အီဂျစ် သမ္မတ လွှတ်တော် တရားရုံးချုပ်ဖျက်

egypt ဓာတ်ပုံ မူပိုင် AFP
Image caption တရားရုံးချုပ် အမိန့်ထွက်လာပြီးနောက် စစ်တပ်ကို တာဟီယာ ရင်ပြင်မှာ ဆန္ဒပြကြ

အီဂျစ် သမ္မတ မာစီ မနေ့က လွှတ်တော်ကို ပြန်ခေါ်ခဲ့ပေမယ့် နာရီပိုင်း အတွင်းမှာ တရားရုံးချုပ်က လွှတ်တော် ခေါ်ယူမှုဟာ တရားမဝင်ဘူးလို့ အမိန့်ချလိုက်ပါတယ်။

ဒီနှစ်ဆန်းက လွှတ်တော် ရွေးကောက်ပွဲမှာ မွတ်စလင် ညီအကိုတော်များအဖွဲ့နဲ့ မဟာမိတ် ပါတီတွေက မဲအများစုရခဲ့ပြီး သူတို့က လွှတ်တော်ခေါ်ယူရမှာ ဖြစ်ပေမယ့် စစ်တပ်က အချိန်ဆွဲထားပြီး လွှတ်တော်ကိုလည်း ဖျက်သိမ်းထားခဲ့ပါတယ်။

စစ်ကောင်စီက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးနောက် တရားရုံးချုပ်က ပြီးခဲ့တဲ့လက စစ်ကောင်စီရဲ့ အမိန့်ကို တရားဝင် ဖြစ်အောင် လွှတ်တော်ကို ဆက်လက် ဖျက်သိမ်းထားဖို့ အမိန့်ချခဲ့ပါတယ်။

မနေ့ကတော့ တရားရုံးချုပ် အမိန့်ကို သမ္မတက အာခံပြီး တနည်းအားဖြင့် စစ်တပ်ကို အာခံပြီး လွှတ်တော် ခေါ်ခဲ့ပေမယ့် အာဏာဟာ တကယ်တမ်း ဘယ်သူ့လက်ထဲမှာ ရှိနေသလဲဆိုတာ နာရီပိုင်း အတွင်း အထင်အရှား ပေါ်ထွက်လာပါတယ်။

အပေါ်ယံ ကြည့်မယ့်ဆိုရင် အီဂျစ်က အာဏာ လွန်ဆွဲပွဲဟာ စစ်တပ်နဲ့ သမ္မတတို့ရဲ့ အာဏာ လွန်ဆွဲပွဲလို့ မြင်စရာ ရှိပေမယ့် တကယ်တမ်းမှာ စစ်တပ်နဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့ ပြောရမှာပါ။

တရားရုံးချုပ်ရဲ့ လွှတ်တော်ကို ဖျက်သိမ်းမိန့် ထွက်လာ ပြီးပြီးချင်းမှာ ကိုင်ရိုက တာဟီယာ ရင်ပြင်မှာ လူပေါင်း သိန်းချီ စုဝေးခဲ့ကြပြီး တရားရုံးချုပ် အမိန့်ကို တရားမဝင်ဘူးလို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီကိုလည်း ပြစ်တင် ရှုံ့ချတဲ့ ကြွေးကြော်သံတွေ အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။

သိပ်မကြာခင်မှာ စစ်သားတွေလည်း ရင်ပြင်မှာ ပြန်ရောက်လာခဲ့ပါတယ်။

ညီလာခံ စပြီး ငါးမိနစ်အတွင်းမှာ လွှတ်တော် ခေါ်ယူမှုကို ရပ်ဆိုင်းလိုက်ရပေမယ့် သက်ဆိုင်ရာ အမတ်တွေက ဥပဒေကြောင်းအရ ဘာတွေ လုပ်နိုင်သလဲဆိုတာ လေ့လာပြီး စိန်ခေါ်မယ်လို့ ပြောကြောင်း ဘီဘီစီ သတင်းထောက်က အစောပိုင်းက သတင်းပို့ပါတယ်။

ဒါပေမယ့်လည်း အီဂျစ်မှာ ဥပဒေအရ အမြင့်ဆုံး တရားရုံးချုပ် ကိုယ်တိုင်က လွှတ်တော်ကို ဖျက်ခိုင်းတာမို့ ဥပဒေကြောင်းအရ ဘယ်လို စိန်ခေါ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒီတော့ လက်ရှိ အီဂျစ် နိုင်ငံရေး ဇာတ်ခုံမှာ လွှတ်တော်ရဲ့ ထောက်ခံမှု ရထားတဲ့ သမ္မတက တဘက်က စစ်ကောင်စီက တဘက် ရင်ဆိုင်တွေ့နေပါတယ်။

နေ့စဉ် အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဘယ်သူက လုပ်နေလဲ။ ဘယ်ဥပဒေတွေကို ကိုးကားပြီး လုပ်ဆောင်နေသလဲ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။

တကယ်က ဒီနှစ်ဆန်းက ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ မွတ်စလင် ညီအကိုတော်များ အဖွဲ့နဲ့ တခြား အစ္စလာမ် ဝါဒီ ပါတီတွေက မဲအများစု ရခဲ့ပေမယ့် စစ်ကောင်စီက လွှတ်တော် ခေါ်ခွင့် ပိတ်ထားပါတယ်။

ဒါပေမယ့် စစ်တပ်က ဖွဲ့စည်းပုံကို ကိုယ်တိုင် ရေးဆွဲထားပြီး နေ့တဓူဝ အုပ်ချုပ်မှုတွေကိုလည်း စစ်တပ်က လုပ်ဆောင်နေတာလို့ အီဂျစ် ပြည်သူတွေက မြင်ကြပါတယ်။

အထူးသဖြင့် စစ်တပ်က ဥပဒေမှန်သမျှကို ဗီတို သုံးနိုင်အောင် သေချာ အကွက်ချထားသလို ဥပဒေ ပြုနိုင်တဲ့ အာဏာ အရပ်ရပ်ကို သူတို့ လက်ထဲ ထည့်ထားတာမို့ စစ်တပ်ဆီမှာ တကယ့် အာဏာ ရှိတယ်လို့ လူတွေက မြင်ကြပါတယ်။

အီဂျစ် ပြည်သူတွေဟာ သူတို့ ရွေးကောက် တင်မြှောက်လိုက်သူတွေ အုပ်ချုပ်မယ့် ရက်ကို စောင့်မျှော်နေတာ ဆယ်စုနှစ်ပေါင်း မျာစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ