အီဂျစ် မွတ်ဆလင် သမ္မတသစ် အောင်ပွဲခံ

egypt ဓာတ်ပုံ မူပိုင် BBC World Service
Image caption သောင်းနဲ့ချီ အောင်ပွဲ ဆင်နေဆဲ

ရွေးကောက်ပွဲ အနိုင်ရ အီဂျစ် သမ္မတ သစ် မွတ်ဆလင် ညီနောင်များ အဖွဲ့က မိုဟာမက် မူဆီ က ဘုရားသခင် ကျေးဇူးတော်နဲ့ အီဂျစ် ပြည်သူ တွေရဲ့ စွန့်လွှတ် အနစ်နာ ခံမှုကြောင့် အောင်နိုင်တာ လို့ ပြောကြား ခဲ့ပါတယ်။

ရုပ်သံက နေ မိန့်ခွန်း ပြောခဲ့ရာမှာ မစ္စတာ မူဆီက မူဘာရက်ကို ဖြုတ်ချ ခဲ့တဲ့ တော်လှန်ရေး ရည်မှန်းချက် တွေ မအောင်မြင် သေးရင် ဆက်တိုက်ပွဲ ဝင်သွားရမယ်လို့ ဆိုပါတယ်။

အီဂျစ် နိုင်ငံရဲ့ ပထမဆုံး အစ္စလာမ္မစ် ဝါဒီ သမ္မတက သူဟာ အီဂျစ် ပြည်သား တွေ အားလုံးအတွက် အုပ်ချုပ် သွားမယ်လို့ ပြောရင်း ညီညီညွတ်ညွတ် ရှိကြဖို့ ပန်ကြားခဲ့ပါတယ်။

အလွှာစုံက အီဂျစ် နိုင်ငံသားတွေ စည်းလုံး ညီညွတ်မှသာ သိက္ခာ ရှိတဲ့ လူနေမှု၊ လူမှု မျှတမှု၊ လူ့ဂုဏ်သိက္ခာ နဲ့ လွတ်လပ်မှု တွေ ခံစားကြရမယ်လို့ မစ္စတာ မူဆီ ပြောကြား ခဲ့ပါတယ်။

ကိုင်ရို မြို့တော် တာရန် ရင်ပြင်မှာတော့ လူသောင်းနဲ့ချီတဲ့ အီဂျစ် ပြည်သူတွေ အောင်ပွဲ ဆင်နေကြဆဲ ဖြစ်ပါတယ်။

အီဂျစ်မှာ အခြေခံ ဥပဒေ မရှိသေးလို့ သမ္မတမှာ အာဏာ ဘယ်လောက် ရှိမယ် ဆိုတာ မရှင်းလှဘူးလို့ ဘီဘီစီ အရှေ့ အလယ်ပိုင်း သတင်းထောက်က ဆိုပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက မိုဟာမက် မူဆီကို ဖုန်းဆက်ပြီး အောင်မြင်မှုကို ဂုဏ်ပြု ချီးကျူး ခဲ့ပါတယ်။

အီဂျစ် နိုင်ငံရဲ့ ညီညွတ်ရေး ကိုလဲ တိုက်တွန်း ခဲ့ပါတယ်။

အီဂျစ် ဒီမို ကရေစီ အသွင် ကူးရေး အတွက် အမေရိကန်က ဆက်လက် အားပေး ထောက်ခံ သွားမယ်လို့လဲ သူက ဆိုပါတယ်။

အီဂျစ် အစိုးရသစ်မှာ အမျိုးသမီး တွေနဲ့ ဘာသာ မတူသူ လူနည်းစု တွေ အပါအဝင် မတူ ကွဲပြားတဲ့ အီဂျစ် နိုင်ငံသား တွေကို ကိုယ်စားပြု နိုင်တဲ့ တာဝန် နဲ့ တရားဝင် မှု နှစ်ခု စလုံး ရှိတယ် လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အီဂျစ်ရဲ့ အိမ်နီးချင်း အစ္စရေး နိုင်ငံကလဲ ရွေးကောက်ပွဲ ရလဒ်ကို လေးစားကြောင်း ပြောကြားတာ နဲ့အတူ အနှစ် ၃ဝ က ရေးထိုး ထားခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ် အတိုင်း အစိုးရသစ် ဘက်က ပူးပေါင်း ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်းလဲ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ