တွင်းစစ် အနေအထား ရောက်ရှိ

syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption အပစ်အခတ်တွေလဲ တအား ဆိုးလာ

ဆီးရီးယား ပဋိပက္ခ လက်ရှိ အခြေအနေဟာ ပြည်တွင်းစစ် လို့ ပြောလို့ရနေပီလို့ ကုလ သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့ အကြီးအကဲ ဟာ့ဗ် လဒ်ဆော့က ဆိုပါတယ်။

ကုလ သမဂ္ဂ အရာရှိ တယောက် ဆီက ပထမဆုံး တရားဝင် ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံ နယ်မြေ အတော်များများကို ဆီးရီးယား အစိုးရ မထိန်းနိုင် တော့ဘဲ မြို့ကြီးတချို့ ဆိုရင် သူပုန်အောက် ရောက်နေပီ၊ အပစ်အခတ်တွေလဲ တအား ဆိုးလာပီလို့ မစ္စတာ လဒ်ဆော့က ဆိုပါတယ်။

ဆီးရီးယား အခြေအနေ ယိုယွင်း လာတဲ့အတွက် လူမှု ကယ်ဆယ်ရေးတွေ ဆောင်ရွက်လို့ မရတော့ဘူး လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကလဲ ပြောကြား ခဲ့ပါတယ်။

ဆီးရီးယားက ကုလ သမဂ္ဂ စောင့်ကြည့်သူတွေ ဟက်ဖာ မြို့နား မရောက်ခင်မှာ အစိုးရ ဘက်သား လူအုပ်ကြီးက ကျောက်ခဲတွေနဲ့ ပစ်ပေါက် တိုက်ခိုက် ပီး တားဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဟက်ဖာက သူပုန် တပ်တွေကို အစိုးရ တပ်တွေက တင့်ကား တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေ လက်နက်ကြီးတွေ နဲ့ ဝန်းရံ တိုက်ခိုက် နေတာပါ။

အကြီးအကျယ် ဗုံးကြဲ ခံနေရတဲ့ အတွက် သူပုန်တွေ မြို့က ခွာနေပီလို့လဲ သတင်းတွေ ထွက်နေပါတယ်။

ဆီးရီးယား နိုင်ငံတဝှမ်း အပြန်အလှန် တိုက်ပွဲတွေ ပြင်းထန် နေပီး လူ ၆ဝ လောက် အနည်းဆုံး သေနေပီ လို့ အတိုက်အခံ တွေက ဆိုပါတယ်။