အာဆတ်နဲ့ ဆွေးနွေးပွဲ ပွင့်လင်းမှုရှိ

Syrian Soldiers ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားက စစ်သားတွေ

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ဆီးရီးယားအရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာ ကိုဖီ အာနန် ပြောတာကတော့ သမ္မတ အာဆတ်နဲ့ ဆွေးနွေးပွဲဟာ ပွင့်လင်းမှု ရှိသလို အပြုသဘောလည်း ဆောင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် ချဉ်းကပ်မှုနည်းလမ်းတစ်ခုအပေါ်မှာလည်း သဘောတူခဲ့တယ်လို့ မစ္စတာ အာနန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီချဉ်းကပ်မှုနည်းလမ်းကို အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေဆီကိုလည်း ပေးပို့မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့က အရေးကြီးတဲ့အကြောင်းကိုလည်း ဆီးရီးယား သမ္မတကို အလေးပေး ပြောကြားခဲ့ပြီး သမ္မတကလည်း လက်ခံတယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။ မစ္စတာ အာနန်ဟာ ဆီးရီးယားက အကြမ်းဖက်မှုတွေ ရပ်တန့်အောင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ မအောင်မြင်သေးဘူးလို့လည်း သူက မကြာခင်ရက်ပိုင်းကပဲ ဝန်ခံ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အနောက်နိုင်ငံတွေကတော့ အလုပ်မဖြစ်တဲ့ အစီအစဉ်အဖြစ် ယူဆထားလိုက်ကြပေမယ့် မစ္စတာ အာနန်ကတော့ ဒါကို ပြန်အသက်သွင်းဖို့ ကြိုးစားချင်ပုံ ရပါတယ်။ သူ့ရဲ့ငြိမ်းချမ်းရေး အစီအစဉ်အရဆိုရင် ဧပြီလကတည်းက အပစ်အခတ်တွေ ရပ်စဲရမှာ ဖြစ်ပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေက မရပ်တန့်ခဲ့ကြပါဘူး။

ဒါပေမယ့် အခုဆွေးနွေးပွဲမှာ သမ္မတ အာဆတ်က ဒီငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကတိထပ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရင်ပုံစံအတိုင်း မဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ သွားသင့်တယ်လို့ မစ္စတာ အာနန်က ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အကောင်အထည်ဖော်ပြမလဲဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တချိန်တည်းမှာပဲ ဒီနေ့ တနင်္လာနေ့မှာတင် ဒမတ်စကတ်နဲ့ ဟုမ်း အပါအဝင်မြို့တချို့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတယ်လို့ အတိုက်အခံတွေဘက်က ပြောပါတယ်။ တနင်္ဂနွေနေ့တုန်းကလည်း လူ ၁၀၀ လောက် သေကြေခဲ့တယ်လို့ ဆိုပါတယ်။