ဒေါ်အောင်ဆန်းစုကြည် ဂျီနီဗာ ရောက်ပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည် ဂျီနီဗာ ရောက်ပြီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လည်းဖြစ် ၊ ကော့မှူးမြို့နယ် လွှတ်တော်အမတ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ၂၄ နှစ် အတွင်း ပထမဆုံး ဥရောပ ခရီးစဉ် အဖြစ် ရန်ကုန်မြို့ကနေ ဇွန်လ ၁၃ ရက်နေ့က စတင် ထွက်ခွာ သွားခဲ့ရာမှာ အခုတော့ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ကို ရောက်နေပါပြီ။

ဇွန်လ ၁၄ ရက်နေ့မှာ ကမ္ဘာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်းပြောဖို့ ရှိပြီး အဲဒီနောက် ဆွဇ်ဇာလန် နိုင်ငံမြို့တော် Berne ဘာ့န်မှာ နိုင်ငံခြားရေး ဝန်ကြီး Didier Burkhalter နဲ့ တွေ့ဆုံမှာ ပါတယ်။

ဒီခရီးစဉ်ဟာ သီတင်း နှစ်ပတ်ကျော် ကြာမြင့်မှာ ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ ၁၉၉၁ ခုနှစ်တုန်းက အပ်နှင်း ခံခဲ့ရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုကို နော်ဝေ နိုင်ငံမှာ တရားဝင် လက်ခံ ရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိုင်ယာလန် နိုင်ငံ ဒတ်ဗလင် မြို့တော်မှာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက ပေးအပ်တဲ့ Ambassador of Conscience ဆုကို ဇွန်လ ၁ဂ နေ့မှာ လက်ခံယူ ပါလိမ့်မယ်။

ဇွန်လ ၂ဝ ရက်နေ့ ကျရင်တော့ ဗြိတိန်က အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ် စလုံးမှာ မိန့်ခွန်း ပြောဖို့ ရှိပြီး အဲဒီနောက် ဇွန်လ ၂၆ ရက်နေ ၂၉ရက် အထိ ပြင်သစ်နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ