ဆီးရီးယား အရေး ပူးပေါင်း ဖြေရှင်းဖို့ မစ္စတာဘန်ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ဆီးရီးယား နိုင်ငံက သတ်ဖြတ်မှုတွေ ရပ်သွားအောင် ကမ္ဘာတဝှမ်း အားလုံး အတူတကွ ပူးပေါင်း လုပ်ဆောင်ရင် ရနိုင်ပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban-Ki Moon ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ဘော့စနီးယား နိုင်ငံကို ရောက်နေခိုက် မစ္စတာ ဘန်က ပြောကြားရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်တဲ့ စကားလုံးတွေသုံး ၊ ထိရောက်မှု မရှိတဲ့ အရေးယူမှုတွေနဲ့ ဒီအရေးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး ၊ လစ်ဗျားနဲ့ အိုင်ဗရီကိုးစ်မှာ လုပ်ခဲ့သလို ဆီးရီးယားက နိုင်ငံတကာ လူသားချင်း စာနာတဲ့ ဥပဒေတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်နေမှုကို တကမ္ဘာလုံးက မဖြစ်မနေ တုန့်ပြန် ဆောင်ရွက်ရမယ်လို့ သူက ဆိုပါတယ်။

မနှစ်တုန်းက လစ်ဗျားနဲ့ အိုဗရီကိုးစ်မှာ အရပ်သားတွေကို ကာကွယ်ဖို့ စစ်ရေး အရ အရေးယူ ဆောင်ရွက်မှုတွေကို ကုလသမဂ္ဂက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ခိုက်မှုတွေ ဖြစ်ပွားရာ Aleppo

တချိန်တည်းမှာ ဆီးရီးယား နိုင်ငံက ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo မြို့သွားရာလမ်းမှာ အစိုးရ တပ်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ မနေ့က တနေကုန် ဆက်လက် ဖြစ်ပွားနေပါတယ်။

ထောင်သောင်းချီတဲ့ အစိုးရ တပ်ဖွဲ့တွေ တင့်ကားတွေနဲ့ Idlib မြို့ကနေ Aleppo မြို့ကို ချီတက် သွားနေတာ တွေ့ရတယ်လို့ သူပုန် တွေက ပြောပါတယ်။

သူပုန်တွေဖက် ကလည်း အဲဒီမြို့မှာ တပ်အင်အားဖြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆီးရီးယား စောင့်ကြည့်လေ့လာမှု အဖွဲ့က ဆိုပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့ အတွက် တူရကီက ဆီးရီးယား နယ်စပ်ကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

ဒါပေမယ့် တိုက်ပွဲ ဖြစ်ရာ နေရာက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုတော့ နယ်စပ် ဖြတ်သန်းခွင့် ပေးထားပြီး အဲဒီ နယ်စပ်မှာ အရင်က ဆီးရီးယား နိုင်ငံထဲကနေ ထွက်ပြေးလာတဲ့သူ လေးသောင်းလောက် ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ