ဆီးရီးယား အရေး ဂျနီဗာ ညီလာခံ ကျင်းပ

ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်မှုတွေ များလာ တာကြောင့် ကိုဖီ အာနန်က ဂျီနီဗာ ညီလာခံကို ကျင်းပဖို့ တောင်းဆို ခဲ့တာပါ

ဆီးရီးယား နိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တရပ်ကို စနေနေ့က ဂျနီဗာမြို့မှာ စတင် ကျင်းပ နေရာ၊ ဆီးရီးယား ပြဿနာကို သံတမန် နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆိုရင် ရုရှားရဲ့ ကျောထောက် နောက်ခံ မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မော်စကိုမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Steve Rosenberg က ပြောပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဆီးရီးယား အစိုးရ အပေါ် တခြား ဘယ်အစိုးရကမှ ရုရှားလောက် သြဇာ သက်ရောက်မှု မရှိတဲ့ အတွက် ဖြစ်တယ်လို့ သူက သုံးသပ် ပါတယ်။

ဂျီနီဗာ အစည်းဝေး မတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လက်ဗ်ရော့ဗ်နဲ့ စိန့်ပီတာ စဘတ်ခ်မြို့မှာ ကြိုတင် တွေ့ဆုံခဲ့တဲ့ အချက်က ဒီကိစ္စမှာ ရုရှားရဲ့ အရေးပါမှုကို ဖော်ပြနေပါတယ်။

ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆီးရီးယားနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဗီတို အာဏာသုံးပြီး ပယ်ချခဲ့တာမျိုး ဆီးရီးယား အစိုးရကို နိုင်ငံရေး အရ ကျောထောက်နောက်ခံ ပြုထားရုံတင် မကဘဲ လက်နက်တွေလည်း ထုတ်ရောင်းနေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီးတဲ့ နောက်မှာတော့ မစ္စတာ လက်ဗ်ရော့ဗ်က ဂျီနီဗာ အစည်းဝေးမှာ နှစ်ဘက် ဘုံသဘော ထားချင်း ကိုက်ညီတဲ့ အပိုင်းတွေ တွေ့ရဖို့ အခွင့်အလမ်း ရှိကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီပဋိပက္ခကို ဖြေရှင်းရာမှာ သမ္မတ အာဆတ်ကို ရာထူးက ဖယ်ရှားရေး ဆိုတာမျိုး ပါလာလို့ ကတော့ ရုရှားက လုံးဝသ ဘောတူမှာ မဟုတ်ပါဘူး။

ရုရှားရဲ့ ဒီသဘောထားကြောင့် ဆီးရီးယားမှာ အသွင်ကူး ပြောင်းရေး အစိုးရ တရပ်ဖွဲ့စည်းဖို့ အတွက် အားလုံး သဘောတူ ဆုံးဖြတ်ချက်ချနိုင်ရေးဟာ အတော်ကို ခက်ခဲပါလိမ့်မယ်။

အကြမ်းဖက် မှုတွေ ပိုများလာနေ တာကြောင့် ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ် အတွက် ကြားဝင် ဆောင်ရွက်နေတဲ့ ကိုဖီအာနန်က ဂျနီဗာ ညီလာခံကို ကျင်းပပေးဖို့ တောင်းဆိုခဲ့တာပါ။

ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အပြောအရ အစိုးရ ဆန့်ကျင် အုံကြွမှုတွေ ဖြစ်ခဲ့တဲ့ ၁၆ လ ကြာကာလ အတွင်းလူ ၁၆၀၀၀ နီးပါး သေဆုံး ခဲ့ရပြီလို့ ဆိုပါတယ်။

ဂျီနီဗာမှာ ကျင်းပတဲ့အစည်း အဝေးကို အနောက်နိုင်ငံတွေနဲ့ အတူရုရှား၊ တူရကီနဲ့ ကာတာ အပါအဝင် အာရပ်နိုင်ငံတွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ