ဆိုက်ပရပ်စ်လဲ ဘဏ္ဍာရေး အကျပ်ရိုက်

ဓာတ်ပုံ မူပိုင် bbc
Image caption ဆိုက်ပရပ်စ် ကျွန်း ပေါ်က ဘဏ်တွေ ဒုက္ခ ရောက်

ဘဏ္ဍာရေး ကယ်ဆယ်မှု ပေးဖို့ ဆိုက်ပရပ်စ် နိုင်ငံကလဲ ဥရောပ သမဂ္ဂကို တောင်းဆို ခဲ့ပါတယ်။

အကြွေး လည်ပင်းဆိုက် နေတဲ့ ဂရိ နိုင်ငံကြောင့် ဆိုက်ပရပ်စ် ကျွန်း ပေါ်က ဘဏ်တွေလဲ ဒုက္ခ ရောက်ကုန်ပြီလို့ ဆိုက်ပရပ်စ် အစိုးရက ဆိုပါတယ်။

ဆိုက်ပရပ်စ် ဒုတိယ အကြီးဆုံး ဘဏ်ကို အမြန်ဆုံး ကယ်တင် ရတော့မယ် လို့ ယူဆ နေကြပါတယ်။

အိုင်ယာလန်၊ ပေါ်တူဂီ၊ ဂရိနဲ့ စပိန် တို့ပြီးရင် ဆိုက်ပရပ်စ်ဟာ ပဉ္စမ မြောက် ကယ်ဆယ်ရေး အကူ ငွေ ထုတ်ချေးဖို့ တောင်းဆို ရတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

ဂရိ ဘဏ္ဍာရေး ဝန်ကြီးသစ် ဗက်ဆီလီ ရာပါနော့စ် ကျန်းမာရေး မကောင်းလို့ နှုတ်ထွက် သွားပါတယ်။

ဂရိ စီးပွားရေး နလံထ လာဖို့ အရင်ပတ်က သူ့ကို ခန့်ပြီး ကာစမှာပဲ ဆေးရုံ တက်ခဲ့ရတာပါ။

တာဝန် တွေ အပြည့် မထမ်းဆောင် နိုင်တော့တဲ့ အထိ ကျန်းမာရေး ဆိုးရွား နေတယ်လို့ သူက ကြေညာ ချက် ထုတ်ပြန် ခဲ့ပါတယ်။

ဘာရောဂါလဲ ဆိုတာတော့ မဖော်ပြ ပါဘူး။

အစိုးရသစ် ဖွဲ့စည်းပုံကို မစ္စတာ ရာပါနော့ မကြိုက်တာ အပြင် ဒီ နှုတ်ထွက်မှု အတွက် တခြား နောက်ခံ အကြောင်းတွေလဲ ရှိနိုင်တယ်လို့ အေသင်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီတပတ် ဥရောပ သမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲက ယူရိုဇုန် အကြွေး ပြဿနာကို ဖြေရှင်း ပေးနိုင်ပါ့မလားပူပန် ကြောင့်ကြ နေကြတဲ့အတွက် ဥရောပ နဲ့ အမေရိကန် စတော့ ရှယ်ယာ စျေးကွက်တွေ ကျဆင်း ကုန်ပါတယ်။

ဖရန့်ဖွတ်နဲ့ ပါရီက ရှယ်ယာ စျေးကွက်ကြီးတွေ ၂ ရာခိုင်နှုန်း ကျော် ကျဆင်း သွားပါတယ်။

လန်ဒန်မှာ ၁ ရာခိုင်နှုန်း ကျော်ကျော် ကျပြီး စျေးပိတ် သွားပါတယ်။

နယူးယောက် ရှယ်ယာစျေး တွေလဲ တရာခိုင်နှုန်း ကျော် ကျဆင်း ခဲ့ပါတယ်။

မူဒီ အဆင့် သတ်မှတ်ရေး အေဂျင်စီ ကလဲ စပိန် ဘဏ် ၂၈ ခုရဲ့ ချေးငွေ အဆင့်ကို လျှော့ချ ခဲ့ပါတယ်။