ဒက်မစကက် မြို့ထဲ တိုက်ပွဲ ဆက်ပြင်းထန်

Damascus soldiers ဓာတ်ပုံ မူပိုင် AFP
Image caption ဒမတ်စကပ်မြို့ထဲက အစိုးရတပ်တွေ

ဆီးရီးယားမြို့တော် ဒမတ်စကပ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေပါတယ်၊ အစိုးရတပ်တွေက မီဒန်ရပ်ကွက်ကို ပြန်သိမ်းလိုက်နိုင်ပြီဆိုတဲ့ သတင်းတွေရပြီး မြို့တော် အရှေ့ပိုင်းက ဂျူဘာ ရပ်ကွက်ကိုလဲ မော်တာတွေနဲ့ အပြင်းအထန် တိုက်နေပါတယ်။

ကြာသပတေးနေ့ ညတုန်းကတော့ အတိုက်အခံတပ်တွေက ဆီးရီးယားရဲ့ အီရတ်နဲ့ နယ်စပ် ဖြတ်ကျော်ရေး လမ်းကြောင်းတွေ အားလုံးကို သိမ်းထားလိုက်ပြီး တူရကီဖက်ကို ဖြတ်တဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတခုကိုလဲ သိမ်းထားလိုက်တယ်လို့ သိရပါတယ်။

အစိုးရဟာ နယ်စပ်တွေမှာ ချထားတဲ့ သူ့တပ်တွေကို ပြန်ခေါ်ပြီး မြို့တော်ကို ကာကွယ်ဖို့ လုပ်နေရတာနဲ့ နယ်ဖက်တွေမှာ သူ့ထိမ်းချုပ်နိုင်မှုတွေ လက်လွတ်ကုန်တော့မဲ့ အနေအထား တွေ့နေရတယ်လို့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်၊

ကြာသပတေးနေ့ တနေ့ထဲမှာ ဆီးရီးယားနိုင်ငံအနှံ့ တိုက်ပွဲတွေ အတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်၊ သမ္မတ အာဆတ်ကို ဆန့်ကျင်မှုတွေ စခဲ့ချိန်က စလို့ အသေအပျောက် အများဆုံး နေ့တနေ့ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နေရပ်က ထွက်ပြေးနေကြရပြီ

တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မြို့ခံလူတွေလဲ မြို့တော် ဒမတ်စကပ်က ထွက်ပြေးနေကြပါတယ်။ လူ သုံးသောင်းလောက် အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတယ်လို့ တချို့ သတင်းတွေက ဆိုပါတယ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး တာဝန်ခံကတော့ လူ ရှစ်ထောင်ကျော် ထွက်ပြေး လာကြတယ်လို့ ဆိုပါတယ်။ တခြား အီရတ်၊ ဂျော်ဒန်နဲ့ တူရကီ နိုင်ငံတွေကို ထွက်ပြေးကြသူတွေလဲ ရှိတယ်လို့ သိရပါတယ်။

တခါ ဗုဒ္ဓဟူးနေ့က အမျိုးသားလုံခြုံရေးဗျူရို ဗုံးခွဲတိုက်ခိုက်ခံရတုန်းက ဒဏ်ရာရသွားတဲ့ ထောက်လှမ်းရေးမှူးချုပ် ဟီရှမ် အိခ်တရာ သေဆုံးသွားပြီလို့ ဆီးရီးယား အစိုးရ ရုပ်သံက ကြေငြာခဲ့ပါတယ်။

အဲဒီ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးဝန်ကြီး၊ သမ္မတ အာဆတ်ရဲ့ ယောက်ဖတော်သူ ဒုတိယကာကွယ်ရေးဝန်ကြီး နဲ့ နောက် ကာကွယ်ရေး ဝန်ကြီးဟောင်း၊ အခု နောက်ဆုံး ထောက်လှမ်းရေးမှူးချုပ် စုစုပေါင်း သမ္မတအာဆတ်ရဲ့ အနီးကပ် ထိပ်တန်း လုံခြုံရေး အရာရှိကြီး လေးဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။