ဆီးရီးယားမှာ ကြားဖြတ်အစိုးရဖွဲ့နိုင်ဖို့ စီစဉ်မယ်

kofi_annan ဓာတ်ပုံ မူပိုင် AP
Image caption ဂျနီဗာ အစည်းအဝေးကို တက်ရောက်လာတဲ့ ကိုဖီအာနန်

ဆီးရီးယား နိုင်ငံဆိုင်ရာ နိုင်ငံတကာ အထူးသံတမန် ကိုဖီအာနန်က ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ဆီးရီးယား မှာ ကြားဖြတ် အစိုးရတခု ဖွဲ့ဖို့ အတွက် စီစဉ်ကြဖို့ သဘောတူ လိုက်ကြပြီလို့ ဆိုပါတယ်။

အဲဒီ အစိုးရ အဖွဲ့ထဲမှာ သမ္မတ အာဆတ်ဒ် ရဲ့ အခန်း ကဏ္ဍ ပါမလား ဆိုတာကိုတော့ မကွဲပြား သေးပါဘူး။ မစ္စတာ ကိုဖီအာနန်ကတော့ ဒီအတွက် ဆီးရီးယား ပြည်သူတွေက ဆုံးဖြတ် သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျနီဗာ မြို့မှာ ပြုလုပ်ခဲ့တဲ့ ထိတ်သီး အစည်း အဝေး အပြီးမှာ မစ္စတာ အာနန်က ပြောကြား ရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်က ဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်သွား စေဖို့ လက်တွဲ ဆောင်ရွက် သွားကြရမယ်လို့ ဆိုလိုက်ပါတယ်။

မစ္စတာ အာနန်က ဒီနေ့ ရရှိခဲ့တဲ့ အောင်မြင်မှုကနေ အစိုးရတွေကို လက်တွဲ ဆောင်ရွက် သွားကြဖို့ တိုက်တွန်း သွားမယ့် အကြောင်းနဲ့ ၊ နိုင်ငံတကာက တသံထဲထွက် လာတဲ့ အခါမျိုးမှာ ပိုမိုပြီး သြဇာ သက်ရောက် လာနိုင်မှာ ဖြစ်သလို ထိရောက်မှုလည်း ရှိမှာ ဖြစ်တယ်လို့ သူယုံကြည်ထားကြောင်း နဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကြောင့် တိုးတက်မှုတွေ ရလာနိုင်မှာ ဖြစ်ကြောင်း တွေကို ပြောကြား သွားခဲ့ ပါတယ်။

အဲဒီလို ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်တွေကတော့ ဒီလို ဖွဲ့စည်းကြတဲ့ အခါမှာ အဲဒီ အစိုးရထဲ သမ္မတ အာဆတ်ဒ် မပါဖို့ ရည်ရွယ်ထား တယ်လို့ ပြောပေမယ့် ရုရှားကတော့ အဲဒီ အဆိုကို ပယ်ချလိုက်ပြီး လောလောဆယ် မှာတော့ ကြားဖြတ်အစိုးရထဲ ဘယ်သူတွေသာ ပါဝင် ခွင့်ရမယ်လို့ ကန့်သတ်ထား တာမျိုးတွေ မရှိသေးကြောင်း ပြောပါတယ်။

အဲဒီ ကိစ္စတွေကို ဆွေးနွေးနေကြတဲ့ ဂျနီဗာ မြို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ကလည်း အခုထက်ထိ ဆီးရီးယား ရဲ့ ရှေ့ရေး နဲ့ ပတ်သက်လို့ သဘောကွဲလွဲ မှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေဟာလည်း အရင်အတိုင်း ကွဲလွဲ နေကြဆဲ ဖြစ်ပြီး ဆီးရီးယားက အကြမ်းဖက် တိုက်ခိုက် နေကြတာတွေ ကို အဆုံးသတ်ပေးနိုင်မယ့် နိုင်ငံရေး သဘောတူညီမှု တခု ရဖို့ အတွက် ဘာမှ မမြင်ရသေးကြောင်း သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ