သြစတြေးလျ ခိုလှုံခွင့် ဥပဒေကြမ်း ဆီးနိတ်မှာ ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် Getty
Image caption သြစတြေးလျ နိုင်ငံထဲ လှေစီး ဝင်ရောက်လာသူတွေ

သြစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံသူတွေကို ပြန်ပို့ရေး မပို့ရေး ဆိုင်ရာ ဥပဒေကြမ်း တရပ်ကို ဆီးနိတ်လွှတ်တော်မှာ မကြာခင် အချိန်အတွင်း စတင် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

နိုင်ငံရေး ခိုလှုံခွင့် တောင်းခံဖို့ ကြိုးစားသူ ၉၁ ယောက် သြစတြေးလျ နိုင်ငံ ပိုင်နက်ထဲကို ခိုးဝင်ဖို့ ကြိုးစားတုန်း လှေတိမ်းမှောက် သေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့ပြီး တပတ် အကြာမှာ ဒီဥပဒေကြမ်း ပေါ်ထွက်လာတာပါ။

ဒီမူကြမ်းကို အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးခဲ့ပြီး ပွတ်ကာသီကာ မဲနိုင် အတည်ပြုခဲ့တာ ဖြစ်ပေမယ့် ဆီးနိတ် လွှတ်တော်မှာ အဲဒီလို အတည်ပြုနိုင်ဖို့ ဖြစ်နိုင်ချေ မရှိဘူးလို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ဒီဥပဒေ မူကြမ်းသာ အတည်ဖြစ်သွားမယ် ဆိုရင် သြစတြေးလျဟာ ပစ္စဖိတ်ကျွန်းတခု ဖြစ်တဲ့ နော်ရူးက ထိန်းသိမ်းရေး စခန်းကို ပြန်ဖွင့်ပေးပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေကို မလေးရှား နိုင်ငံကို ပြန်ပို့မှာ ဖြစ်ပါတယ်။