တူရကီက ဆီးရီးယား နယ်စပ်မှာ လက်နက်တပ်ဆင်

ဆီးရီးယားနယ်စပ်ကို လက်နက်များ သယ်ဆောင် ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားနယ်စပ်ကို လက်နက်များ သယ်ဆောင်

ဆီးရီးယားနယ်စပ်ကို ပို့နေ့တဲ့ စစ်သုံးယာဉ်တွေကတော့ အစ်ကန်ဒါရန် နဲ့ ဒီယာဘာကီယာမြို့တွေမှာရှိတဲ့ စစ်အခြေစိုက် စခန်းတွေက ယာဉ်တွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ သံချပ်ကာ ကားတွေ၊ ဝေဟင်ပစ် လက်နက်တွေ နဲ့ မစ်ဇိုင်း ဒုံးကျည်စင်တွေ ပါဝင်ပါတယ်။ လက်နက်တချို့ကိုတော့ တူရကီ-ဆီးရီးယား နယ်စပ်မြို့ဖြစ်တဲ့ ယေလဒဂီ မြို့မှာ တင်ဆင် ထားပါတယ်။ ဒီမြို့ဟာ ဆိုရင် ပြီးခဲ့တဲ့ သတင်းပတ်က တူရကီ တိုက်လေယာဉ်ကို ဆီးရီးယားဘက်က ပစ်ချခဲ့တဲ့ နေရာအနီးမှာ ဖြစ်ပါတယ်။

တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ နေရာကတော့ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ဖြစ်တယ်လို့ တူရကီဘက်က ပြောပါတယ်။ လေယာဉ်မှူး နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အခု လက်နက်တွေ တပ်ဆင်ထားတဲ့ ယေလဒဂီ နယ်စပ်မြို့ဟာ ဆီးရီးယားဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် ၃ သောင်း ၃ ထောင်ကျော် နဲ့ ဆီးရီးယား အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေ ခိုလှုံရာ နေရာလည်း ဖြစ်ပါတယ်။

တူရကီ တိုက်လေယာဉ် ပစ်ချခံရတဲ့ ဖြစ်ရပ်အပြင် တူရကီလေကြောင်း ပိုင်နက်အတွင်း ဆီးရီးယားဘက်က ချိုးဖောက်လုပ်ဆောင်တာတွေဟာ ဒီနှစ်အတွင်း အကြိမ် ၁၀၀ မက ရှိပြီလို့လည်း တူရကီဘက်က ပြောပါတယ်။ ဆီးရီးယားဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီလို့ တူရကီ ဝန်ကြီးချုပ် ရီဆက် တာယစ် အာဒိုဂန်က အင်္ဂါနေ့တုန်းက ပြောပါတယ်။

နောက်ပြီး ဆီးရီးယား အရေးနဲ့ပတ်သက်ပြီး တူရကီအစိုးရဘက်က စေ့စပ်ညှိနှိုင်းဖို့အတွက် စည်းမျဉ်း အသစ်တွေကို ဝန်ကြီးချုပ် ရီဆက် တာယစ် အာဒိုဂန်က ကြေငြာခဲ့ပါတယ်။ အဲဒီ စည်းမျဉ်း တွေထဲမှာဆိုရင် တူရကီနယ်စပ်ကို ချဉ်းကပ်လာတဲ့ ဘယ်ဆီးရီးယားတပ်ကိုမဆို ရန်လိုမှုအဖြစ် ရှုမြင်ခံရမှာ ဖြစ်ပြီး ပစ်မှတ်အဖြစ်လည်း သဘောထားမှာ ဖြစ်တယ်လို့ တူရကီအစိုးရက ကြေငြာပါတယ်။

ဒီလို ကြေငြာလိုက်တဲ့အတွက် ဆီးရီးယား ပိုင်နက်အတွင်းမှာ တူရကီက စစ်ပွဲကြား ခံဇုန်တစ်ခုအဖြစ် သတ်မှတ်လာနိုင်ပြီး ဒီလို သတ်မှတ်မှုဟာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်စရာ အန္တရာယ် အလွန်လည်း ကြီးတဲ့ ဗျူဟာတရပ် လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တူရကီဘက်ကတော့ အခုချိန်ထိ သူတို့ဟာ ဆီးရီးယားနဲ့ ပဋိပက္ခ ဖြစ်ပွားအောင် ရန်စလုပ်ဆောင်တာမျိုး မလုပ်လိုဘူးလို့ ပြောနေတုန်းပါပဲ။

ဒီသတင်းနဲ့ပတ်သက်သမျှ